ဖမ်းမိသည့်သူခိုးကို လူအုပ်စုကြီးက ရိုက်နှက်ကာ မြေကျင်းတူး မြှုပ်နှံ ဒဏ်ပေး

April 4, 2017

ဖမ်းမိသည့်သူခိုးကို လူအုပ်စုကြီးက ရိုက်နှက်ကာ မြေကျင်းတူး မြှုပ်နှံ ဒဏ်ပေး (ရုပ်သံ)

တောင်အာဖရိကနိုင်ငံမှာ အိမ်ဖောက်ထွင်းသူလို့ သံသယရှိတဲ့ လူငယ်အမျိုးသားတဦးကို ဖမ်းမိခဲ့ပြီးနောက်မှာ စိတ်ဆိုးဒေါသထွက်နေကြတဲ့ လူအုပ်စုကြီးက ရိုက်နှက်ကာ မြေကျင်းတူး အရှင်လတ်လတ် မြှုပ်နှံဒဏ်ပေးခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ တောင်အာဖရိကနိုင်ငံအရှေ့ပိုင်း၊ အမ်ပလာလန်ဂါခရိုင်၊ ဒွါဆလု(ပ်)မြို့မှာ ဖြစ်ခဲ့တာလို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဖမ်းမိခဲ့တဲ့ လူငယ်အမျိုးသားကို စိတ်ဆိုးဒေါသထွက်နေကြတဲ့ လူအုပ်စုကြီးက ထိုးနှက်ကန်ကျောက် ရိုက်နှက်ခဲ့ကြပြီးနောက်မှာ ကိုယ်တိုင်တွင်းတူးခိုင်းခဲ့တယ်လို့ ဒေသတွင်း သတင်းထုတ်ပြန်ချက်တွေမှာ ဖော်ပြပါတယ်။ အဲဒီနောက် သူ့ကို တွင်းထဲဆင်းခိုင်းကာ ခါးတဝက်လောက်အထိ မြှုပ်နှံခဲ့ပြီး ဆက်လက်ရိုက်နှက်ခဲ့ကြတာကို တွေ့ရပါတယ်။ တရားခံအမျိုးသားဟာ ထိတ်လန့်တကြားနဲ့ တောင်းပန်နေခဲ့ပေမယ့် သူတို့ဟာ ဆက်လက်ရိုက်နှက်နေခဲ့ကြတာပါ။ သူဟာ အချိန် ၁ နာရီလောက်ကြာအောင် မြေကျင်းထဲမှာ မြှုပ်နှံခံခဲ့ရပြီးမှ ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပြီး တကယ်တမ်းတော့ အဲဒီလူအုပ်စုကြီးထဲက အများစုဟာ သူ့ကို မီးရှို့သတ်စေချင်ခဲ့ကြတာလို့ ဒေသတွင်း သတင်းမီဒီယာတွေက ပြောပါတယ်။ လက်ရှိမှာတော့ အဲဒီအမျိုးသားဟာ ဆေးရုံမှာ ထိခိုက်ဒဏ်ရာပေါင်းများစွာနဲ့ တက်ရောက်ဆေးကုသမှု ခံယူနေရတယ်လို့ ရဲတွေက ပြောပါတယ်။ အမ်ပလာလန်ဂါခရိုင်ရဲဌာန ပြောရေးဆိုခွင့်ရသူ ဂျရေးလ်ဒ် ဆီဒိုက်ဗ်က တရားခံအမျိုးသားဟာ ခုလိုကျူးလွန်ခဲ့မှုနဲ့ ပတ်သက်ပြီး တုံ့ပြန်ဖြေရှင်းတာမျိုး မလုပ်ခဲ့ဘူးလို့ ပြောပါတယ်။
4 years Ago
Up