ဖမ်းဆီးခံရ

July 19, 2019

ချင်းမိုင်တွင် မိမိရင်သွေးအား တောင်းရမ်းခိုင်းသည့် မြန်မာမိခင် ၂ ဦး ဖမ်းဆီးခံရ (ရုပ်သံ) 

ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ မနေ့ညက လေလွင့်သူနဲ့ တောင်းရမ်းစားသောက်နေသူကို တာဝန်ရှိသူတွေက လိုက်လံရှင်းလင်းနေရာမှာ တောင်းရမ်းစားသောက်ရသူ ကလေး ၃ ဦးကို ကယ်တင်နိုင်ခဲ့ပြီး မိမိရင်သွေးအားတောင်းရမ်းစေတဲ့ မြန်မာအမျိုးသမီး ၂ ဦး နဲ့ ထိုင်းတောင်ပေါ်တိုင်း ရင်းသူ ၁ ဦးတို့ကို ဖမ်းဆီးလိုက်ပါတယ်။ ချင်းမိုင်ခရိုင် လူကုန်ကူးမှုတားဆီးတိုက်ဖျက်ရေးအဖွဲ့  လူမှုဖွံ့ဖြိုးရေးနဲ့ လူသားရင်းမြစ် တည်တံ့ရေးဌာန၊ လ၀က ရဲတပ်ဖွဲ့၊ ကမ္ဘာလှည့်ခရီးသည်ဆိုင်ရာ ရဲတပ်ဖွဲ့၊ HRDF  စတဲ့ ပူးပေါင်းအင်အား ၁၀၀ လောက်ဟာ မနေ့ညက ၈ နာရီကျော်လောက်မှာ ချင်းမိုင်မြို့ ဈေးကြီးတ၀ိုက်နဲ့ နိုင်ဘဇားညဈေးတန်းကို သွားရောက်စစ်ဆေးခဲ့ပြီး တောင်းရမ်းစားသောက်သူ ကလေးတွေနဲ့  တောင်းရမ်းခိုင်းသူ လူကြီးတွေကို ဖမ်းဆီးခဲ့တယ်လို့ စစ်ဆေးရေးအဖွဲ့ထဲ ပါသွားသူ ချင်းမိုင်အခြေစိုက် လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ ၀န်ထမ်းတဦးဖြစ်သူ စိုင်းပိုင်းက ဒီဗွီဘီကို ပြောပါတယ်။ “လေလွင့်ကလေးသူငယ်နဲ့ သူတောင်းစားကလေးတွေ ပြဿနာဖြေရှင်းရေးနဲ့ ပတ်သက်ပြီး ဒီမတိုင်ခင်က ဌာနဆိုင်ရာအဖွဲ့စုံ အစည်းအဝေးလုပ်ခဲ့တယ်။ ဒါနဲ့ မနေ့ညက ညဈေးနဲ့ ဈေးကြီးတ၀ိုက်မှာ စစ်ဆေးရေးသွားလုပ်ပါတယ်၊ အဲဒီမှာ တောင်းစားနေတဲ့ အသက် ၃ နှစ် နဲ့ ၇ နှစ်ရွယ်ကြားရှိ ယောက်ျားလေး ၂ ယောက် မိန်းကလေး ၁ ယောက်ကို ကယ်တင်ခဲ့ပါတယ်။ သူတို့ကို တောင်းရမ်းခိုင်းတာက သူတို့အမေနဲ့ အဘွားတွေ ကိုယ်တိုင်ပဲဖြစ်တယ်။ ကလေးအမေ ၂ ယောက်က မြန်မာပြည် မကွေးတိုင်းဘက်ကဖြစ်ပြီး တာချီလိတ်မှာ လာနေတယ်၊ ပြီးတော့ ချင်းမိုင်ကို ဆက်လာတယ်။ နောက်တယောက်က ချင်းရိုင်းက အခါတိုင်းရင်းသူ မြေးအဘွား ၂ ယောက်လုံး တူတူတောင်းကြတာ။” စစ်ဆေးမေးမြန်းချက်အရ မြန်မာအမျိုးသမီး ၁ ဦးမှာ သားသမီး ၆ ယောက်ရှိပြီး စားဝတ်နေရေး ခက်ခဲလို့ တောင်းရမ်းစားသောက်ရတာဖြစ်ကြောင်း၊ တောင်းစားတာ တနေ့ ၀င်ငွေ ဘတ် ၂၀၀ မှ ၅၀၀ ထိရလေ့ရှိပြီး တာချီလိတ်မှာ ကျန်ခဲ့တဲ့ ကလေး ၅ ယောက်စရိတ်အတွက် ပြန်ထောက်ပံ့ပေးရတယ်လို့ အငယ်ဆုံးကလေးကို ရင်ခွင်ပိုက်ပြီး တောင်းရမ်းသူ မိခင်က ပြောပါတယ်။ မနေ့ညက သွားရောက်စစ်ဆေးတဲ့အချိန် ထွက်ပြေးလွတ်မြောက်သွားတဲ့ အခြေအနေမဲ့ လေလွင့်သူ၊ သူတောင်းစားတွေလည်း ရှိသေးကြောင်း၊ ဒါကြောင့် ထပ်မံလာရောက်စစ်ဆေး ဖို့ရှိပြီး သတင်းအရ ဟန်ဒုံးမြို့နယ်ရှိ ကမ္ဘာလှည့်ခရီးသွားတွေအတွက် ဖွင့်လှစ်ထားတဲ့ ဖရန်ဈေး မှာလည်း တောင်းစားသူတွေရှိတဲ့အတွက် သွားရောက်စစ်ဆေးမယ်လို့ စိုင်းပိုင်းက ဆက်ပြောပါတယ်။ မနေ့ညက ဖမ်းမိတဲ့ မိခင်နဲ့ကလေးတွေကို ချင်းမိုင်မိခင်နဲ့ ကလေးစောင့်ရှောက်ရေးဂေဟာမှာ ထိန်းသိမ်းထားပြီး အမှန်တကယ် သားအမိဟုတ်မဟုတ် ဒီအန်အေ စစ်ဆေးကြည့်ဦးမှာဖြစ်ကြောင်း၊ အချို့ကလေးတွေမှာ လမ်းဘေးမှာ အတော်ကြာအိပ်စက်နေတဲ့အတွက် ဆေးကျွေးခံထားရတာရှိမရှိ၊ သူတို့ခန္ဓာကိုယ်မှာ ဆွဲဆိတ် ရိုက်နှက်ခံထားရာတွေရှိမရှိ၊ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေအတွက် သက်ဆိုင်ရာ ဆရာဝန်တွေ စစ်ဆေးဦးမှာဖြစ်ပြီး အမျိုးသမီးတွေကိုလည်း လူကုန်ကူးမှု ရှိမရှိ ဆက်လက်စစ်ဆေးသွားမယ်လို့ သိရကြောင်း စိုင်းပိုင်းက ပြောသွားပါတယ်။
2 years Ago

