ဖမ်းဆီးစစ်ဆေးနေသည့်

May 3, 2019

ဖမ်းဆီးစစ်ဆေးနေသည့် ကျောက်တန်းရွာသား ၁၂၆ ဦးကို တပ်မတော် ပြန်လွှတ်

တပ်​မ​တော်​က ဖမ်းဆီးစစ်​​ဆေး​နေတဲ့ ကျောက်တန်း​ကျေးရွာသား ၁၂၆ ဦးကို ဒီမနက်​ ပြန်လွှတ်ပေးလိုက်ပြီး ​ကျန်သူတချို့ဟာ အေအေအဖွဲ့ဝင်တွေ ဖြစ်နေတာကြောင့် ဥပဒေအရ ဆောင်ရွက်သွားမယ်လို့ တပ်​မ​တော်​သတင်းမှန်​ပြန်​ကြား​ရေးအဖွဲ့ အတွင်း​ရေးမှူး ဗိုလ်​မှူးချုပ် ​ ဇော်​မင်းထွန်းက ပြောပါတယ်။ "ဒီ​နေ့ မနက်ပဲ အပြစ်​မရှိသူ ၁၂၆ ဦး လွှတ်​​ပေးလိုက်​ပါပြီ။ ကျန်​​နေတဲ့သူ​တွေထဲက တ​ချို့ အေ​အေ အဖွဲ့ဝင်ေ​တွေပါ​နေ​ကြောင်း စိစစ်​​တွေ့ရှိရတာ​တွေရှိတယ်​။ ပါဝင်​ပတ်​သတ်​​နေသူ​တွေကို ဥပ​ဒေအရ လုပ်​ထုံးလုပ်​နည်းနဲ့ အညီ​ဆောင်​ရွက်​သွားမှာပါ။ ကျန်​​နေတဲ့ သူ​တွေကို အ​သေးစိတ်​စစ်​​ဆေး​နေတယ်။ အပြစ်​မရှိသူ​တွေ ထပ်​​တွေ့ရင် ​ထပ်​လွှတ်​​ပေးမှာဖြစ်​တယ်။” ဒါ့အပြင် သေဆုံးသူ ၆ ဦးကို မိသားစုဝင်​​တွေနဲ့အတူ ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်​လာအရ သင်္ဂြိုဟ်​လိုက်​ပြီလို့ ဆိုပါတယ်။ “သေဆုံးသူ ၆ ဦးကို မိသားစုဝင်​​တွေနဲ့အတူ ဗုဒ္ဓဘာသာထုံးတမ်းစဉ်​လာအရ ဒီ​နေ့ ၁၂ နာရီမှာ သင်္ဂြိုဟ်လိုက်​ပါပြီ။ ဓာတ်​ပုံ​တွေ မရိုက်​ရဘူး ဘာဘူးဆိုတဲ့ သတင်းတွေလည်း မဟုတ်​ပါဘူးခင်​ဗျ။ အားလုံး မှတ်​တမ်းဓာတ်​ပုံ​တွေ ရိုက်ကြပါတယ်​"လို့​ ဗိုလ်​မှူးချုပ် ​ ဇော်​မင်းထွန်းက ပြောပါတယ်​။ သေဆုံးသူ ဦးသံခဲအောင်​ရဲ့ ဇနီး မသိန်းနုက "သူတို့​ပြောတာ တ​ခုမှ မဟုတ်​ပါဘူး။ ကျ​မတို့ မိသားစုဝင်​​တွေနဲ့ လုံးဝ ​တွေ့ခွင့်​မ​ပေးပါ။ သင်္ဂြိုဟ်ဖို့​ ရွာမှ လူငယ်​ ၂၀ ​ကို အ​လောင်းထမ်းခိုင်းပြီး အ​လောင်း​တွေကို ဓာတ်​ပုံ မရိုက်​ရဘူး။ ဂူသွင်းသင်္ဂြိုဟ်​လို့မရဘူး။ စတဲ့ စည်းကမ်းချက်​တွေကို လက်​မှတ်​ထိုးခိုင်းပါတယ်။ အ​လောင်း​တွေကို ကျောက်​တန်းသုဿန်​မှာ ပုံထားပြီး ဓာတ်ပုံရိုက်​ရင်​ ပစ်​သတ်​မယ်​လို့​တောင်​​ပြောတယ်​။ ကျ​မတို့က​တော့ ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်​လာအရ ဆရာတော်၊ သံဃာ​တော်​​တွေနဲ့ သရဏဂုံတင်​ခွင့်​​တောင်​မရဘူးဆို​တော့ အလွန်​မှ ရင်​ထဲမှာ ခံစား​နေရပါတယ်​​" လို့​ပြောပါတယ်​။ ရ​သေ့​တောင်​မြို့နယ်​​၊ ကျောက်​တန်း​ရွာမှာ ရွာသား ၂၇၅ ဦးကို တပ်​မ​တော်​က ဖမ်းဆီးစစ်ဆေးနေစဉ် မေ ၂ ရက်မနက် အစောပိုင်းက ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် လူ ၆ ဦး ​သေဆုံးကာ ၈ ဦး ဒဏ်​ရာရရှိခဲ့တာပါ။ စစ်ဆေးနေတဲ့ တပ်သားတွေဆီက သေနတ်လုလို့ ပစ်ခတ်လိုက်ရာက ၆ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရသွားတာလို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဒီဗွီဘီကို ပြောပါတယ်။ ဗညား
2 years Ago
Up