ဖက်ဆစ်တော်လှန်ရေးနေ့

March 28, 2021

မန္တလေးတွင် ဖက်ဆစ်တော်လှန်ရေးနေ့က အကြမ်းဖက်စစ်အုပ်စု ပစ်ခတ်မှုကြောင့် ၁၃ ဦးကျဆုံး

မန္တလေးမြို့မှာ မတ်လ ၂၇ ရက်နေ့၊ ဖက်ဆစ်တော်လှန်ရေးနေ့က အကြမ်းဖက် စစ်တပ်နဲ့ရဲတပ်ဖွဲ့က ပစ်ခတ်သတ်ဖြတ်ခဲ့တာကြောင့် ကျဆုံးသူ ၁၃ ဦးရှိတယ်လို့ လူမှု ကူညီရေး အသင်းတွေဆီက သိရပါတယ်။

ကိုဇော်မင်းသန့် (၁၉ နှစ်) နဖူးကျည်ထိ၊ ကိုကျော်သူရ (၄၂ နှစ်) ရင်ညွန့်ကျည်ထိ၊ လင်းလင်းထွန်း (၃၉ နှစ်) လည်ပင်းကျည်ထိ၊ မောင်မင်းဦး (၃၉ နှစ်) နဖူးကျည်ထိ၊ ကိုထက်မြက်ကျော် (၂၈ နှစ်) ရင်ညွန့်ကျည်ထိ၊ ဦးမျိုးသက် ဆီးအိမ် တင်ပါးကျည်ထိ၊ ကိုကျော်လင်းထွန်း (၂၇ နှစ်) ခေါင်းပွင့်၊ ကို ဖြိုးသူအောင် (၁၈ နှစ်) နှလုံးထိ၊ ဦးမင်းဦး (၃၉ နှစ်) ဦးခေါင်းပွင့်၊ ကိုမောင်မောင် (၂၅ နှစ်) ခေါင်းနောက်စေ့၊ ကိုကျော်ဝင်းမောင် (၃၁ နှစ်) နဖူးရင်ညွန့်၊ ကိုရာဇာလင်း (၃၆ နှစ်) ဆီးအိမ်၊ ကိုနိုင်နိုင်း (၁၈ နှစ်) ရင်ညွန့် ကျည်ထိပြီး ကျဆုံးခဲ့ကြတယ်လို့ သိရပါတယ်။

အတည်ပြုနိုင်သူတွေအပြင် အတည်မပြုနိုင်သေးသူတွေလည်း ရှိနေပြီး ၁၅ ယောက်ထက် မနည်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒဏ်ရာရရှိပြီး လူမှုကူညီရေး အသင်းတွေက ကယ်ဆယ် ကုသပေးခဲ့ရသူ ၅၂ ဦးအထိ ရှိခဲ့ပြီး ပိုများနိုင်တယ်လို့ ဆက်လက် သိရပါတယ်။

7 months Ago

March 27, 2020

ပြည်သူနှင့် ပြန်လည်ဆုံတွေ့နိုင်မည့်  တပ်မတော်ဖြစ်ရန် အန်အယ်လ်ဒီတိုက်တွန်း

ပြည်သူလူထုနဲ့ ပြည်လည်ဆုံတွေ့နိုင်မယ့်လမ်းကိုရွေးချယ်တဲ့ ပြည်သူ့တပ်မတော်အဖြစ် မျှော်လင့်တယ်လို့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီက ထုတ်ပြန် ကြေညာလိုက်ပါတယ်။  ဒီကနေ့ မတ်လ ၂၇ရက်မှာ ကျရောက်တဲ့ ၇၅ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် အန်အယ်လ်ဒီ ပါတီက ထုတ်ပြန်လိုက်တာဖြစ်ပြီး ပြည်သူနဲ့အတူ လက်တွဲချီတက်ရင်း ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအောင်ပွဲကို ရယူနိုင် ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။  အမျိုးသားခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့တဲ့ “ပြည်သူချစ်တဲ့တပ်မတော်၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အကာအကွယ်ပေးတဲ့ တပ်မတော်၊ ခေတ်နဲ့အမီ ရင်ဘောင်တန်းနိုင်တဲ့ တပ်မတော် ဖြစ်ရမယ်”ဆိုတဲ့စကားအပြင် တပ်မတော်နဲ့ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်းညွှန်းဆိုပြောကြားခဲ့တဲ့ စကားတွေအတိုင်း ဖြစ်ဖို့အတွက်လည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းတိုက်တွန်းထားပါတယ်။ အမျိုးသားဒီမိုကရေစီချုပ်နဲ့ ပြည်သူလူထုအားလုံး တစိုက်မတ်မတ်ကြိုးပမ်း တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး၊ ပြည်သူအတွက် အကျိုးမပြုတဲ့ ၂၀၀၈ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ လတ်တလောဖြစ်ပွားနေတဲ့ ကိုဗစ် -၁၉ ကမ္ဘာ့ကပ်ရောဂါဆိုးကြီးနဲ့ ပတ်သက်ပြီး ကာကွယ်၊ ထိန်းချုပ် ကုသရေးကို အမျိုးသားရေးလှုပ်ရှားမှုအဖြစ် အစိုးရနဲ့ ပြည်သူတွေဆောင်ရွက်နေတဲ့အပေါ် အလေးအနက် လက်တွဲပါဝင်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။ ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွေကို ရန်ကုန်မြို့ရှိ အန်အယ်ဒီပါတီ ဌာနချုပ်မှာ နှစ်စဉ်ကျင်းပလေ့ရှိပေမယ့် အခုနှစ်မှာတော့ COVID - 19 ပျံ့နှံ့ဖြစ်ပွားနေတဲ့ အခြေအနေကြောင့် အခမ်းအနား မကျင်းပဖြစ်ဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ကြေညာချက်သာ ထွက်ရှိလာတာဖြစ်ပါတယ်။  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ နိုင်ငံတော် အတွက် တပ်မတော်ပြိုကွဲ၍ မရကြောင်းနဲ့ နိုင်ငံတော်ကို ဖြိုခွဲချင်သူတွေက တပ်မတော်ပြိုကွဲအောင်ကြိုးစားနေကြတယ်လို့ ဒီကနေ့ မတ်လ ၂၇ ရက်မှာ ကျရောက်တဲ့ (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်နေ့အထိမ်းအမှတ် သဝဏ်လွှာမှာ ပြောကြားထားပါတယ်။ ဓာတ်ပုံ- NLD
2 years Ago
Up