ဖမ်းဆီးရမိ

September 30, 2017

သံလွင်​မြစ်​အတွင်း တရားမဝင်​ သဲ​ကျောက်​စက်​​လှေ ၁၀ စီး ဖမ်းဆီးရမိ

သံလွင်မြစ်အတွင်း တရားမ၀င် သဲကျောက် ထုတ်ယူနေမှုကို ရဲတပ်ဖွဲ့ဝင်တွေက နှစ်ခြားကျေးရွာနဲ့ တရှပ်လှကျွန်းအကြားမှာ စက်တင်ဘာ ၂၉ ရက်နေ့ မနက် ၇ နာရီလောက်က လိုက်လံဖမ်းဆီးရာမှာ စက်လှေ ၁၀ စီး ဖမ်းဆီးရမိတယ်လို့ ထုံးအိုင်နယ်မြေရဲစခန်းမှူး ရဲအုပ် ညီညီမိုးက ပြောပါတယ်။ သံလွင်မြစ်အတွင်း လက်နက်ကိုင်အဖွဲ့အစည်းအမည်တခုနဲ့ တရားမ၀င် မြစ်သဲကျောက်ထုတ်ယူနေမှုကြောင့် မြစ်ကမ်းပါးပြိုကျနေမှုကို တားမြစ်ပေးဖို့ ပြည်နယ်ဝန်ကြီးချုပ်ထံ ကိုင်းစိုက်တောင်သူ ၄၀ ဦးလောက်က ပြည်နယ်အစိုးရရုံးမှာ စက်တင်ဘာ ၂၆ ရက် မနက် ၁၀ နာရီက သွားရောက် တောင်းဆိုမှုတွေ ရှိခဲ့တဲ့အတွက် အခုလို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ ဘားအံမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးပြီး ထုံးအိုင်နယ်မြေရဲစခန်းနဲ့ ဘားကပ်ကျေးရွာ ရဲကင်းစခန်းတွေက ရဲတပ်ဖွဲ့ဝင် အင်အား ၂၀ ကျော် နဲ့ ကျေးရွာ တာဝန်ရှိသူတွေက သွားရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ကော့ဂွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိုက်ကြည်က “ကျနော်တို့ ကမ်းနားဆင်းလာတော့ ဒီကလှေသမားတွေက ကြောက်ရွံ့ပြီးတော့ ပြေးတယ်။ မပြေးတဲ့ ၂ စီးပဲ ဖမ်းမိထားပါတယ်။ ၁၂ စီးလောက်ရှိပါတယ်” လို့ ပြောပါတယ်။ ကျောက်ကြိုးဖြတ် ထွက်ပြေးသွားခဲ့တဲ့လှေတွေကို  တရှပ်လှ မြေကျွန်းအနီးမှာ လိုက်လံဖမ်းဆီးရာ လှေ ၈ စီးကို ဖမ်းမိခဲ့လို့ စုစုပေါင်း လှေ ၁၀ စီး ဖမ်းဆီးမိခဲ့ပါတယ်။ ဖမ်းဆီးမှုကို မျက်မြင်တွေရှိသူ တရှပ်လှကျေးရွာ ကိုင်းစိုက်တောင်သူ၊ ဒေါ်မချိုက “ကိုင်းလာလုပ်တော့ ဒီမနက် ၇ နာရီခွဲလောက်ရှိမယ် ရောက်လာတော့ ကျောက်လှေတွေတော့ ရှိတာပေါ့နော်။ ၁၂ စီးလောက်ရှိတယ်။ လာတဲ့အချိန်မှာ ကျောက်ကြိုးတွေ ဖျက်ပြီးတော့ ထွက်ပြေးကြတာကို တွေ့တယ်၊ ရဲတွေလာလို့။ သူတို့က လှေနဲ့တော့ လိုက်တာပေါ့၊ မိတဲ့လှေလည်းမိမှာပေါ့၊ မမိတဲ့လှေလည်း မမိဘူးပေါ့” လို့ ပြောပါတယ်။ အဆိုပါ ဖမ်းဆီးရမိခဲ့တဲ့ သဲကျောက်ထုတ် စက်လှေ ၁၀ စီးကို သက်ဆိုင်ရာ ထုံးအိုင်နယ်မြေရဲစခန်းမှာ ထိန်းသိမ်းထားပြီး လက်ရှိမှာ အရေးယူ အမှုဖွင့်လှစ်ထားတာမရှိသေးဘဲ ပြည်နယ်ဝန်ကြီးချုပ်ထံတင်ပြပြီး ဆက်လက် ဆောင်ရွက်သွားမယ်လို့  ဘားအံမြို့နယ် ထုံးအိုင်နယ်မြေ ရဲစခန်းမှူး ရဲအုပ် ညီညီမိုးက ပြောပါတယ်။ “အမှုဖွင့်တာကတော့ ဘားအံမှာဖွင့်မှာ၊ ကျနော်တို့က ထိန်းပေးထားတာပဲရှိတယ်။ လူက ၁ စီးကို ၅ ယောက်နှုန်းနဲ့ ၄၅ ယောက်လောက်တော့ရှိမယ်။ ဒါပေမယ့် လောလောဆယ်မှာ ညွှန့်ကြားမှု မပေးသေးတဲ့အတွက်ကြောင့် ခေါ်ယူစစ်ဆေးနေတုန်းရှိတယ်။ အဲလှေတွေက လိုင်စင်ရှိသလား၊ ကောက်ကွက်ရှိလား၊ လုပ်ပိုင်ခွင့်ရှိသလား၊ အဲဒါလေးတွေကို ခေါ်ယူစစ်ဆေးပြီးမှ ဝန်ကြီးချုပ် ဆီတင်ပြ ဆောင်ရွက်ထားတုန်းပဲ ရှိတယ်။” ရဲမင်းခေါင်
4 years Ago

