ဖက်ဒရယ်အေးဂျင့်

July 26, 2020

ဆန္ဒပြသူများကို အမေရိကန် ဖက်ဒရယ်အေးဂျင့်များ မျက်ရည်ယိုဓာတ်ငွေ့သုံး လူစုခွဲ

အမေရိကန်နိုင်ငံ၊ အော်ရီဂွန်ပြည်နယ်၊ ပို့လန်းမြို့မှာ ဇူလိုင် ၂၅ ရက်က ၅၇ ရက်မြောက်    ဆန္ဒပြပွဲတွေ လုပ်နေပြီး ဖက်ဒရယ်အေးဂျင့်တွေက ဆန္ဒပြသူတွေကို မျက်ရည်ယိုဓာတ်ငွေ့သုံးပြီး  လူစုခွဲခဲ့ပါတယ်။ မြို့ထဲမှာ နယ်စပ် ကင်းလှည့်တပ်ဖွဲ့တွေ အသုံးပြုတဲ့အပေါ် စိစစ်တာတွေ များလာချိန်မှာပဲ လုံခြုံရေးတပ်ဖွဲ့တွေက မကြာခဏဆိုသလို ဆန္ဒပြသူတွေကို  မျက်ရည်ယိုဓာတ်ငွေ့ပစ်တာတွေ၊  ရိုက်နှက်တာတွေ လုပ်နေပါတယ်။ ဒေသအာဏာပိုင်တွေရဲ့ ဆန္ဒမပါဘဲ ပို့လန်းမြို့မှာ နယ်စပ်ကင်းလှည့်တပ်ဖွဲ့တွေ ချတာနဲ့ ပတ်သက်ပြီး ပြည်သူတွေ ဒေါသထွက်တာအပြင် စုံစမ်းစစ်ဆေးတာတွေလည်း ရှိနေပါတယ်။   အလားတူ တပ်ဖွဲ့မျိုးကို ဆီယက်တဲမြို့ဆီ စေလွှတ်မယ်လို့လည်း သမ္မတထရမ့် အစိုးရက ပြောထားပါတယ်။ ပို့လန်းမြို့မှာ ဖက်ဒရယ်အေးဂျင့်တွေကို ချထားတာဟာ လာမယ့် ရွေးကောက်ပွဲအတွက်   အခက်ကြုံနေတဲ့ ထရမ့်က တရားဥပဒေစိုးမိုးရေးကို အကြောင်းပြပြီး ပရိယာယ်ဆင်တယ်လို့  ဆန္ဒပြသူတွေနဲ့  ဒေသအာဏာပိုင်တွေက ရှုမြင်နေကြပါတယ်။ 
1 year Ago

July 18, 2020

အမေရိကန် ပို့လန်းမြို့ရှိ ဆန္ဒပြသူများကို ဖက်ဒရယ်အေးဂျင့်များ ဖြိုခွင်း

အမေရိကန် အထိမ်းအမှတ်နေရာတွေကို ကာကွယ်စောင့်ရှောက်တဲ့ သမ္မတ ထရမ့်အစိုးရရဲ့ အုပ်ချုပ်ရေးအမိန့်သစ်အရ ဇူလိုင် ၁၇ ရက်က အော်ရီဂွန်ပြည်နယ် ပို့လန်းမြို့မှာ ဖက်ဒရယ် အေးဂျင့်တွေက  ဆန္ဒပြသူတွေကို ဖြိုခွင်းခဲ့ပါတယ်။  အသစ်ဖွဲ့စည်းထားတဲ့ အမိမြေလုံခြုံရေးတပ်ဖွဲ့ကို ကူညီဖို့ ပို့လန်းမြို့မှာ လုံခြုံရေးတွေကို ဖြန့်ကြက်ထားတယ်လို့  အမေရိကန်အကောက်ခွန်နဲ့နယ်စပ်ကာကွယ်ရေး ပြောခွင့်ရ အမျိုးသမီးက ပြောဆိုပါတယ်။  ပြီးခဲ့တဲ့လက ထုတ်ပြန်ခဲ့တဲ့ ဖက်ဒရယ်အထိမ်းအမှတ်နေရာတွေနဲ့ အဆောက်အအုံတွေကို  ကာကွယ်စောင့်ရှောက်ရေးအမိန့်ကို အာဏာတည်စေဖို့ တပ်ဖွဲ့သစ်ကို တာဝန်ပေးထားတာပါ။  အော်ရီဂွန်ပြည်နယ်အုပ်ချုပ်ရေးမှူး ကိတ်ဘရောင်းကတော့ ဒါဟာ ဖက်ဒရယ်အစိုးရက ပြောင်ပြောင်တင်းတင်း အာဏာအလွဲသုံးစားလုပ်တာပဲလို့ ပြောဆိုပါတယ်။  ကိတ်ဘရောင်းက သမ္မတ ထရမ့်အမိန့်ဟာ အများပြည်သူ လုံခြုံရေးနဲ့ဘာမှ မသက်ဆိုင်ဘူးလို့ တွစ်တာမှာရေးခဲ့ပါတယ်။  ဖက်ဒရယ်အေးဂျင့်တွေက ဆန္ဒပြသူ ၁၃ ယောက်ကို ဖမ်းဆီးတယ်လို့ မီဒီယာတွေက ရေးသားပေမယ့်  အာဏာပိုင်တွေက ချက်ချင်းအတည်မပြုသေးဘူးလို့ ရိုက်တာက ဆိုပါတယ်။ 
1 year Ago
Up