ဖမ်းမိ

April 26, 2019

ကားတစီးပေါ်တွင် ရေခဲတုံးများနှင့်အတူ တရားမ၀င်မြန်မာ ၃၂ ဦးကို ဖမ်းမိ

ထိုင်းနိုင်ငံအနောက်ပိုင်း ပရကျူတ်ခီရီခန်ခရိုင်ထဲမှာ ရေခဲတုံးတွေနဲ့အတူ တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာအလုပ်သမား ၃၂ ဦးကို ဖမ်းဆီးရမိတယ်လို့ sanook ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ ဧပြီ ၂၅ ရက်က ပရကျူတ်ခီရီခန်ခရိုင် ခလောင်းဝမ်းမြို့နယ်ထဲမှာ တာဝန်ရှိသူတွေ စောင့်ကြပ်စစ်ဆေးစဉ် မသင်္ကာဘွယ် အီဇူစူးဟိုင်းလပ်ကား အဖြူရောင်တစီး ဆင်းခွန်ဂိတ်ဘက်ကနေ မောင်းနှင်လာကြောင်း၊ အဆိုပါကားဟာ ရဲတပ်ဖွဲ့ဝင်တွေ စောင့်ကြပ်နေ တာတွေ့တော့ ချက်ချင်းအရှိန်မြှင့်ပြီး ဖစ်ကဆဲမ် လမ်းဘက်မောင်းနှင်သွားတာကြောင့် စောင့်ကြပ်စစ်ဆေးပေးဖို့ ရှေ့ကရဲတပ်ဖွဲ့ဝင်တွေကို စကားပြောစက်နဲ့ အကြောင်းကြားခဲ့တယ်လို့ ခလောင်းဝမ်းရဲတပ်ဖွဲ့က သတင်းထောက်ကို ပြောပါတယ်။ အဆိုပါကားဟာ ၁ နာရီကို ကီလိုမီတာ ၁၃၀ နှုန်းလောက် အမြန်မောင်းနှင်သွားပြီး ကွီပူရီမြို့နယ်ထဲ ပင်လယ်ကမ်းစပ်ပတ်လမ်းတလျှောက်မှာ တာဝန်ရှိရဲတပ်ဖွဲ့ဝင်တွေ လိုက်မီခဲ့ပြီး ရပ်တံ့စစ်ဆေးရာမှာ ကားမောင်းသူမှာ အသက် ၃၁ နှစ်ရွယ်ရှိ နိုင်းခုံးရစ်ထိ ဆိန်ဖော့ဆိုသူ ထိုင်းလူမျိုးဖြစ်တယ်လို့ ဆိုပါတယ်။ ကားနောက်ခန်းကို အမြင့် ၂ မီတာခန့် သံကိုယ်ထည်ပြုလုပ်ပြီး မိုးကာတွေနဲ့ ဖုံးအုပ်ထားကြောင်း၊ မိုးကာကိုဖွင့်ကြည့်လိုက်ရာမှာတော့  ညှပ်ပိတ်ပြီးလိုက်ပါလာကြတဲ့ မြန်မာ အမျိုးသား ၂၀ ဦး၊ အမျိုးသမီး ၁၂ ဦး တို့ကို အ၀တ်အစားအိတ်တွေနဲ့အတူ တွေ့ ရှိရတယ်လို့ ဆိုပါတယ်။ ကားပေါ်က ကြမ်းခင်းလုပ်ထားတဲ့ မိုးကာကိုလှပ်ကြည့်ရာမှာတော့ ရေခဲတုံးတွေ စီထည့် ထားပြီး စစ်ဆေးမေးမြန်းရာမှာ ကားသမားက ရာသီဥတုပူတာကြောင့် ကားထဲလိုက်ပါလာတဲ့ သူတွေ အအေးဓာတ်ရအောင်ထည့်လာတာလို့ ဆိုပါတယ်။ သူတို့ဟာ မော်လမြိုင်ဘက်ကလာတာဖြစ်ပြီး ထိုင်းနိုင်ငံကတဆင့် မလေးရှားနိုင်ငံကို အလုပ်သွားလုပ်မယ့်သူတွေဖြစ်ကြောင်း၊ မလေးရှားထိအရောက်သွားဖို့ ပွဲစားကို တဦးလျှင် ကျပ် ၇ သိန်းခွဲ (ဘတ် ၁၆၅၀၀ ခန့်) ပေးရကြောင်း၊ မော်လမြိုင်ကနေ တနသာင်္ရီတိုင်း၊ အဲဒီကနေ ပရကျုတ်ခီရီခန်ခရိုင် ဆင်းခွန်ဂိတ်ဘက်ကို တောလမ်းကနေ ၂ ရက်ကြာ လမ်းလျှောက်ခဲ့ရတယ်လို့ ဆိုပါတယ်။ ကားမောင်းသမားဟာ အဖမ်းခံရမှာစိုးလို့ အရှိန်မြင့်စွာမောင်းနှင်ခဲ့ပေမယ့် ကံကောင်းလို့  ယာဉ်မတော်တဆထိခိုက်မှု မဖြစ်ခဲ့တာလို့ တာဝန်ကျရဲတပ်ဖွဲ့ဝင်က ပြောပါတယ်။
2 years Ago

