ဖက်ဆစ်အုပ်စု မောင်းထုတ်ရေး

September 5, 2021

ဖက်ဆစ်အုပ်စု မောင်းထုတ်ရေး၊ နယူးယောက်မြို့တော်က မြန်မာ့ဒီဒေး (D-Day)

(၁) နယူးယောက်မြို့က မြန်မာ့ဒီဒေး (D-Day)။

မကြာခင်ကာလအတွင်း ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ရရေးအတွက် မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ ဖက်ဆစ်အုပ်စုနဲ့ NUG လို့ခေါ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တော်မှာ အပြင်းအထန် ယှဉ်ပြိုင်ကြတော့မှာ ဖြစ်ပါတယ်။ ပြည်တွင်းမှာ ဖက်ဆစ်အုပ်စုကို အမြစ်ဖြုတ်ဖို့ NUG က ဆင်နွှဲမယ့် ဒီဒေး (D-Day) ကို မြန်မာပြည်သူများက စောင့်မျှော်ကြိုဆိုနေကြသလို ပြည်ပမှာလည်း နယူးယောက်မြို့တော်မှာ အခြေစိုက်တဲ့ ကုလသမဂ္ဂဆိုတဲ့ ကမ္ဘာ့နိုင်ငံပေါင်းစုံ ပါဝင်တဲ့ အဖွဲ့အစည်းကြီးကနေ စစ်အုပ်စုကို ငြင်းပယ်မောင်းထုတ်ဖို့ NUG က ဒီဒေး ဆင်နွှဲရတော့မှာ ဖြစ်ပါတယ်။

“Credentials Challenge Campaign” လို့ လူသိများကြတဲ့ “ကုလသမဂ္ဂအထွေထွေညီလာခံ တက်ရောက်ခွင့်ရရေး သံတမန်ရေးရာတိုက်ပွဲကြီး” ရဲ့ လက်ရှိအခြေအနေက ဒီလိုပါ။

(၂) ကုလသမဂ္ဂအထွေထွေညီလာခံနှင့် နိုင်ငံကိုယ်စားပြု တက်ရောက်ခွင့်။

ကုလသမဂ္ဂအထွေထွေညီလာခံ (UN General Assembly) ဆိုတာ နှစ်စဉ် ကျင်းပပြီး အဖွဲ့ဝင် ၁၉၃ နိုင်ငံစလုံး တန်းတူညီမျှ တက်ရောက်ခွင့်၊ ဆွေးနွေးခွင့်၊ မဲပေးခွင့် ရှိပါတယ်။ ညီလာခံရဲ့ သက်တမ်းက တစ်နှစ်ကြာမြင့်ပြီး နှစ်တစ်နှစ်ရဲ့ စက်တင်ဘာလကနေ နောက်တစ်နှစ်ရဲ့ စက်တင်ဘာလအထိ ဖြစ်ပါတယ်။ 

လက်ရှိ ၇၅ ကြိမ်မြောက် ညီလာခံက ၂၀၂၀ ပြည်နှစ်၊ စက်တင်ဘာလ ၇ ရက်နေ့က စတင်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့မှာ သက်တမ်းကုန်ဆုံးပါမယ်။ ၇၆ ကြိမ်မြောက် အထွေထွေညီလာခံက ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့ (အင်္ဂါနေ့) မှာ စတင်မှာဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့အထိ တစ်နှစ် ကြာမြင့်ပါမယ်။ 

အထွေထွေညီလာခံကို တက်ရောက်ဖို့အတွက် အဖွဲ့ဝင်နိုင်ငံများက သူတို့ရဲ့ နိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်များနဲ့ အဖွဲ့ဝင်များ (Representatives and Members of the Delegation) ရဲ့ အမည်စာရင်း (Credentials) ကို ညီလာခံမစခင် တစ်ပတ်အလိုမှာ အတွင်းရေးမှူးချုပ်ထံ တင်သွင်းရပါတယ်။ အဲဒီလို ကိုယ်စားလှယ်အမည်စာရင်း တင်သွင်းတာကို သက်ဆိုင်ရာနိုင်ငံရဲ့ သမ္မတ၊ သို့မဟုတ် ဝန်ကြီးချုပ်၊ သို့မဟုတ် နိုင်ငံခြားရေးဝန်ကြီးက လက်မှတ်ရေးထိုး တင်သွင်းရပါတယ်။ စည်းမျဉ်းအမှတ် ၂၇ (Rule 27) လို့ ခေါ်ပါတယ်။

အထွေထွေညီလာခံရဲ့ ပထမဦးဆုံးနေ့အစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံ ၉ နိုင်ငံပါတဲ့ “အထွေထွေညီလာခံ ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ” (Credentials Committee) ကို ဖွဲ့စည်းပါတယ်။ ညီလာခံဥက္ကဋ္ဌက အမည်စာရင်းတင်သွင်းပြီး အဖွဲ့ဝင်နိုင်ငံများက အတည်ပြုပေးရတာပါ။ ရွေးချယ်ခံရတဲ့ ၉ နိုင်ငံ သံအမတ်ကြီးများက ၎င်းတို့အထဲက တစ်ဦးကို ကော်မတီ ဥက္ကဋ္ဌအဖြစ် ရွေးချယ်တာဝန်ပေးကြပါတယ်။ အဲဒီကော်မတီဟာ အတွင်းရေးမှူးချုပ်ဆီကတဆင့် ရရှိလာမယ့် နိုင်ငံအလိုက် ကိုယ်စားလှယ်များရဲ့ အမည်စာရင်းကို စိစစ်ပြီး အထွေထွေညီလာခံကို အတည်ပြုသင့်ကြောင်း/အတည်မပြုသင့်ကြောင်း စသည်ဖြင့် မှတ်ချက်တွေနဲ့ အစီရင်ခံစာ တင်ပြဖို့ တာဝန်ရှိပါတယ်။ စည်းမျဉ်းအမှတ် ၂၈ (Rule 28) လို့ ခေါ်ပါတယ်။

စည်းမျဉ်းအမှတ် ၂၉ (Rule 29) ကတော့ မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံး ဖြစ်ပါတယ်။ အဲဒီ စည်းမျဉ်းက နိုင်ငံတစ်ခုအတွက် ကိုယ်စားလှယ်ပြုမှု တင်သွင်းရာမှာ ကန့်ကွက်မှု၊ သို့မဟုတ် ပြိုင်ဆိုင်မှုရှိခဲ့ရင် ညီလာခံက ဆုံးဖြတ်ချက် တစုံတရာမချမီအထိ လက်ရှိကိုယ်စားလှယ်ကို တခြားကိုယ်စားလှယ်တွေနဲ့ အခွင့်အရေး တန်းတူ ညီလာခံဆက်တက်ခွင့်ပေးရန် ဖြစ်ပါတယ်။

