ဖင်လန်တွင် သေနတ်ပစ်ခတ်မှုကြောင့် မြို့နယ်ကောင်စီဥက္ကဋ္ဌနှင့် သတင်းထောက် ၂ ဦး သေဆုံး

December 5, 2016

ဖင်လန်တွင် သေနတ်ပစ်ခတ်မှုကြောင့် မြို့နယ်ကောင်စီဥက္ကဋ္ဌနှင့် သတင်းထောက် ၂ ဦး သေဆုံး

ဖင်လန်နိုင်ငံမှာ ဒီဇင်ဘာ ၄ ရက်နေ့ မနက်ပိုင်းက သေနတ်သမားတဦး ပစ်ခတ်လို့ အမျိုးသမီး ၃ ဦး သေဆုံးသွားပါတယ်။ နိုင်ငံအရှေ့တောင်ပိုင်းက အီမာထရာ (Imatra) မြို့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မြို့နယ်ကောင်စီဥက္ကဋ္ဌနဲ့ သတင်းထောက် ၂ ဦးတို့ သေဆုံးသွားခဲ့ကြတာပါ။ သူတို့ စားသောက်ဆိုင်တဆိုင်က ထွက်လာတဲ့အချိန်မှာ ပစ်ခတ်ခံရတာဖြစ်ပြီး သူတို့ကို ဘာကြောင့်ပစ်ခတ်ခဲ့လဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ပစ်ခတ်ခဲ့သူဟာ အသက် ၂၃ နှစ်အရွယ် ရာဇ၀တ်မှုမှတ်တမ်းရှိတဲ့ လူငယ်တဦးဖြစ်ပြီး ပစ်ခတ်ပြီးပြီးချင်းမှာပဲ သူ့ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ရိုင်ဖယ်သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီး မြင်တဲ့သူကို ကြုံသလို ပစ်ခတ်သွားတာဖြစ်မယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။ သေဆုံးသွားသူ အမျိုးသမီးတွေဟာ အသက် ၅၀ ကျော်အရွယ် ၂ ဦးနဲ့ အသက် ၃၀ ကျော်အရွယ်တဦးတို့ ဖြစ်ကြပါတယ်။ ဖင်လန်နိုင်ငံဟာ ကမ္ဘာမှာ ရာဇ၀တ်မှုဖြစ်ပွားတာ အတော်နည်းပါးတဲ့နိုင်ငံတခုဖြစ်ပေမယ့် အမဲလိုက်ခြင်းဟာ ဖင်လန်နိုင်ငံရဲ့ ရေပန်းစားတဲ့ ၀ါသနာတခုဖြစ်လို့ ကမ္ဘာမှာ လက်နက်ကိုင်ဆောင်မှု အမြင့်ဆုံးနိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။
6 years Ago
Up