April 28, 2017

ရေပူဂိတ်​တွင်​ ပိ​တောက်​သစ်​အပြည့် ၁၂ ဘီးကား ၂ စီး ဖမ်းဆီးရမိ

ရှမ်းပြည်မြောက်ပိုင်း၊ ပြည်ထောင်စုလမ်းမကြီး၊ လားရှိုး-သိန္နီကြား ရေပူဂိတ်မှာ ပိတောက်သစ်အပြည့်နဲ့ ၁၂ ဘီးကား ၂ စီးကို ဧပြီ ၂၇ ရက် ည ၈ နာရီက ဖမ်းဆီးရမိခဲ့ပါတယ်။ အကောက်ခွန်ဦးစီးဌာန ဒုညွန်ကြားရေးမှူး ဦးတက်ထွန်းအောင်က “ဖမ်းမိတာက မနေ့ညက ၈ နာရီလောက်မှာ ဖမ်းမိတာ။ မနေ့ညက ဦးလေးတို့ ကားတွေ အားလုံးကို တားတယ်။ ပြီးတော့ တစီးပြီးတစီး လိုင်စင်တွေရော၊ ပစ္စည်းတွေရော စစ်တယ်။ အဲဒီလို ကားတားလိုက်တော့ အဲဒီသစ်တင်ကားတွေကလည်း သိနေပြီလေ။ အဲဒီသစ်ကားနားရောက်တော့ ကားကို စစ်တဲ့အချိန် မိတာပဲ။ အဲဒီအချိန် လူမရှိတော့ဘူး။ ကားတားပြီဆိုကတည်းက သူတို့ပြေးနေပြီ။ ၂ စီးလုံး လူက လွတ်သွားတယ်။ မိတာက ၂ စီးလုံး အပြည့်ပဲ။ ဘယ်လောက်လဲတော့ အတိအကျ မပြောနိုင်သေးဘူး။ သစ်တောရောက်မှပဲ စစ်ဆေးမှာကိုး” လို့ ပြောပါတယ်။ လက်ရှိမှာ ပိတောက်သစ်နဲ့ ကျောက်တွေကို အများအပြား ဖမ်းဆီးရမိနေတယ်လို့ သူက ပြောပါတယ်။ “ဒီမှာ အခက်အခဲက သူတို့အချင်းချင်း သတင်းပေးနေတာပဲ။ ဒီမှာလည်း တစ်နေ့ ကားအစီးရေ ၅ ထောင်နဲ့ ၆ ထောင်ကြားဆိုတော့ အကုန်မစစ်နိုင်ဘူးလေ။ ပြီးတော့ သူတို့ကားပေါ် ပါလာတဲ့ ပစ္စည်းတွေကလည်း မနည်းဘူးလေ။ ဒီမှာတော့ သိပ်တန်ဖိုးမရှိလည်း တရုတ်ပြည်ရောက်ရင် သိန်းထောင်ချီ ရှိနေတယ်။ အဲခါကျတော့ သူတို့ ဒီဂိတ်ကို ဖြတ်ဖို့ အမျိုးမျိုး ကြိုးစားနေကြတယ်။ ဆိုင်ကယ်နဲ့ အရင်ဖြတ်သွားပြီး သတင်းပေးတာလည်း ဖြစ်နိုင်တယ်။ အမျိုးမျိုးပေါ့။ ဦးလေးတို့လည်း လူအင်အား ထပ်ရဖို့ တောင်းထားတယ်။ ပြီးတော့ ဒီလျှပ်စစ်မီး ရဖို့ရော။ အဲဒါတွေ အားလုံးရရင် တော်တော်များများကို ဖမ်းမိမယ်။ တရုတ်ပြည်တက်ရင် ကားသွားဖို့ ဒီလမ်းပဲရှိတယ်။ မလွတ်နိုင်ဘူး” လို့ ပြောပါတယ်။ လက်ရှိဖမ်းဆီးရမိတဲ့ သစ်ကား ၂ စီးကို သစ်တောဦးစီးဌာနကို ပို့ဆောင်ပြီး အရေးယူ ဆောင်ရွက်မှုတွေ ဆက်လက်ပြုလုပ်မယ်လို့ ဆိုပါတယ်။ ရေပူဂိတ်ဖွင့်လှစ်ပြီး ၃ လကျော်အတွင်း တရားမဝင်ပစ္စည်းတွေ ဖမ်းဆီးရမိတဲ့ စုစုပေါင်းတန်ဖိုးမှာ ကျပ်သိန်းပေါင်း ၃ သောင်းနီးပါးရှိပြီလို့ သိရပါတယ်။ သတင်း - နိုင်နိုင်
4 years Ago
Up