(၃) NUG ရဲ့ သံတမန်ရေးရာအောင်ပွဲ။

ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရထံကနေ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါလ ၁ ရက်နေ့မှာ နိုင်ငံတော်အာဏာကို အကြမ်းဖက်လုယူသိမ်းပိုက်ခဲ့တဲ့ မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ ဖက်ဆစ်အုပ်စုဟာ ပြည်တွင်းမှာ ပြည်သူလူထုရဲ့ အရှိန်အဟုန်ကြီးမားတဲ့ ဆန့်ကျင်မှုကို အရှက်မဲ့မဲ့ ရင်ဆိုင်နေရသလို ပြည်ပမှာလည်း တရုတ်နဲ့ ရုရှားကလွဲရင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအစိုးရတွေရဲ့ အသိအမှတ်ပြုခြင်းကို မခံရသေးပါ။ ၂၀၂၁ ခုနှစ်၊ မေလ ၂၆ ရက်နေ့မှာ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ကနေ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ကျင်းပတဲ့ ၇၄ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံကြီးမှာ မင်းအောင်လှိုင် ဖက်ဆစ်အုပ်စုကို မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး တက်ရောက်ခွင့်မပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ 

အဲဒီလို ဆုံးဖြတ်ရတဲ့အကြောင်းရင်းက NUG ကလည်း ပြည်သူလူထု ရွေးချယ် တင်မြှောက်ထားတဲ့ အစိုးရအနေနဲ့ ညီလာခံတက်ခွင့်ပြုဖို့ ယှဉ်ပြိုင်လျှောက်ထားတာကြောင့် ဖြစ်ပါတယ်။ အလားတူပဲ တခြား ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေ ဖြစ်ကြတဲ့ နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် (ILO)၊ လူ့အခွင့်အရေးကောင်စီ (UNHRC)၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့ကလည်း သူတို့ရဲ့ နှစ်ပတ်လည် ညီလာခံအစည်းအဝေးကြီးတွေမှာ ဖက်ဆစ်အုပ်စုကိုရော၊ NUG ကိုပါ မြန်မာနိုင်ငံကို ကိုယ်စားပြု တက်ရောက်ခွင့်မပေးဖို့ ဇွန်၊ ဇူလိုင်လတွေမှာ ဆုံးဖြတ်ချက်တွေ ချခဲ့ပြီး လာမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံကနေမှ ဘယ်အဖွဲ့ကို ကိုယ်စားပြုခွင့်ပေးမလဲဆိုတာကို အဆုံးအဖြတ်ပေးဖို့ တောင်းဆိုကြပါတယ်။

အဲဒီလို ငြင်းပယ်မှုတွေဟာဖြင့် မင်းအောင်လှိုင် ဖက်ဆစ်အုပ်စုအတွက် နိုင်ငံတကာ အခင်းအကျင်းမှာ သံတမန်ရေးရာ ရှုံးနိမ့်မှုဖြစ်ပြီး NUG အတွက်တော့ အောင်ပွဲတွေ ဖြစ်ပါတယ်။ အထူးသဖြင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက စစ်အုပ်စုရဲ့ အာဏာလုယူမှုကို ကန့်ကွက်ပြီး အရပ်သားအစိုးရရဲ့ ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်နေတာ၊ စစ်အုပ်စုက ဦးကျော်မိုးထွန်းကို ရာထူးတာဝန်က ထုတ်ပယ်ကြောင်း ကြေညာပြီး အမြဲတမ်းကိုယ်စားလှယ်နေရာမှာ အစားထိုးဖို့ အကြိမ်ကြိမ် ကြိုးစားပေမယ့် အတွင်းရေးမှူးချုပ်ရုံးက လက်မခံဘဲ စည်းမျဉ်းအမှတ် ၂၉ အရ ဦးကျော်မိုးထွန်းကိုပဲ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် ညီလာခံတက်ခွင့်ပေးထားတာတွေက NUG အတွက် ကြီးမားတဲ့ သံတမန်ရေးရာ အောင်ပွဲတွေပါ။ ဒါပေမဲ့ အဲဒီအောင်မြင်မှုက အကန့်အသတ် ရှိပါတယ်။ လက်ရှိ ညီလာခံသက်တမ်း ကုန်ဆုံးတဲ့ စက်တင်ဘာလ ၁၃ ရက်နေ့အထိပါပဲ။ စက်တင်ဘာ ၁၄ ရက်နေ့မှာ စတင်မယ့် ၇၆ ကြိမ်မြောက်အထွေထွေညီလာခံကနေ စစ်အုပ်စုနဲ့ NUG ၊ ဘယ်သူက မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ညီလာခံတက်ခွင့်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် တခုခု ချမှတ်ရမှာပါ။

(၄) ဆုံးဖြတ်ချက်တစ်ခုခု။

ဆုံးဖြတ်ချက်ချရာမှာ ပထမအဆင့် ကိုယ်စားလှယ်စိစစ်ရေးကော်မတီက အကြံပြုချက်တစ်ခု တင်သွင်းရမှာဖြစ်ပြီး အဲဒီကော်မတီရဲ့ အကြံပြုချက်ကိုမှ အထွေထွေညီလာခံအစည်းအဝေးက မဲခွဲ၍ဖြစ်စေ၊ မဲမခွဲဘဲ အတည်ပြုခြင်းဖြင့် ဖြစ်စေ ဆုံးဖြတ်ရမှာပါ။ အခုလို ကုလသမဂ္ဂအထွေထွေညီလာခံကြီးကို နိုင်ငံတခုအတွက် ကိုယ်စားပြုတက်ရောက်ခွင့် အုပ်စု ၂ စုက ယှဉ်ပြိုင်တင်သွင်းတဲ့ အခြေအနေတွေ အရင်ကရှိခဲ့ဖူး၊ အခုလည်း ရှိနေပြီး၊ နောင်လည်း ဆက်ရှိနေဦးမှာပါ။ ဒါကြောင့် အရင်တုန်းက အလားတူပြဿနာတွေကို ဘယ်လို ဆုံးဖြတ်ခဲ့ဖူးသလဲ ဆိုတာကို လေ့လာကြည့်ဖို့ လိုပါတယ်။ အဲဒီလို လေ့လာကြည့်တဲ့အခါ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ ကိုက်ညီတဲ့ ဥပမာ ၃ ခုကို ဖော်ပြချင်ပါတယ်။

