ကမ္ဘာ့ဖက်ရှင်လောကရဲ့ အကျော်အမော် ဂျာမန်ဖက်ရှင်ဒီဇိုင်နာ ကားလ် လာဂါဖဲဒ်ဟာ ဖေဖော်ဝါရီ ၁၉ ရက်နေ့က ကွယ်လွန်သွားပါတယ်။
Chanel ဖက်ရှင်ကုမ္ပဏီရဲ့ ဖန်တီးမှုဒါရိုက်တာလည်းဖြစ်တဲ့ အသက် ၈၅ နှစ်အရွယ် လာဂါဖဲဒ်ဟာ နေမကောင်းဖြစ်ပြီးတဲ့နောက် ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ ကွယ်လွန်သွားခဲ့တာပါ။
Chanel ကုမ္ပဏီနဲ့ တွဲလုပ်တဲ့ သူ့ရဲ့ ဖက်ရှင်ဒီဇိုင်းတွေက ကမ္ဘာတဝန်း အောင်မြင်ခဲ့ပြီး အီတလီ ဖက်ရှင်အမှတ်တံဆိပ်တခုဖြစ်တဲ့ Fendi အတွက် ဖန်တီးပေးခဲ့တဲ့ သူ့ရဲ့ ဒီဇိုင်းတွေကလည်း လူသိများပါတယ်။
လာဂါဖဲဒ်သေဆုံးမှုက ကမ္ဘာ့ဖက်ရှင်လောကအတွက် ကြီးမားတဲ့ဆုံးရှုံးမှု ဖြစ်တယ်လို့ ဖက်ရှင်နဲ့ အနုပညာ အသိုင်းအဝိုင်းကလူတွေက ဝမ်းနည်းစကား ပြောခဲ့ကြပါတယ်။
လာဂါဖဲဒ်ကို ၁၉၃၃ ခုနှစ်က ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့မှာ မွေးဖွားခဲ့တာပါ။
ငယ်စဉ်ကတည်းက ဖက်ရှင်အလုပ်ကို ဝါသနာကြီးတဲ့ လာဂါဖဲဒ်ဟာ ပြင်သစ်ဖက်ရှင်ဒီဇိုင်နာ ပီးယဲဘယ်လ်မာရဲ့ လက်ထောက်အဖြစ် ဝင်ရောက်လုပ်ကိုင်ချိန်ကစပြီး ဖက်ရှင်လောကထဲကို ခြေချ ဝင်ရောက်ခဲ့တာပါ။
အဖြူရောင်ဆံပင်တွေကို စည်းထားပြီး အနက်ရောင် အနောက်တိုင်းဝတ်စုံနဲ့ နေကာမျက်မှန် တပ်ဆင်လေ့ရှိတဲ့ သူ့ရဲ့ ကိုယ်ပိုင်စတိုင်ကြောင့် ပိုပြီး လူသိများပါတယ်။
2 years Ago