ကာရာအိုကေဆိုင်မှာ သီဆိုစားသောက်ပြီး ငွေစက္ကူအတုနဲ့ ပေးချေခဲ့သူတွေကို ဖမ်းဆီးထားတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
မတ်လ ၁၆ ရက် ညနေပိုင်းက လှိုင်သာယာမြို့နယ် ၆ ရပ်ကွက် Modern KTV က ဘာစီလိုနာအခန်းမှာ သီချင်းလာရောက်ဆိုသူ ဇော်ဇော်မြင့်အပါအဝင် ၅ ယောက်ဟာ သီဆိုစားသောက်ပြီး ကျသင့်ငွေ ၁၀၈,၀၀၀ ကို ဇော်ဇော်မြင့်က ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူ ၁၁ ရွက် ပေးချေရာမှာ အတုလို့ ယူဆရတာကြောင့် ဆိုင်တာဝန်ခံက ရဲစခန်းကို အကြောင်းကြားခဲ့ပါတယ်။
ဒါကြောင့် လှိုင်သာယာမြို့မ ရဲစခန်းက တပ်ဖွဲ့ဝင်တွေက သွားရောက် စစ်ဆေးရားမှာ ဇော်ဇော်မြင့်ရဲ့ အင်္ကျီအိပ်ကပ်ထဲက တသောင်းတန် ၁၁ ရွက်၊ ဝင်းဘို(ခ) ဘိုကြီးရဲ့ အင်္ကျီအိတ်ထဲက တရွက် သိမ်းဆည်းရခဲ့ပါတယ်။
အဲဒီငွေစက္ကူတွေကို မှုခင်းရဲတပ်ဖွဲ့က ပဏာမ စစ်ဆေးရာမှာ လုံခြုံရေးကြိုးအရောင် မပြောင်းဘဲ ခရမ်းရောင်ပဲ ဖြစ်နေတာ၊ နိုင်ငံခြား စက္ကူအမျိုးအစား ဖြစ်ပြီး စက္ကူသားချောနေတာ၊ အစစ်ထက် အလျားနဲ့ အနံ ၁ မီလီမီတာစီတိုတာ၊ အရောင် မှေးမှိန်တာ၊ ကာလာပရင်တာနည်း နဲ့ တုပထားပြီး လျှို့ဝှက်ချက်တွေ မပါဘဲ ထိုင်းနိုင်ငံနယ်စပ်က ဝင်ရောက်လာတဲ့ တုပထားတဲ့ ငွေစက္ကူတွေ ဖြစ်တာကို တွေ့ရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် သူတို့ ၂ ယောက်ကို ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ နဲ့ လှိုင်သာယာမြို့မရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မတ်လ ၁၆ ရက်က တောင်ဥက္ကလာပမြို့နယ် ရိုးမဘဏ်ခွဲ ၆၄ ကို ဦးဇော်နိုင် အပါအဝင် ၂ ယောက် လာရောက်အပ်နှံတဲ့ ငွေတွေထဲက ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၂ ရွက်၊ ၅,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၁ ရွက်၊ ဒလမြို့နယ်၊ ကမ္ဘောဇဘဏ်ခွဲကို ဦးမင်းသိန်းအပါအဝင် ၃ ယောက် လာရောက်အပ်နှံတဲ့ ငွေတွေထဲက ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူ အတု ၃ ရွက်ကို တွေ့ရလို့ သက်ဆိုင်ရာ ရဲစခန်းတွေကို လာရောက်အပ်နှံခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
အဲဒီငွေစက္ကူတွေဟာလည်း ထိုင်းနိုင်ငံနယ်စပ်က ဝင်ရောက်လာတဲ့ ငွေစက္ကူအတုတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
5 years Ago