(၅) ကမ္ဘောဒီယား၊ အာဖဂန်နစ္စတန်၊ ၁၉၉၇။

၁၉၉၇ ခုနှစ် စက်တင်ဘာလမှာ စတင်ကျင်းပတဲ့ ၅၂ ကြိမ်မြောက် အထွေထွေညီလာခံမှာ ကမ္ဘောဒီယားနဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေအတွက် ကိုယ်စားလှယ်စာရင်း အပြိုင်တင်သွင်းမှုတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီနှစ်ရဲ့ ကိုယ်စားလှယ်စိစစ်ရေးကော်မီတီမှာ ဘာဘေးဒိုးနိုင်ငံက ဥက္ကဋ္ဌဖြစ်ပြီး အာဂျင်တီးနား၊ ဘူတန်၊ တရုတ်၊ ကူးတီးဘွား၊ နော်ဝေး၊ ရုရှား၊ အမေရိကန်နဲ့ ဇမ်ဘီယာတို့က အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။

၁၉၉၇ ခုနှစ်မှာ ကမ္ဘောဒီယားနိုင်ငံမှာ ဟွန်ဆန်နဲ့ မင်းသား ရာနာရစ်တို့က ပူးတွဲဝန်ကြီးချုပ်များအဖြစ် တာဝန်ယူခဲ့ကြပါတယ်။ ဒါပေမဲ့ ဟွန်ဆန်က စစ်တပ်နဲ့ပေါင်းပြီး အာဏာသိမ်းလိုက်တဲ့အတွက် မင်းသားရာနာရစ် ပြင်သစ်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်ရပါတယ်။ စက်တင်ဘာလမှာ ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်ဖို့ ပြည်တွင်းမှာ အာဏာကို ချုပ်ကိုင်ထားတဲ့ ဝန်ကြီးချုပ်ဟွန်ဆန် အစိုးရကရော၊ ပြည်ပြေးဖြစ်နေတဲ့ မင်းသားရာနာရစ် အစိုးရကပါ ကိုယ်စားလှယ်အမည်စာရင်း တင်သွင်းခဲ့ပါတယ်။ အဲဒီအချိန်မှာ ကမ္ဘောဒီယားနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်က မင်းသားရာနာရစ်က ခန့်အပ်ထားသူ ဖြစ်ပြီး မင်းသားရာနာရစ်ကို ဆက်လက်ထောက်ခံသူပါ။

အဲဒီနှစ်မှာပဲ အာဖဂန်နစ္စတန်နိုင်ငံမှာလည်း သမ္မတ ရဘ်ဘိုင်နီအစိုးရက မြို့တော် ကဘူးလ်နဲ့ အနီးတဝိုက်ကိုသာ ထိန်းချုပ်ထားနိုင်ပြီး တာလီဘန်တွေက နိုင်ငံရဲ့ သုံးပုံ နှစ်ပုံလောက်ကို ထိန်းချုပ်ထားနိုင်ချိန်ပါ။ သမ္မတ ရဘ်ဘိုင်နီအစိုးရကရော၊ တာလီဘန်အစိုးရကပါ ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်ဖို့ ကိုယ်စားလှယ်အမည်စာရင်း တင်သွင်းခဲ့ပါတယ်။ အဲဒီအချိန်မှာ အာဖဂန်နစ္စတန်နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်က သမ္မတ ရဘ်ဘိုင်နီအစိုးရက ခန့်အပ်ထားသူ ဖြစ်ပြီး သမ္မတ ရဘ်ဘိုင်နီအစိုးရကို ဆက်လက်ထောက်ခံသူပါ။ 

ကိုယ်စားလှယ်စိစစ်ရေးကော်မတီက အကြံပြုချက် ၂ မျိုး ချမှတ်ပါတယ်။ ကမ္ဘောဒီယားနိုင်ငံအတွက် ကိုယ်စားလှယ်တက်ရောက်ခွင့် ဆုံးဖြတ်ချက်ကို နောင်တစ်ချိန်ကျမှ ဆုံးဖြတ်ရန် ရွှေ့ဆိုင်းထားပြီး လက်ရှိအခြေအနေမှာ ကမ္ဘောဒီယားနိုင်ငံရဲ့ ကိုယ်စားလှယ်နေရာကို လစ်လပ်ထားဖို့ ဖြစ်ပါတယ် (Defer action and no one occupies the seat.)။ 

အာဖဂန်နစ္စတန်နိုင်ငံအတွက်လည်း ကိုယ်စားလှယ် တက်ရောက်ခွင့် ဆုံးဖြတ်ချက်ကို နောင်တစ်ချိန်ကျမှ ဆုံးဖြတ်ရန် ရွှေ့ဆိုင်းထားဖို့၊ ဒါပေမဲ့ သမ္မတ ရဘ်ဘိုင်နီအစိုးရကခန့်အပ်ထားတဲ့ လက်ရှိအမြဲတမ်းကိုယ်စားလှယ်ကို ညီလာခံက တစ်စုံတစ်ရာဆုံးဖြတ်နိုင်တဲ့အချိန်အထိ စည်းမျဉ်းအမှတ် ၂၉ အရ ညီလာခံဆက်တက်ခွင့်ပေးဖို့ ဖြစ်ပါတယ် (Defer action, but allow the incumbent to participate in the UNGA.)။

အဲဒီကော်မတီရဲ့ အကြံပြုချက်တွေကို ကော်မတီရဲ့ အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြပြီး အထွေထွေညီလာခံကို ၁၉၉၇ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ တင်သွင်းပါတယ်။ အထွေထွေညီလာခံက ကော်မတီရဲ့ အစီရင်ခံစာကို ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ဆွေးနွေးပါတယ်။ 

