ဖမ်းဆီး

June 1, 2018

ထိုင်းဝန်ကြီးချုပ်၏သတင်း မဟုတ်မမှန်ရေးသားမှုဖြင့် ကမ္ဘောဒီးယား ၁ ဦးနှင့် ထိုင်း ၆ ဦးကို ဖမ်းဆီး

ထိုင်းဝန်ကြီးချုပ်ရဲ့ သတင်းကို မဟုတ်မမှန်ရေးသားမှုနဲ့ ကမ္ဘောဒီးယားနိုင်ငံသား ၁ ဦးနဲ့ ထိုင်း ၆ ဦးကို  ကမ္ဘောဒီးယားရဲတပ်ဖွဲ့အကူညီယူပြိး ထိုင်းရဲ့က ဖမ်းဆီးလိုက်ပါတယ်။ လတ်တလော ထိုင်းနိုင်ငံမှာ လောင်စာဆီဈေး မြင့်တက်လာတာနဲ့ပတ်သက်ပြီး “ပြည်သူတွေ ဂျီးမများနဲ့ ဒီဇယ်အစား ရေပဲသုံးကြ” လို့ ထိုင်းဝန်ကြီးချုပ် ပရာယုတ်ကျန်အိုးချားက ပြောဆိုခဲ့ကြောင်း Ratstas.com အမည်ရှိ ၀က်ဆိုက်က သတင်းရေးသားဖော်ပြခဲ့တာပါ။ အဆိုပါသတင်းမှာ မဟုတ်မမှန်ဘဲ နိုင်ငံတော်ရဲ့ လုံခြုံရေးကိုပါ ထိခိုက်စေတဲ့အတွက် ထိုင်းအွန်လိုင်းစုံစမ်းရေးအဖွဲ့က ၀က်ဆိုက်တာဝန်ခံကို စုံစမ်းဖော်ထုတ်ခဲ့ပါတယ်။ စုံစမ်းချက်အရ အဆိုပါ ၀က်ဆိုက်ပိုင်ရှင်မှာ ကမ္ဘောဒီးယားနိုင်ငံ ဖနွန်ပင်မှ Mr.Ratanak Heng ဆိုသူဖြစ်ကြောင်း သိရှိရတဲ့အတွက် ကမ္ဘောဒီးယားရဲတပ်ဖွဲ့အကူအညီနဲ့ မေ ၃၁ ရက်နေ့က သူ့ကို ဖမ်းဆီးပြီး ထိုင်းနိုင်ငံကို ခေါ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် အဆိုပါ မဟုတ်မမှန်သတင်းကို ထပ်မံဖြန့်ဝေသူ ထိုင်းနိုင်ငံသား အမျိုးသား ၃ ဦး အမျိုး သမီး ၃ ဦးတို့ကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ အဖမ်းခံရသူ ကမ္ဘောဒီးယားနိုင်ငံသား Mr.Ratanak ကတော့ အဲဒီသတင်းကိစ္စ သူဘာမှ မသိရကြောင်း၊ လွန်ခဲ့တဲ့နှစ်က လွီဆိုသူ ထိုင်းလူမျိုးသူငယ်ချင်းတဦးက ၀က်ဆိုက်ဖွင့်ချင်လို့ (ကမ္ဘောဒီးယားကွန်ပျူတာဥပဒေအရ) သူ့ခရက်တစ်ကတ်နဲ့ ထောက်ခံပေးခဲ့ရတာပဲရှိကြောင်း၊ အခုလို ပြဿနာတက်သွားတဲ့အတွက် တောင်းပန်ကြောင်း တာဝန်ရှိသူတွေကို ပြောခဲ့ပါတယ်။ ထိုင်းစုံစမ်းထောက်လှမ်းရေးဘက်တော့ အဆိုပါဝက်ဆိုက်မှာ ထိုင်းနိုင်ငံရေးအပေါ် ဝေဖန်ထားတဲ့ အချက်အလက်တွေလည်း တွေ့ရှိရကြောင်း၊ ၀က်ဆိုက်ကြော်ငြာခ ငွေတွေ ၀င်လာသလို လွီ နဲ့ Mr.Ratanak တို့ အပြန်အလှန်ပြောဆိုချက်တွေလည်း ရထားတယ်လို့ ဆိုပါတယ်။ Mr.Ratanak ဆိုသူမှာ အိုင်တီနဲ့ ကျောင်းပြီးထားပြီး ကွန်ပျူတာသုံးစွဲမှုကျွမ်းကျင်ကြောင်း၊ သူ့ရဲ့ လက်ရှိအလုပ်အကိုင်မှာ အလှကုန်ပစ္စည်း နဲ့ ကျောက်မျက်ရတနာရောင်းဝယ်ရေးဖြစ်ပြီး ပစ္စည်းရောင်းကောင်းအောင်၊ ၀က်ဆိုက်လူကြည့်များအောင် စိတ်ဝင်စားဖွယ်သတင်းတွေ ထည့်သွင်းဖော်ပြတာ ဖြစ်နိုင်တယ်လို့ တာဝန်ရှိသူတွေက သုံးသပ်ပါတယ်။ ၀န်ကြီးချုပ်ရဲ့ မဟုတ်မမှန်သတင်း ထပ်ပြီးဖြန့်ဝေသူ ထိုင်း ၆ ဦးနဲ့ ချိတ်ဆက်မှုကိုတော့ ခုထိ ရှာလို့ မတွေ့သေးဘူးလို့ ဆိုပါတယ်။ ထိုင်းနိုင်ငံမှာ အခုလို မဟုတ်မမှန် သတင်းရေးသားဖော်ပြတယ်ဆိုရင် ကွန်ပျူတာဥပဒေအရ  ၅ နှစ်ထက်မပိုတဲ့ ထောင်ဒဏ် နဲ့ ဘတ် ၁ သိန်းထက်မပိုတဲ့ ငွေဒဏ် ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ ၂ ရပ်လုံး ကျခံရမှာဖြစ်ပြီး နိုင်ငံရေးလှုံ့ဆော်မှုတွေပါ ပါရင် နောက်ထပ် နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ဥပဒေနဲ့ အရေးယူခံရမှာဖြစ်ပါတယ်။
4 years Ago
Up