ဖခင်

August 17, 2018

ဇနီးနှင့် သမီး ၂ ဦး ပျောက်ဆုံးမှုဖြင့် အဖမ်းခံထားရသည့် ဖခင်၏ အာမခံတောင်းမှုအား ပယ်ချ

ကိုယ်ဝန်ဆောင် ဇနီးသည်နဲ့ သမီးနှစ်ဦး ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး အဖမ်းခံထားရတဲ့  အ​မေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်က ဖခင်တဦးရဲ့ အာမခံတောင်းမှုကို တရားရုံးက ပယ်ချလိုက်ပါတယ်။ ခရစ်ဝက်စ်ဆိုသူ အဲဒီအမျိုးသားဟာ မိသားစုကို သတ်ဖြတ်ခဲ့တယ်ဆိုပြီး ဝန်ခံထားတယ်လို့ အမေရိကန် သတင်းတွေမှာ ဖော်ပြပါတယ်။ ကိုယ်ဝန် ၁၅ ပတ်ရှိတဲ့ သူ့ဇနီး ရှာနန်ဝက်စ်၊ သုံးနှစ်နဲ့ လေးနှစ်အရွယ် သမီးနှစ်ဦးတို့ဟာ သြဂုတ် ၁၃ ရက်နေ့ကတည်းက ပျောက်ဆုံးနေပါတယ်။ ဖမ်းဆီးခံရပြီး နောက်တနေ့မှာ တရားရုံးရှေ့ ရောက်လာတဲ့ အသက် ၃၃ နှစ်အရွယ် ခရစ်ဝက်စ်ကတော့ သူ့အခွင့်အရေးသာ အဓိကဖြစ်တယ်ဆိုပြီး ပြောထားပါတယ်။ ခရစ်ဝက်စ်ကို ဘယ်လိုပုဒ်မတွေတပ်ပြီး တရားစွဲဆိုမယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် လူသတ်မှု၊ သက်သေခံဖျောက်ဖျက်မှု စတဲ့ ပုဒ်မတွေနဲ့ တရားစွဲခံရတယ်လို့ ဝဲ့ကောင်တီ အကျဉ်းထောင်က ပြောထားပါတယ်။ နောက်ဆုံးရရှိတဲ့ သတင်းအရ ခရစ်ဝက်စ်ရဲ့ ဇနီးအလောင်းကို ရှာတွေ့ထားပြီး ပြန်သယ်ဖို့ လုပ်နေကြောင်း ရဲတပ်ဖွဲ့က ပြောထားတယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။
3 years Ago

June 17, 2017

သားများကို သေနတ်အန္တရာယ်သင်ရာမှ သမီးကို သေနတ်ဖြင့်အသေပစ်ခတ်မိသည့် ဖခင်

သေနတ်အန္တရာယ်အကြောင်း သားတွေကို သင်ပေးနေတဲ့ ဖခင်ရဲ့သေနတ်က အသက် ၉ နှစ်အရွယ် သမီးလေးကို ပစ်ခတ်မိလို့ သမီးသေဆုံးသွားပြီး ဖခင်ဖြစ်သူလည်း တရားစွဲဆိုခံနေရတယ်လို့ မေရာသတင်းမှာ ဇွန်လ ၁၆ ရက်နေ့က ရေးသားထားပါတယ်။ အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ် ဟိုဘာ့တ်မြို့မှာ ဇွန်လ ၁၀ ရက်နေ့က အိုလီဗီယာဟမ်မယ်ဆိုတဲ့ ကလေးမလေးရဲ့ ဦးခေါင်းကို သေနတ်ထိမှန် သေဆုံးသွားတယ်လို့ ချီကာဂိုထရီဗျူးသတင်းဌာနက သတင်းထုတ်ပြန်ထားပါတယ်။ မိသားစုက ရဲတွေကို အကြောင်းကြားလို့ ရဲတွေ ရောက်လာပြီး ခေါင်းက သေနတ်ဒဏ်ရာနဲ့ အိုလီဗီယာ မလှုပ်မရှက် လဲကျနေတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ကလေးမကို ဆေးရုံ ပို့လိုက်ပေမယ့် မကြာခင်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ သိရပါတယ်။ ဖခင်ဖြစ်သူ အီရစ်က “သမီး သေသွားပြီ၊ သမီး သေသွားပြီ၊ ကျနော်ထင်တာက သေနတ်ကျည်အိမ်ထဲမှာ ဘာမှ မရှိဘူးလို့ ထင်နေတာ” လို့ ရဲအရာရှိကို ပြန်လည် ပြောကြားခဲ့ပါတယ်။ “ကျနော်က သားတွေကို သေနတ်ပြပြီး သင်ပေးနေတာပါ။ သေနတ်က လူသေစေနိုင်လို့ သေနတ်နဲ့ ဘယ်တော့မှ မကစားဖို့ သူတို့ကို ပြောနေတာလို့လည်း” ဖခင်ဖြစ်သူ အီရစ်က ပြောပါတယ်။ “ပြီးတော့ သမီးက အခန်းထဲ ဝင်လာချိန်မှာ သေနတ်ထဲ ကျည်မရှိဘူး ထင်ပြီး သမီးကို သေနတ်နဲ့ ချိန်ပြီး ပစ်လိုက်တာ” လို့ အီရစ်က ဆိုပါတယ်။ ဒေသခံအာဏာပိုင်တွေက ဖခင်ဖြစ်သူ အီရစ်အား အသက် ၁၄ နှစ်အောက် ငယ်ရွယ်သူကို သေစေမှု၊ ကိုယ့်ကို မီခိုနေသူကို/ကိုယ့်သားသမီးကို ဂရုမထားဘဲ သေစေမှု စတာတွေအပါအဝင် အမှုတွေနဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။ အိုလီဗီယာ သေဆုံးမှုက “သေနတ် မတော်တဆ ပစ်ခတ်မှုပဲ မဟုတ်ဘူး၊ ဖခင်ဖြစ်သူရဲ့ အဲဒီနေ့လုပ်ရပ်က ကလေး ၃ ဦးလုံးအတွက် အန္တရာယ် သိပ်ကြီးသလို နောက်ဆုံး အပြစ်ကင်းတဲ့ ၉ နှစ်အရွယ် သမီးလေးရဲ့ အသက်ပါ သေဆုံးသွားရတယ်” လို့ ဟိုဘာ့တ်မြို့ရဲချုပ် ရစ်ချာ့ဒ်က ပြောပါတယ်။ “သမီးလေး သေသလို ကောင်လေးတွေလည်း တသက်လုံး စိတ်ဒဏ်ရာ ရသွားပြီ” လို့ ရဲချုပ်က ဆက်ပြောပါတယ်။ ဖခင်ဖြစ်သူ အီရစ်အနေနဲ့ ဒီလ နောက်ပိုင်းမှာ တရားရင်ဆိုင်ရမယ်လို့လည်း သိရပါတယ်။
4 years Ago
Up