ကမ္ဘောဒီယားနိုင်ငံဆိုင်ရာ အကြံပြုချက်နဲ့ပတ်သက်ပြီး ငြင်းခုံခြင်း၊ ကန့်ကွက်ဆွေးနွေးခြင်း မရှိပေမယ့် အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ အကြံပြုချက်နဲ့ ပတ်သက်ပြီး ပါကစ္စတန်နိုင်ငံရဲ့ အမြဲတမ်းကိုယ်စားလှယ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ဆွေးနွေးပါတယ်။ သူက အာဖဂန်နစ္စတန်နိုင်ငံအတွက်လည်း ကမ္ဘောဒီယားနိုင်ငံလိုပဲ ကိုယ်စားလှယ်နေရာကို လစ်လပ်ထားသင့်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ကော်မတီရဲ့ အစီရင်ခံစာကို မဲခွဲဆုံးဖြတ်ဖို့တော့ မတောင်းဆိုပါ။ ဒါကြောင့်လည်း ကော်မတီရဲ့ ကမ္ဘောဒီယားနိုင်ငံနဲ့ အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ အကြံပြုချက်တွေ ပါဝင်တဲ့ အစီရင်ခံစာကို ညီလာခံက မဲမခွဲဘဲ အတည်ပြုခဲ့ပါတယ်။

(၆) လစ်ဗျား ၊ ၂၀၁၁။

၂၀၁၁ ခုနှစ်မှာ လစ်ဗျားနိုင်ငံကို အမေရိကန်နဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံများက ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်နဲ့ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ အာဏာရှင် ကဒတ်ဖီးအစိုးရ ပြုတ်ကျပြီး မဟာမိတ်တပ်ဖွဲ့တွေက သူတို့ လိုလားတဲ့ လစ်ဗျား အတိုက်အခံခေါင်းဆောင်တွေနဲ့ အသွင်ကူးပြောင်းရေးကာလအစိုးရကို "အသွင်ကူးပြောင်းရေး ကာလ အမျိုးသားကောင်စီ" (NTC) အမည်နဲ့ ဖွဲ့စည်း တာဝန်ပေးအပ်ပါတယ်။ အဲဒီ NTC ကနေ စက်တင်ဘာလမှာ ကျင်းပတဲ့ ၆၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို လစ်ဗျားနိုင်ငံကို ကိုယ်စားပြုတက်ရောက်မယ့် ကိုယ်စားလှယ်အဖွဲ့အမည်စာရင်းကို စက်တင်ဘာလ ၁၃ ရက်နေ့မှာ တင်သွင်းပါတယ်။ အဲဒီနှစ်က အထွေထွေညီလာခံရဲ့ ကိုယ်စားလှယ်စိစစ်ရေးကော်မတီမှာ ပနားမားနိုင်ငံက ဥက္ကဋ္ဌဖြစ်ပြီး တရုတ်၊ ကော့စတာရီကာ၊ အီဂျစ်၊ အီတလီ၊ မော်လဒိုက်၊ ရုရှား၊ ဆီနီဂေါ နဲ့ အမေရိကန်တို့ ပါဝင်ကြပါတယ်။

ကော်မတီကနေ အရင်ဆုံးရရှိတဲ့ လစ်ဗျားအပါအဝင် နိုင်ငံ ၁၇ နိုင်ငံရဲ့ ကိုယ်စားလှယ်များကို အတည်ပြုသင့်ကြောင်း အစီရင်ခံစာ (ပထမပိုင်း) ကို အထွေထွေညီလာခံကို စက်တင်ဘာ ၁၄ ရက်နေ့မှာ တင်သွင်းပါတယ်။ အဲဒီအစီရင်ခံစာကို ညီလာခံက စက်တင်ဘာ ၁၆ ရက်နေ့မှာ ဆွေးနွေးပါတယ်။ တခြား ၁၆ နိုင်ငံနဲ့ ပတ်သက်ပြီး ကန့်ကွက်သူ မရှိပေမယ့် လစ်ဗျားနိုင်ငံရဲ့ ကိုယ်စားလှယ်နဲ့ပါတ်သက်ပြီး နိုင်ငံအချို့က ပြင်းပြင်းထန်ထန် ကန့်ကွက်ကြပါတယ်။ ကန့်ကွက်တဲ့နိုင်ငံတွေက ဗင်နီဇွဲလား၊ ကျူးဘား၊ ဘိုလစ်ဗီးယား၊ နိုက်ကာရာဂွါ၊ အန်ဂိုလာ စတဲ့ နိုင်ငံတွေဖြစ်ပြီး သူတို့ ကန့်ကွက်ရခြင်းရဲ့အဓိကအကြောင်းရင်းက အမေရိကန်နဲ့ အနောက်အုပ်စုနိုင်ငံများက ဖွဲ့စည်းပေးထားတဲ့ NTC ကို လစ်ဗျားပြည်သူများကို အမှန်တကယ်ကိုယ်စားပြုတယ်လို့ လက်မခံနိုင်ကြတာပါ။ အဲဒီနောက် အန်ဂိုလာနိုင်ငံက "တောင်ပိုင်းအာဖရိကနိုင်ငံများ ဖွံ့ဖြိုးတိုးတက်မှုအသိုင်းအဝိုင်း" (Southern African Development Community) ရဲ့ ကိုယ်စား အဆိုပြုချက် တင်သွင်းပါတယ်။ အဲဒီအဆိုပြုချက်က လစ်ဗျားနိုင်ငံရဲ့ ညီလာခံတက်ရောက်ခွင့်ဆိုင်ရာ ဆုံးဖြတ်ချက်ကို ဆိုင်းငံ့ထားဖို့ ဖြစ်ပါတယ်။ အဲဒီ အဆိုပြုချက်ကို မဲခွဲဆုံးဖြတ်ရာမှာ အဆိုပြုချက်ကို ထောက်ခံမဲ ၂၂ မဲပဲ ရပြီး အရေးနိမ့်ပါတယ်။ ၁၀၇ နိုင်ငံက ကန့်ကွက်ပြီး ၁၂ နိုင်ငံက ကြားနေကြပါတယ်။ အဲဒီနောက် ကော်မတီရဲ့ အစီရင်ခံစာကိုလည်း မဲခွဲဆုံးဖြတ်ကြရာမှာ ထောက်ခံမဲ ၁၁၄ မဲ၊ ကန့်ကွက်မဲ ၁၇ မဲ၊ ကြားနေမဲ ၁၅ မဲနဲ့ အနိုင်ရ၊ အတည်ပြုနိုင်ခဲ့ပါတယ်။