အမျိုးသမီးတဦးကိုသတ်ပြီး ပီနံအိတ်ထဲထည့်အမှိုက်ပုံတွင် စွန့်ပစ်ခဲ့သူ ၂ ဦး ဖမ်းမိ

ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်အနီးမှာ အမျိုးသမီးတဦးကို သတ်ဖြတ်ကာ ပီနံအိတ်ထဲ ထည့်ပြီး လမ်းဘေးအမှိုက်ပုံမှာ စွန့်ပစ်ခဲ့တဲ့ လူသတ်မှု ကျူးလွန်သူ ၂ ဦးကို ဖမ်းဆီးမိပြီလို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၆  ရက်မနက် ၇ နာရီခွဲလောက်က  အနောက်ပိုင်း တက္ကသိုလ်အနီး လမ်းမဘေးရှိ အမှိုက်ပုံမှာ ပီနံအိတ်နဲ့ထုတ်ထားတဲ့ ခန္ဓာကိုယ်ထိုးသွင်းဒဏ်ရာ ၈ ချက်နဲ့ အမည်မသိ အမျိုးသမီးအလောင်းကို တွေရှိခဲ့လို့ ရဲက အမှုဖွင့် စုံစမ်းနေတာပါ။ ဒီအမှုနှင့်ပတ်သက်ပြီး မြောက်ပိုင်းခရိုင် မှုခင်းနှိမ်နင်းရေးဌာနစုက တပ်ဖွဲ့ဝင်တွေ စုံစမ်းစစ်ဆေးခဲ့ရာမှာ  ကျော်ဇေယျာလင်း(ခ) လင်းလင်းနဲ့ တင်ထွန်းဝင်း(ခ)ဝက်သား(ခ)ဦးတင် တို့ကို ဖမ်းဆီးမိခဲ့ပြီး ပြစ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။ ပြစ်မှုအတူကျူးလွန်သူ တင်ထွန်းဝင်း(ခ)  ဝက်သား(ခ) ဦးတင်ကို သူနေထိုင်ရာ လှိုင်သာယာမြို့နယ်၊ (၁)ရပ်ကွက်၊ ကနောင်လမ်း၊ အမှတ်-၂၅၉ နေအိမ်မှာ ဧပြီ ၂၁ ရက်နေ့က ဖမ်းဆီးရမိခဲ့ပါတယ်။ အခင်းဖြစ်ချိန်မှာ အသုံးပြုတဲ့  သက်သေခံပစ္စည်း၊ ယာဉ်နဲ့ ရွှေထည် ပစ္စည်းတွေ သိမ်းဆည်းရရှိပြီးဖြစ်လို့ ဖမ်းဆီးထားသူ ၂ ဦးကို ဥပဒေနှင့် အညီ တရားစွဲ  တင်ပို့နိုင်ရေး ဆက်လက် ဆောင်ရွက်နေတယ်လို့ ရဲသတင်းမှာ ဖော်ပြပါတယ်။ ဓာတ်ပုံ-YGN Police
2 years Ago

