အိန္ဒိယနိုင်ငံမှာ ဖန်သားနဲ့ မှန်စာတိုက်ထားတဲ့ စွန်လွှတ်တဲ့ကြိုး လည်ပင်းမှာငြိပြီး ကလေး ၂ ဦး သေဆုံးသွားပါတယ်။
ဒီဖြစ်ရပ် ၂ ခုလုံးဟာ ဒေလီမြို့မှာ ကလေး ၂ ဦး ကားခေါင်မိုးပေါ်ကနေ စွန်လွှတ်တာကို ကြည့်နေစဉ် ဖြစ်ပွားခဲ့တာပါ။
ပထမဖြစ်ရပ်မှာတော့ ၃ နှစ်အရွယ် ကလေးငယ် ဆန်ချီဂိုယာက မိဘတွေနဲ့ ကားမောင်းထွက်လာစဉ် အပြင်ဘက်ကို ခေါင်းထွက်ကြည့်တဲ့အချိန်မှာ အနီးရှိ စွန်ကြိုးက လည်ပင်းကို လာငြိသွားတာ ဖြစ်ပါတယ်။
အဲဒီလိုဖြစ်ပြီး ဆေးရုံကိုပို့ရာမှာ ဆေးရုံမရောက်ခင် မိခင်လက်ပေါ်မှာပဲ သေဆုံးသွားတယ်လို့ သတင်းတွေမှာ ရေးပါတယ်။
သီးခြားဖြစ်စဉ်တခုမှာလည်း အသက် ၄ နှစ်ရှိ ဟယ်ရီက မိဘတွေနဲ့အတူ ခရီးသွားနေစဉ် ကားထဲကနေ ခေါင်းပြူကြည့်လိုက်ရာက စွန်ကြိုး လည်ပင်းကို လာငြိပြီး လည်ပင်းကို လှီးလိုက်သလိုဖြစ်ကာ သွေးတွေတအားထွက်တဲ့အတွက် ဆေးရုံမှာ သေဆုံးသွားတာ ဖြစ်ပါတယ်။
ဒီလိုသေဆုံးမှုတွေအတွက် တဦးတယောက်အပေါ် အပြစ်တင်ဖို့ ခဲယဉ်းတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အိန္ဒိယဈေးကွက်မှာ တရုတ်က ဈေးပေါတဲ့ နိုင်လွန်ကြိုးတွေ ၀င်ရောက်လာပြီး ဒီကြိုးတွေကို မှန်၊ ပုလင်း၊ မီးချောင်း စတာတွေကို အမှုန့်ထောင်းပြီး ထက်အောင် ပြုလုပ်ကြပါတယ်။
ဒီလိုထုတ်လုပ်ရောင်းချမှုကို ဒေလီအစိုးရက တားမြစ်ဖို့ ကြိုးစားပြီး တားမြစ်ချက် ဖောက်ဖျက်သူကို ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်သလို ငွေဒဏ်လည်း ပေးဆောင်ရမှာ ဖြစ်ပါတယ်။
စွန်လွှတ်တဲ့ကြိုးတွေနဲ့ ငြိပြီး ထိခိုက်သေဆုံးမှုဟာ အိန္ဒိယနိုင်ငံအတွက် ပြဿနာတခုလည်း ဖြစ်နေပါတယ်။
သြဂုတ်လရောက်ရင် ဒေလီနဲ့ တခြားမြို့တွေက ကောင်းကင်ပေါ်မှာ ထောင်နဲ့ချီတဲ့ စွန်တွေကို ကလေးတွေနဲ့ လူကြီးတွေ လွှတ်တင် ကစားကြတာ ဖြစ်ပါတယ်။
5 years Ago