(၇) ပြတ်ပြတ်သားသားတော့ မဖြစ်နိုင်သေးပါ။

ကုလသမဂ္ဂ အထွေထွေညီလာခံကနေ အာဏာသိမ်းစစ်အုပ်စုတွေကို ငြင်းပယ်ခဲ့တဲ့ အစဉ်အလာတွေ၊ ပြည်သူကိုယ်စားပြု အစိုးရတွေဘက်ကနေ ပြတ်ပြတ်သားသား ရပ်တည်ခဲ့တဲ့ အစဉ်အလာတွေလည်း ရှိခဲ့ပါတယ်။ ၁၉၇၃ နဲ့ ၁၉၇၄ ခုနှစ်တွေမှာ အထွေထွေညီလာခံက တောင်အာဖရိကနိုင်ငံ လူဖြူအစိုးရရဲ့ ကိုယ်စားလှယ်အဖွဲ့ကို ညီလာခံတက်ရောက်ခွင့် ငြင်းပယ်ခဲ့ပါတယ်။ ၁၉၇၁ ခုနှစ်မှာ တိုင်ဝမ်အစိုးရကို တရုတ်နိုင်ငံ ကိုယ်စားပြုခွင့်ကနေ ဖယ်ရှားပြီး တရုတ်ကွန်မြူနစ်ပါတီအစိုးရရဲ့ ကိုယ်စားလှယ်အဖွဲ့ကို စတင် လက်ခံခဲ့ပါတယ်။ ၁၉၅၆ ခုနှစ်မှာ ဆိုဗီယက်ယူနီယံ ခေါင်းဆောင်တဲ့ ဝါဆောတပ်ဖွဲ့တွေက ဝင်ရောက်သိမ်းပိုက်ပြီး ဆိုဗီယက် အလိုကျ ဖွဲ့စည်းထားတဲ့ ဟန်ဂေရီရုပ်သေးအစိုးရရဲ့ ကိုယ်စားလှယ်အဖွဲ့ကို လက်မခံခဲ့ပါ။ ၁၉၉၆ ကနေ ၂၀၀၀ ပြည့်နှစ်အထိ ညီလာခံက အာဖဂန်နစ္စတန်နိုင်ငံကို အပြည့်အဝစိုးမိုးထားနိုင်တဲ့ တာလီဘန်အစိုးရရဲ့ ကိုယ်စားလှယ်ကို ညီလာခံတက်ရောက်ခွင့် မပေးခဲ့ပါ။ ၁၉၉၁ ခုနှစ်မှာ ဟေတီနိုင်ငံမှာ စစ်တပ်က အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့ပါတယ်။ ညီလာခံက အာဏာသိမ်းစစ်အစိုးရရဲ့ ကိုယ်စားလှယ်ကို ငြင်းပယ်ခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်မှာ ဆီရာလီရွန်နိုင်ငံမှာ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို စစ်တပ်က ဖြုတ်ချ အာဏာသိမ်းပါတယ်။ ညီလာခံက စစ်တပ်ရဲ့ ကိုယ်စားလှယ်ကို လက်မခံဘဲ အရပ်သားအစိုးရရဲ့ ကိုယ်စားလှယ်ကိုပဲ ညီလာခံတက်ခွင့်ပြုခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီအစဉ်အလာတွေက ပြီးခဲ့ပြီလို့ ဆိုရမှာပါ။ ဒီနေ့ခေတ်လို အမေရိကန်ဩဇာနဲ့ လွှမ်းမိုးမှု ကျဆင်းနေချိန်၊ တရုတ်ရဲ့ ဩဇာဖြန့်ကြက်မှု ကျယ်ပြန့်လာချိန်၊ အမေရိကန်နဲ့ တရုတ် ဆက်ဆံရေး၊ အမေရိကန်နဲ့ ရုရှားဆက်ဆံရေးတွေ အဆိုးဝါးဆုံး တင်းမာနေချိန်၊ အာဏာဏာရှင်အစိုးရတွေ ပိုပြီး စည်းလုံးလာချိန်နဲ့ တရုတ်နဲ့ ရုရှားက မင်းအောင်လှိုင် ဖက်ဆစ်အုပ်စုကို ပြောင်ပြောင်တင်းတင်း အားပေးထောက်ခံနေချိန်မှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အထွေထွေညီလာခံက မင်းအောင်လှိုင် စစ်အုပ်စုကို ပြတ်ပြတ်သားသား ငြင်းပယ်ပြီး NUG ကို အသိအမှတ်ပြု လက်ခံဖို့ဆိုတာ မဖြစ်နိုင်ပါ။ အနီးဆုံး ဖြစ်ပျက်ခဲ့တဲ့ ဗင်နီးဇွဲလား အတွေ့အကြုံကို ကြည့်ပါ။

(၈) ဗင်နီဇွဲလားအတွေ့အကြုံ၊၂၀၁၉။  

ဗင်နီဇွဲလားနိုင်ငံကို ဆိုရှယ်လစ်အာဏာရှင်အစိုးရက အုပ်ချုပ်နေတာ နှစ်ပေါင်းအတော်ကြာပါပြီ။ ပြည်သူလူထုရဲ့ ဒီမိုကရေစီ တောင်းဆိုတိုက်ပွဲဝင်မှုတွေကလည်း အတော်အတန် အားကောင်းပေမယ့် စစ်တပ်က အာဏာရှင်များဘက်ကပဲ ရပ်တည်နေပါတယ်။ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့မှာ လက်ရှိသမ္မတ နစ်ကိုလပ်စ် မဒူရို (Nicolas Maduro) က ရွေးကောက်ပွဲမှာ ထပ်မံအနိုင်ရတယ်လို့ ကြေညာပြီး ဒုတိယအကြိမ် ၆ နှစ်သက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုပါတယ်။ အဲဒီရွေးကောက်ပွဲဟာ မတရား၊ မမျှတ၊ မသန့်ရှင်းဘူးလို့ ပြည်တွင်းကရော နိုင်ငံတကာကပါ ကန့်ကွက်ရှုတ်ချထားတာပါ။ မဒူရိုရဲ့ အောင်ပွဲကို ဗင်နီဇွဲလားလွှတ်တော်က လက်မခံဘဲ မဒူရိုဟာ သမ္မတ မဟုတ်တော့ဘူးလို့ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ကြေညာပါတယ်။ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ လွှတ်တော်ဥက္ကဋ္ဌ ဝမ်ဂိုဒ်ဒို (Juan Guido) ကို ယာယီသမ္မတအဖြစ် လွှတ်တော်က တင်မြှောက်ပါတယ်။ ပြည်သူ သန်းပေါင်းများစွာကလည်း လမ်းမတွေပေါ်ထွက်ပြီး မဒူရိုအစိုးရကို ဆန့်ကျင် ဆန္ဒပြကြပါတယ်။ အဲဒီ ဆန္ဒပြပြည်သူတွေကို မဒူရိုက စစ်တပ်အင်အားနဲ့ အကြမ်းဖက်ဖြိုခွဲပါတယ်။ 

