ဖမ်းဝရမ်းထုတ်

February 11, 2017

ပီရူးသမ္မတဟောင်း အလေဂျန်ဒရိုတိုလေဒိုအား ဖမ်းဝရမ်းထုတ်

ပီရူးတရားသူကြီးက သမ္မတဟောင်း အလေဂျန်ဒရို တိုလေဒိုကို ဖမ်းဖို့ နိုင်ငံတကာ ဖမ်းဝရမ်းကို ကြာသပတေးနေ့က ထုတ်ပြန်လိုက်ပါတယ်။ ကျော်မကောင်း ကြားမကောင်းမှုတွေ ထူပြောနေတဲ့ ဘရာဇီး ဆောက်လုပ်ရေး လုပ်ငန်းစုကြီး အိုဒေဘရတ်ခ်ျနဲ့ ပတ်သက်ပြီး လာဘ်စားမှုမှာ ပါတယ်ဆိုတဲ့ သံသယအတွက် ခုလို ထုတ်ပြန် တာပါ။ အိုဒေဘရက်ခ်ျ လုပ်ငန်းစုရဲ့ အမှုဆောင် အရာရှိနဲ့ ဘဏ်စာရင်းတွေကို စစ်ဆေးမှု အပါအဝင် လာဘ်စားမှုအတွက် သက်သေတွေကို ဖော်ထုတ် ပြီးပြီလို့ တရားသူကြီး ရစ်ချတ်ကွန်ဆပ်ရှင်းက ပြောပါတယ်။ သြဇာသုံးမှုနဲ့ ငွေမည်းခဝါချမှုအတွက် စွဲချက်တွေကို ပြင်ဆင်ခဲ့ပြီး သူ့ကို တရားစွဲချိန်အတွင်း ထောင်ချထားဖို့ ဝရမ်း ထုတ်ပြန်ခဲ့တာပါ။ သမ္မတဟောင်း တိုလေဒိုဟာ အိုဒေဘရတ်ခ်ျရဲ့ ပီရူး အကြီးအကဲ ဂျော့ခ်ျဘာရာတာနဲ့ ရီယိုဒီ ဂျနေရိုမြို့က ဇိမ်ခံဟိုတယ်မှာ ၂၀၀၄ ခုနှစ်က တွေ့ခဲ့ပြီး အဝေးပြေးလမ်း ကန်ထရိုက် ၃ ခု ရဖို့ ကူညီရေး ကတိပေးခဲ့ပါတယ်။ အပြန်အလှန် အနေနဲ့ အမေရိကန်ဒေါ်လာ ၃၅ သန်း အပေးအယူ လုပ်ခဲ့တယ်လို့ ဦးဆောင် အစိုးရရှေ့နေ ဟာမင်တန် ကတ်စ်ထရိုက ပြောပါတယ်။ ဒါပေမယ့် ပြိုင်ဘက်တွေကို ဖယ်ထုတ်ရေး တင်ဒါ သတ်မှတ်ချက်တွေကို တိုလေဒိုက ပြောင်းမပေးခဲ့လို့ အိုဒေဘရတ်ခ်ျက ဒေါ်လာ သန်း ၂၀ သာ ပေးခဲ့တယ်လို့ ဘာရာတာရဲ့ စစ်ချက်ကို ကိုးကားပြီး သူက ဆက်ပြောပါတယ်။ တိုလေဒိုဟာ အိုဒေဘရက်ခ်ျ တင်ဒါအောင်ရေး ဥပဒေကို ပြင်ပေးခဲ့ပြီး တင်ဒါကို ရွေးချယ်ရေး ကော်မတီက အအောင်ပေးဖို့လည်း ဖိအားပေးခဲ့တယ်လို့ ကက်စ်ထရိုက ပြောပါတယ်။ အိုဒေဘရဒ်ခ်ျဆီက ငွေဒေါ်လာ ဆယ်သန်းကို တိုလေဒိုရဲ့ သူငယ်ချင်းဟောင်း အစ္စရေး စီးပွားရေးသမား ယူဆွဖ် မိုင်မန်းနဲ့ ပတ်သက်တဲ့ နိုင်ငံခြား ကုမ္ပဏီတွေက လက်ခံထားတာ ခြေရာခံ လိုက်နိုင်ခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။ မှတ်ချက်အတွက် ယူဆွဖ်ကို တောင်းဆိုထားပေမယ့် သူကတော့ မတုံ့ပြန်ခဲ့ပါဘူး။ ဒိုဒေဘရတ်ခ်ျနဲ့ ပီရူးရဲ့ အကြီးဆုံး ဆောက်လုပ်ရေး လုပ်ငန်းစုကြီး ဂရန်နာ မွန်တေရိုတို့ဟာ မိုင်လေးရာရှည်တဲ့ အဝေးပြေးလမ်းကို ပြုပြင် ထိန်းသိမ်းနေဆဲပါ။
4 years Ago
Up