April 7, 2019

သေနတ်အစစ်ဖြင့် အပြန်အလှန်ပစ်ခတ်ကစားခဲ့သူ ၂ ဦး ဖမ်းဆီးခံရ

ကျဉ်ကာ အင်္ကျီဝတ်ဆင်ကာ သေနတ်အစစ်နဲ့ တယောက်ကို တယောက် ပစ်တမ်းကစားခဲ့တဲ့ အမေရိကန်နိုင်ငံ အာကန်းနက်ပြည်နယ်က အမျိုးသားနှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ဧပြီ ၅ ရက်နေ့ OC သတင်းမှာ ဖော်ပြပါတယ်။ အဖမ်းခံရသူနှစ်ဦးဟာ အသက် ၅၀ အရွယ် ချားလက်စ် အူဂန်နီ ဖားရစ်ဆိုသူနဲ့ သူ့အိမ်နီးချင်းဖြစ်တဲ့ အသက် ၃၈ နှစ်အရွယ် ခရစ္စတိုဖာ ဟစ်ဆိုသူတို့ပဲဖြစ်ပါတယ်။ ချားလက်စ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ရင်ဘတ်အပေါ်ပိုင်းမှာရှိတဲ့ အနီရောင်ဒဏ်ရာတခုကို ပြသဖို့ ဆေးရုံတက်ခဲ့ပါတယ်။ ဆေးရုံမှာ ဆရာဝန်တွေက သူ့ဒဏ်ရာကို သံသယရှိတာကြောင့် ရဲကိုအကြောင်းကြားခဲ့ပြီး ရဲတပ်ဖွဲ့ စစ်ဆေးမေးမြန်းမှုမှာတော့ သူဟာ ပစ်ခတ်မှုတခုထဲ ရောက်ရှိခဲ့ပြီး ကံကောင်းထောက်မစွာနဲ့ ကျည်ကာ အင်္ကျီဝတ်ဆင်ထားလို့ အသက်ဘေးက လွတ်မြောက်ခဲ့တာလို့ လိမ်ညာထွက်ဆိုခဲ့ပါတယ်။ ဒါကိုသံသယရှိတဲ့ ရဲတပ်ဖွဲ့က သူ့အမျိုးသမီးဖြစ်သူကို ထပ်မံစစ်ဆေးခဲ့ပြီး ကြိုတင်လက်ဝါးရိုက်ထားခြင်း မရှိတာကြောင့် သူ့အမျိုးသမီးက အဖြစ်မှန်အားလုံးကို ထွက်ဆိုခဲ့ပါတယ်။ လက်စ်လီ ဖားရစ်ရဲ့ ထွက်ဆိုချက်အရ ချားလက်စ်နဲ့ ခရစ္စတိုဖာတို့ဟာ အရက်မှုးကာ တယောက်တလှည့်စီ အပြန်အလှန်သေနတ်နဲ့ ပစ်ခတ်ကစားခဲ့တာကို ရဲတပ်ဖွဲ့က ဖော်ထုတ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ချားလက်စ်ဟာ ပြီးခဲ့တဲ့ မတ်လ ၃၁ ရက် ခရစ္စတိုဖာနဲ့ သောက်စားခဲ့ပြီး နည်းနည်းလေး မူးလာ ချိန်မှာတော့ သူ့ကို သေနတ်နဲ့ ပစ်ဖို့ ခရစ္စတိုဖာကို စေခိုင်းခဲ့ပါတယ်။ ခရစ္စတိုဖာကလည်း သူပြောတဲ့အတိုင်းပဲ ဒသမ ၂၂ ဆီမီးအော်တိုရိုင်ဖယ်သေနတ်နဲ့ ချားလက်စ်ရဲ့ ရင်ဘတ်ကို ပစ်ခဲ့ပါတယ်။ ကျည်ကာဝတ်ထားတာကြောင့် ချားလက်စ်ဟာ ရင်ဘတ်မှာ အနီရောင်ဒဏ်ရာတခုရရှိခဲ့ပြီး ပြင်းထန်တဲ့ ဝေဒနာကိုလည်း ခံစားခဲ့ရပါတယ်။ ဒီဝေဒနာကြောင့် ဒေါသထွက်သွားတဲ့ ချားလက်စ်ဟာ ခရစ္စတိုဖာကို သေနတ်နဲ့ ပြန်ပစ်ဖိုပြောဆိုခဲ့ပြီး ခရစ္စတိုဖာကလည်း သဘောတူခဲ့ပါတယ်။ ဒါ့ကြောင့် ကျည်ကာ အင်္ကျီဝတ်ဆင်ထားတဲ့ ခရစ္စတိုဖာရဲ့ နောက်ကျောကို သေနတ်နဲ့ ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ ကျည်ကာ အင်္ကျီတွေကြောင့် သူတို့နှစ်ယောက်စလုံး အသက်အန္တရာယ် မစိုးရိမ်ရတဲ့ ဒဏ်ရာတွေသာ ရရှိခဲ့တာပဲဖြစ်ပါတယ်။ ဒီအမျိုးသားနှစ်ဦးဟာ မကြာခဏဆိုသလို ဒီလိုမျိုးသေနတ်နဲ့ ပစ်ကြလေ့ရှိတယ်လို့ အိမ်နီးချင်းတွေက ပြောဆိုကြပြီး လက်ရှိချိန်မှာတော့ သူတို့နှစ်ဦးကို ရဲတပ်ဖွဲ့က စွဲချက်တင်ထားပါတယ်။
3 years Ago
More News
Up