အမေရိကန်၊ ဥရောပသမဂ္ဂနိုင်ငံများနဲ့ အမေရိကတိုက်နိုင်ငံများ၊ စုစုပေါင်း ၆၀ နီးပါးက ဝမ်ဂိုဒ်ဒိုအစိုးရကို ဗင်နီဇွဲလားနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုကြပြီး မဒူရိုကို ရာထူးမှ နုတ်ထွက်ပေးဖို့ တောင်းဆိုကြပါတယ်။ မဒူရိုအစိုးရအပေါ်လည်း စီးပွားရေး၊ သံတမန်ရေး ပိတ်ဆို့အရေးယူကြပါတယ်။ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့မှာ အမေရိကန် ဒုသမ္မတ မိုက်ပင်းစ် (Mike Pence) က ကုလသမဂ္ဂကနေ မဒူရိုအစိုးရကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဖယ်ရှားဖို့ တောင်းဆိုပါတယ်။ အဲဒီလို ဖယ်ရှားနိုင်ဖို့ အထွေထွေညီလာခံမှာ ဆုံးဖြတ်ချက်မူကြမ်း တရပ်ကို တင်သွင်းရေး အမေရိကန်နဲ့ မဟာမိတ်နိုင်ငံများက ပြင်ဆင်ကြပါတယ်။ အဲဒီလို မဒူရိုကိုယ်စားလှယ်များကို ညီလာခံကနေ ဖယ်ရှားမယ့် အစီအစဉ်ကို တရုတ်၊ ရုရှား၊ အီရန်၊ ကျူးဘား၊ တူရကီ စတဲ့ နိုင်ငံများက ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြပါတယ်။

ဒီလိုနဲ့ အမေရိကန်အစိုးရရဲ့ ဆုံးဖြတ်ချက်မူကြမ်းကို တရားဝင်မတင်သွင်းမီ အဖွဲ့ဝင်နိုင်ငံများရဲ့ မဲပေးနိုင်တဲ့အခြေအနေကို လေ့လာသုံးသပ်ကြတဲ့အခါ ၁၉၃ နိုင်ငံပါဝင်တဲ့ အထွေထွေညီလာခံမှာ ထက်ဝက်ကျော် ထောက်ခံမဲရဖို့ မဖြစ်နိုင်ဘူးလို့ လေ့လာတွေ့ရှိကြပါတယ်။ ဒါကြောင့်ပဲ အမေရိကန်နဲ့ မဟာမိတ်များက မဒူရိုအစိုးရကိုယ်စားလှယ်များကို ညီလာခံကနေ ငြင်းပယ်မယ့် ဆုံးဖြတ်ချက်မူကြမ်း တင်သွင်းရေးအစီအစဉ်ကို နောက်ဆုတ်လိုက်ရပါတယ်။ အဲဒီလို အရေးနိမ့်ရတဲ့အပြင် အောက်တိုဘာလမှာ အထွေထွေညီလာခံက မဒူရိုရဲ့ ဗင်နီဇွဲလားနိုင်ငံကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ အဖွဲ့ဝင်နိုင်ငံသစ်အဖြစ် ရွေးချယ် တင်မြှောက်လိုက်ပါသေးတယ်။ ဒေဝဒတ်မှာလည်း သူ့ ပရိသတ်နဲ့ သူလို့ ဆိုကြတယ်မဟုတ်လား။ 

(၉) ဘာကို မျှော်လင့်နိုင်မှာလဲ။

မြန်မာနိုင်ငံအခြေအနေအတွက် ကိုယ်စားလှယ်စိစစ်ရေးကော်မတီက တင်ပြမယ့် အကြံပြုချက်နဲ့ အထွေထွေညီလာခံက ချမှတ်နိုင်တဲ့ ဆုံးဖြတ်ချက်ကတော့ (က) ဆုံးဖြတ်ချက်ချရန် ရွှေ့ဆိုင်းပြီး မြန်မာနိုင်ငံကိုယ်စားလှယ်နေရာကို လစ်လပ်ထားတာ (သို့မဟုတ်) (ခ) ဆုံးဖြတ်ချက်ချရန် ရွှေ့ဆိုင်းပြီး လက်ရှိကိုယ်စားလှယ်ကို ညီလာခံ ဆက်တက်ခွင့်ပေးတာ၊ တစ်ခုခု ဖြစ်လိမ်မယ်လို့ မျှော်လင့်ပါတယ်။ စစ်အုပ်စုကို အသိအမှတ်ပြုတာ၊ စစ်အုပ်စုရဲ့ ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတာတော့ လုံးဝ မဖြစ်နိုင်ဘူးလို့ ယုံကြည်ပါတယ်။ NUG ကိုယ်စားလှယ်ကို လက်ခံတာလည်း မဖြစ်နိုင်ပါ။ ဒါဟာလည်း ကိုယ်စားလှယ်အမည်စာရင်းကို ဘယ်လို တင်သွင်းသလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။

ကိုယ်စားလှယ်အမည်စာရင်း တင်သွင်းရာမှာ စစ်အုပ်စုကတော့ မင်းအောင်လှိုင် (သို့မဟုတ်) ဝဏ္ဏမောင်လွင် လက်မှတ်ရေးထိုးထားတဲ့ ကိုယ်စားလှယ်စာရင်းကို နေပြည်တော်ကနေ နယူးယောက်က အတွင်းရေးမှူးချုပ်ရုံးကို တိုက်ရိုက်တင်သွင်းလိမ့်မယ် ထင်ပါတယ်။ ဒီဘက်က ဆုံးဖြတ်ရမှာက NUG က ယာယီသမ္မတကြီး ဒူဝါလရှီးလ (သို့မဟုတ်) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း (သို့မဟုတ်) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် လက်မှတ်ရေးထားတဲ့ NUG ကိုယ်စားလှယ်စာရင်းကို တိုက်ရိုက်တင်သွင်းမှာလား၊ ဒါမှမဟုတ် လက်ရှိ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကနေ တင်သွင်းမှာလားဆိုတာကိုပါ။