June 1, 2018

စက်လှေခိုးဂိုဏ်းကို စက်လှေ ၃၈ စီးနှင့်အတူ ဖမ်းမိ

ဧရာဝတီတိုင်းအတွင်း ရေလမ်းခရီး အဓိက အသုံးပြုနေရတဲ့ မြို့နယ်တွေမှာ လှည့်လည်ပြီး စက်လှေတွေကို ခိုးယူနေတဲ့ စက်လှေခိုးဂိုဏ်းကို ကျပ်သိန်းပေါင်း ၂၁၇၀ ကျော်တန်ဖိုးရှိ စက်လှေ ၃၈ စီးနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။ မေလ ၁၉ ရက်နေ့က ဖျာပုံမြို့မရဲစခန်းမှာ တရားလိုဖြစ်တဲ့ ဒေသခံ ဦးနိုင်ဝင်းက ကြုံတာမြစ်ဘေးမှာ ရပ်ထားတဲ့ သူရဲ့စပါး ၈၀၀ ဆံ့ စက်လှေပျောက်သွားလို့ အမှုလာဖွင့်တာကနေစပြီး ဖျာပုံ၊ ဘိုကလေး၊ လပွတ္တာ၊ မြောင်းမြ၊ ပန်းတနော်နဲ့ ဒေးဒရဲမြို့နယ်တွေမှာ အစောင့်မရှိဘဲ ရပ်ထားတဲ့ စက်လှေတွေ ခိုးယူခဲ့သူ ၃ ဦးကို ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှူးဦးစီးတဲ့ မှုခင်းနှိမ်နှင်းရေးအဖွဲ့က ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တာလို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ခင်မောင်လတ်က ပြောပါတယ်။ “လောလောဆယ် ဖမ်းမိထားတဲ့ စက်လှေ ၃၈ စီးကို ဖျာပုံမြို့၊ ရွှေရတုရိပ်သာ ဆိပ်ကမ်းမှာထားတယ်။ တရားခံ ၃ ယောက်ကိုတော့ ဖမ်းမိထားတယ်။ ကျန်ရှိသေးတဲ့ စက်လှေတွေနဲ့ ဆက်စပ်တရားခံတွေကို ဆက်လက်စုံစမ်းနေပါတယ်။ အဲ့လောက် အများကြီးခိုးတာ မိတာဧရာဝတီတိုင်းမှာ ပထမဆုံးပါ။” ဖမ်းဆီးရမိတဲ့ စက်လှေတွေကတော့ သစ်သားခွံစက်လှေ ၂၈ စီး၊ သံခွံစက်လှေ ၅ စီးနဲ့ ဖိုက်ဘာစက်လှေ ၅ စီးတို့ဖြစ်ကြပြီး လတ်တလောမှာတော့ စက်လှေ ၁၈ စီးရဲ့ ပိုင်ရှင်တွေကို စုံစမ်းရမိပြီလို့ ဆိုပါတယ်။ စက်လှေပျောက်ဆုံးနေတဲ့ ပိုင်ရှင်တွေအနေနဲ့ ပိုင်ဆိုင်ကြောင်း အထောက်အထား ခိုင်လုံစွာနဲ့ ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှူးရုံးကို ဆက်သွယ် အကြောင်းကြားနိုင်တယ်လို့ ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။ စက်လှေတွေခိုးယူခဲ့သူ ၃ ဦးကိုတော့ ဖျာပုံမြို့မရဲစခန်းက (ပ)၃၁၄/၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၉ နဲ့ ဖမ်းဆီးစစ်ဆေးနေပြီး ကျန်ရှိတရားခံတွေနဲ့ စက်လှေတွေကို ဆက်လက်ဖော်ထုတ်နိုင်အောင် ကြိုးစားနေတယ်လို့ သိရပါတယ်။
3 years Ago
More News
Up