ဖက်ရှင်ပြပွဲ

January 10, 2019

ပြန်ပေးဆွဲခံရဖူးသည့် အမျိုးသမီးများသာ ပါဝင်သည့် ကာဂျစ္စတန်မှ ဖက်ရှင်ပြပွဲ

အလယ်အာရှဒေသမှာရှိတဲ့ ဆိုဗီယက်ပြည်ထောင်စုဟောင်းထဲက ကာဂျစ္စတန်နိုင်ငံသူ အယ်လ်ဇတ် ခါဇက်ဘေဗာဟာ အရင်က သတို့သမီးလုပ်ဖို့ ပြန်ပေးဆွဲခံခဲ့ရဖူးသူ ဖြစ်ပေမယ့် ခုတော့ ဖက်ရှင်ပြပွဲ လျှောက်လမ်းပေါ်မှာ ယုံကြည်မှုရှိရှိ လျှောက်လှမ်းနေပါပြီ။ သူဟာ လွန်ခဲ့တဲ့ငါးနှစ်က အောင်သွယ်ကနေတဆင့် လက်ထပ်ဖို့ ယောက်ျားတအုပ်စုက လမ်းပေါ်မှာ အတင်းဖမ်းဆီးတာ ခံခဲ့ရဖူးသူပါ။ ဒေသတွင်း အထူးသဖြင့် ကျေးလက်ဒေသတွေမှာ သတို့သမီး ပြန်ပေးဆွဲတဲ့ အစဉ်အလာ ဆက်ရှိနေသေးလို့ ထောင်နဲ့ချီတဲ့ အမျိုးသမီးတွေ နှစ်စဉ် ပြန်ပေးဆွဲခံနေရပါတယ်။ အတင်းပြန်ပေးဆွဲပြီး သတို့သမီးအဖြစ် လက်ထပ်ပေးတဲ့ အစဉ်အလာဟာ အဓမ္မပြုကျင့်မှု၊ အိမ်တွင်းအကြမ်းဖက်မှုနဲ့ စိတ်ဒဏ်ရာတွေ ဖြစ်စေတယ်လို့ အာဏာပိုင်တွေက အသိအမှတ်ပြု အပြီး ၂၀၁၃ မှာ ဒီလုပ်ရပ်ကို ဥပဒေအရ တရားမဝင်ကြောင်း ကြေညာခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ပြန်ပေးဆွဲခံ သတို့သမီးနဲ့ ပြန်ပေးဆွဲသူကို ရဲက အချုပ်ခန်းတခုတည်းမှာ ထားခဲ့လို့ အသက် ၂၀ အရွယ် မိန်းကလေး ဘူရူလိုင် တာဒါလီ ဓားနဲ့ အသေထိုးသတ်ခံခဲ့ရပါတယ်။ အဲဒီနောက် အမျိုးသမီး မျိုးဆက်သစ်တွေက သူတို့အပေါ် အလွဲသုံးစားမှု ညှဉ်းပန်းနှိပ်စက်မှုတွေကို လက်သင့်မခံဘဲ လှုပ်ရှားမှု တိုးမြှင့်ခဲ့ပါတယ်။ အလံလွှင့် စက်ဘီးစီးနင်းတာမျိုး အများပြည်သူ ပါဝင်နိုင်တဲ့ လှုပ်ရှားမှုတွေ စလုပ်ခဲ့ပြီး ခုတော့ ဖက်ရှင်ပြပွဲကို ပြသခဲ့တာပါ။ ဒီဖက်ရှင်ပြပွဲမှာ ပြန်ပေးဆွဲခံ ညှဉ်းပန်းနှိပ်စက်ခံရဖူးတဲ့ အမျိုးသမီးတွေချည်း ဖက်ရှင်မယ်အဖြစ် ပါဝင်ပါတယ်။ သတို့သမီး ပြန်ပေးဆွဲမှုဟာ ကာဂျစ္စတန်ရဲ့ အစဉ်အလာမဟုတ်ဘဲ ရပ်တန့်သင့်ပြီလို့လည်း ပွဲစီစဉ်သူက ပြောခဲ့ပါတယ်။
2 years Ago
Up