တကယ်လို့ NUG က ကိုယ်စားလှယ်စာရင်းကို တိုက်ရိုက်တင်သွင်းမယ်ဆိုရင် စစ်အုပ်စုနဲ့ NUG ကို ကိုယ်စားလှယ်စိစစ်ရေးကော်မတီက ပြိုင်ဘက်အင်အားစုများအဖြစ် စဉ်းစားရမှာပါ။ အဲဒီလို ယှဉ်ပြိုင်ဘက်များအနေနဲ့ စဉ်းစားတဲ့အခါ တစ်ဘက်ဘက်ကို လက်ခံတာလည်း ဖြစ်နိုင်ပါတယ်။ နှစ်ဘက်စလုံးကို လက်မခံသေးပဲ ဆုံးဖြတ်ချက်ချဖို့ကို နောင်ကာလတစ်ခုအထိ ရွှေ့ဆိုင်းတာလည်း ဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံအတွက်ဆိုရင်တော့ စစ်အုပ်စုကို လက်ခံဖို့၊ NUG ကို လက်ခံဖို့ ဆိုတာတွေ မဖြစ်နိုင်ပါ။  နှစ်ဘက်စလုံးကို လက်မခံသေးပဲ ဆုံးဖြတ်ချက်ချဖို့ကို နောင်ကာလတစ်ခုအထိ ရွှေ့ဆိုင်းတာပဲ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ စစ်အုပ်စုရော၊ NUG ပါ ကုလသမဂ္ဂမှာ လက်ရှိကိုယ်စားလှယ်ရှိမနေတဲ့အတွက် "စည်းမျဉ်း ၂၉ အရ လက်ရှိကိုယ်စားလှယ်က ညီလာခံဆက်တက်နိုင်တဲ့ အခွင့်အရေး" ကိုတော့ မရနိုင်ပါ။

ကုလသမဂ္ဂအထွေထွေညီလာခံမှာ လက်ရှိ မြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ်က သံအမတ်ကြီး ဦးကျော်မိုးထွန်းဖြစ်ပြီး အထွေထွေညီလာခံရဲ့ စည်းမျဉ်းများနဲ့ အသိအမှတ်ပြုမှုအရ သူဟာ စစ်အုပ်စုကိုရော NUG ကိုရော ကိုယ်စားမပြုပါ။ သူဟာ သူ့ကို ခန့်အပ်တာဝန်ပေးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အစိုးရကိုပဲ ဆက်လက်ကိုယ်စားပြုပါတယ်။ ဒါကြောင့် NUG က စစ်အုပ်စုနဲ့ ယှဉ်ပြိုင်ပြီး ကိုယ်စားလှယ်အမည်စာရင်း တင်သွင်းခဲ့ရင် အဲဒီ စာရင်းထဲမှာ ဦးကျော်မိုးထွန်းအမည် ပါဝင်နေရင်တောင်မှ ဦးကျော်မိုးထွန်းဟာ NUG ရဲ့ လက်ရှိကိုယ်စားလှယ်မဟုတ်တဲ့အတွက် "စည်းမျဉ်း ၂၉ အရ လက်ရှိကိုယ်စားလှယ်က ညီလာခံဆက်တက်နိုင်တဲ့ အခွင့်အရေး" ကို ဆုံးရှုံးရမှာဖြစ်ပါတယ်။

ဒီမှာ စဉ်းစားစရာရှိတာက ဦးကျော်မိုးထွန်းကရော လက်ရှိကိုယ်စားလှယ်အနေနဲ့ အမည်စာရင်းတင်သွင်းလို့ ရသလားဆိုတာကိုပါ။ စည်းမျဉ်း ၂၇ အရ ညီလာခံတက်ရောက်မယ့် ကိုယ်စားလှယ်စာရင်းကို သက်ဆိုင်ရာနိုင်ငံရဲ့ သမ္မတ (သို့မဟုတ်) ဝန်ကြီးချုပ် (သို့မဟုတ်) နိုင်ငံခြားရေးဝန်ကြီးက လက်မှတ်ရေးထိုးတင်သွင်းရမယ်လို့ ဆိုတာကိုး။ အခုအချိန်မှာ သမ္မတကြီး ဦးဝင်းမြင့်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့က လက်မှတ်ရေးထိုးပေးနိုင်တဲ့ အခြေအနေမှာ မရှိပါ။

ဒါပေမဲ့ ကုလသမဂ္ဂဆိုတာကလည်း တရားဝင်ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာသလို အစဉ်အလာဆိုတာကိုလည်း လက်ခံတဲ့ အဖွဲ့အစည်းပါ။ နှစ်စဉ်နှစ်တိုင်း အဖွဲ့ဝင်နိုင်ငံများက ကိုယ်စားလှယ်စာရင်း တင်သွင်းကြရာမှာ စည်းမျဉ်း ၂၇ အတိုင်း အတိအကျတင်သွင်းကြတာရှိသလို နယူးယောက်မှာ အခြေစိုက်တဲ့ အမြဲတမ်းကိုယ်စားလှယ်တွေကပဲ သက်ဆိုင်ရာ အစိုးရတွေကိုယ်စား တင်သွင်းကြတာရှိပါတယ်။ အဲဒီလို တင်သွင်းတာကိုလည်း တရားဝင်တယ်လို့ ကုလသမဂ္ဂရဲ့ ဥပဒေရေးရာဌာန (UN Office of Legal Affairs) က သဘောထားပေးထားပါတယ်။ ၇၅ ကြိမ်မြောက် အထွေထွေညီလာခံအတွက် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့မှာ တင်သွင်းတဲ့ ကိုယ်စားလှယ်စိစစ်ရေးကော်မတီရဲ့ အစီရင်ခံစာကို ကြည့်မယ်ဆိုရင် အဖွဲ့ဝင် ၃၃ နိုင်ငံကသာ စည်းမျဉ်း ၂၇ အတိုင်းအတိအကျ ကိုယ်စားလှယ်စာရင်းတင်သွင်းပြီး ကျန်တဲ့ နိုင်ငံပေါင်း ၁၆၀ က အမြဲတမ်းကိုယ်စားလှယ်များကတဆင့် တင်သွင်းခဲ့တယ်လို့ ဆိုပါတယ်။ ပြီးတော့ အားလုံးကို လက်ခံအသိအမှတ်ပြုခဲ့ပါတယ်။ ဒါကြောင့် လာမယ့် အထွေထွေညီလာခံအတွက် မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်စာရင်းကို လက်ရှိကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ လက်မှတ်မပါပဲ တင်သွင်းခွင့်ရှိပါတယ်။ အဲဒီလို တင်သွင်းမယ်ဆိုရင် (လက်ဝှေ့စကားနဲ့ ပြောမယ်ဆိုရင်) ဦးကျော်မိုးထွန်းက လက်ရှိချံပီယံဖြစ်ပြီး စစ်အုပ်စုက စိန်ခေါ်သူဖြစ်ပါလိမ့်မယ်။ ကော်မတီနဲ့ ညီလာခံက လက်ရှိနဲ့ စိန်ခေါ်သူကြား စဉ်းစားဆုံးဖြတ်ရာမှာ နှစ်ဘက်စလုံးကို လက်မခံသေးပဲ ဆုံးဖြတ်ချက်ချဖို့ကို ရွှေ့ဆိုင်းရင်တောင်မှ စည်းမျဉ်းအမှတ် ၂၉ အရ လက်ရှိကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ညီလာခံဆက်တက်ခွင့် ရရှိနိုင်ပါလိမ့်မယ်။ ဒါဟာဖြင့် NUG ရဲ့ အောင်ပွဲ၊ ကျနော်တို့ အားလုံးရဲ့ အောင်ပွဲပါ။

