ဖန်တီးပေ

October 18, 2020

နေသာသည့်လုပ်ငန်းခွင်ဖန်တီးပေးရန် ဒါကာအလုပ်သမားများ ဆန္ဒပြ

အလုပ်သမားတွေအတွက် နေသာတဲ့ လုပ်ငန်းခွင် ဖန်တီးပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာမှာ အောက်တိုဘာ ၁၇ ရက်နေ့က အမျိုးသမီးအထည်ချုပ် အလုပ်သမား အများစုအပါအဝင် လူရာနဲ့ချီ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။  စက်ရုံတွေထဲမှာ ကာမနှောင့်ယှက်မှုနဲ့ အလွဲသုံးစားမှုတွေကနေ အမျိုးသမီးတွေကို ကာကွယ်ပေးဖို့ ဥပဒေသစ် ထုတ်ပြန်ရေးကိုလည်း တောင်းဆိုခဲ့ပါတယ်။  အနောက်နိုင်ငံတွေဆီ အဝတ်အထည်တွေ တင်ပို့တဲ့နေရာမှာ တရုတ်ပြီးရင် ဒုတိယလိုက်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ပြည်ပတင်ပို့မှု စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းကို အထည်ချုပ်လုပ်ငန်းအပေါ် မှီခိုနေရတာပါ။ အထည်ချုပ်လုပ်ငန်းဟာ လုပ်သားအင်အား ၄ သန်းကိုလည်း အလုပ်အကိုင် ပေးထားပါတယ်။  ဘင်္ဂလားဒေ့ရှ်နိုင်ငံ အထည်ချုပ်လုပ်ငန်းမှာ လုပ်သားထုရဲ့လူများစုဖြစ်တဲ့ အမျိုးသမီး လုပ်သားတွေကို အလွဲသုံးစားလုပ်မှုအပေါ်  စုံစမ်းစစ်ဆေးနိုင်စွမ်းကို နှောင့်ယှက်တာ၊ ခြိမ်းခြောက် ဟန့်တားတာတွေကို သမဂ္ဂခေါင်းဆောင်တွေ ရင်ဆိုင်နေရတယ်လို့ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီရဲ့ လေ့လာမှုတရပ်က ဆိုပါတယ်။  ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လတ်တလော နှစ်တွေအတွင်း လိင်ပိုင်းရာဇဝတ်မှု တိုးလာနေတာပါ။ အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုနဲ့ လိင်ပိုင်းတိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်လာလို့ ပြည်လုံးကျွတ် ဆန္ဒပြ တောင်းဆိုကြတဲ့အတွက် မုဒိမ်းသမားတွေကို သေဒဏ်ပေးဖို့  အစိုးရအဖွဲ့က အောက်တိုဘာ ၁၂ ရက်က အတည်ပြု ပေးထားပါတယ်။
2 years Ago
Up