(၁၀) စိန်ခေါ်မှုများ။

လာမယ့် စက်တင်ဘာလ ၁၄ ရက်နေ့မှာ စတင်ကျင်းပမယ့် ၇၆ ကြိမ်မြောက် အထွေထွေညီလာခံကြီးရဲ့ ပထမဆုံးစုံညီအစည်းအဝေးကနေ ကိုယ်စားလှယ်စိစစ်ရေးကော်မတီကို ဖွဲ့စည်းပါလိမ့်မယ်။ နှစ်စဉ်အတွေ့အကြုံများအရ အမေရိကန်၊ ရုရှားနဲ့ တရုတ်နိုင်ငံများက အမြဲတမ်းပါဝင်မှာဖြစ်ပြီး အမေရိကန်ကတစ်ဘက်၊ ရုရှားနဲ့ တရုတ်က တစ်ဘက် မြန်မာ့အရေး ကော်မတီထဲမှာ အားပြိုင်ကြမှာပါ။ အဲဒီမှာ စက်တင်ဘာ ၁၄ ရက်နေ့မှာမှ သိရမယ့် တခြားအဖွဲ့ဝင် ၆ နိုင်ငံရဲ့ ရပ်တည်မှုကလည်း အရေးကြီးပါတယ်။ ပြီးတော့ ကော်မတီရဲ့ အကြံပြုချက်နဲ့၊ အစီရင်ခံစာတွေကို မဲခွဲဆုံးဖြတ်လေ့မရှိပဲ အားလုံးပါဝင်သဘောတူညီမှု (Consensus) နဲ့ ချမှတ်ကြတာမို့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်၊ ရုရှားတို့ကြား ဘုံသဘောတူညီနိုင်တာက ဘယ်ဘက်ကိုမှ လက်မခံပဲ ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းရန်ပဲ ဖြစ်ပါလိမ့်မယ်။ ဦးကျော်မိုးထွန်းကို လက်ရှိကိုယ်စားလှယ်အဖြစ် ညီလာခံတက်ခွင့်ပေးရေးနဲ့ပတ်သက်လို့ကတော့ ကျန်တဲ့ ၆ နိုင်ငံထဲမှာ ဘယ်နှစ်နိုင်ငံက မြန်မာ့အရေးကို နားလည်မှု၊ စိတ်ဝင်စားမှုရှိသလဲ၊ မြန်မာပြည်သူတွေအပေါ် ဘယ်လောက်စာနာမှုရှိသလဲ၊ အမေရိကန်နဲ့ ဘယ်လောက်ရင်းနှီးသလဲ စတဲ့အချက်တွေပေါ် မူတည်ပါလိမ့်မယ်။  

တကယ်လို့ ကော်မတီက "ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းရန်နှင့် လက်ရှိကိုယ်စားလှယ်ကို ညီလာခံတက်ခွင့်ပြုရန်" ဆိုပြီး ညီလာခံကို အစီရင်ခံစာ တင်သွင်းရင်တောင်မှ ကော်မတီရဲ့ အကြံပြုချက်ကို စိန်ခေါ်တဲ့ နိုင်ငံပေါ်ပေါက်လာနိုင်ပါသေးတယ်။ ဘယ်လားရုစ်၊ ကျူးဘား၊ အီရန်၊ မြောက်ကိုရီးယား စတဲ့ မြန်မာစစ်အုပ်စုအပေါ် သံယောဇဉ်ကြီးတဲ့ နိုင်ငံတွေ၊ အမေရိကန် ဦးဆောင်သမျှ ဆန့်ကျင်မယ်ဆိုတဲ့ နိုင်ငံတွေက ကော်မတီရဲ့ အကြံပြုချက်ကို လက်မခံဘဲ စစ်အုပ်စုရဲ့ ကိုယ်စားလှယ်ကို လက်ခံဖို့၊ ဒါမှမဟုတ် မြန်မာနိုင်ငံကိုယ်စားလှယ်နေရာကို လစ်လပ်ထားဖို့ဆိုပြီး အဆိုတင်သွင်းနိုင်ပါသေးတယ်။

စိန်ခေါ်မှုတွေ ရှိနေပေမယ့် မင်းအောင်လှိုင်ဖက်ဆစ်အုပ်စုကို ကုလသမဂ္ဂအထွေထွေညီလာခံကနေ မောင်းထုတ်ရေး လှုပ်ရှားမှုကြီး အောင်မြင်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ ကျနော်တို့ရဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ညီလာခံ ဆက်လက်တက်ရောက်ခွင့်ရမယ်လို့ ယုံကြည်ပါတယ်။

ပြည်တွင်းမှာ NUG ရဲ့ တိုက်ပွဲခေါ်သံနဲ့အတူ အောင်မြင်မှုတွေ တိုးမြှင့်ရရှိလာတာနဲ့အမျှ ဦးကျော်မိုးထွန်းကို NUG ရဲ့ ကိုယ်စားလှယ်အဖြစ်၊ တစ်နည်းအားဖြင့် NUG ကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် ကုလသမဂ္ဂနဲ့ ကမ္ဘာ့နိုင်ငံများက အသိအမှတ်ပြု လက်ခံလာလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။

အရေးတော်ပုံ အောင်ကို အောင်ရမည်။

အောင်ဒင် (စက်တင်ဘာ ၄၊ ၂၀၂၁)

3 months Ago
Up