ဖက်ရှင်

May 7, 2019

ဝတ်စုံ ၄ စုံချွတ်ပြပြီး ပရိသတ်ကို အံ့အားသင့်စေခဲ့သည့် လေဒီဂါဂါ (ရုပ်သံ)

သီချင်းတွေမှာရော၊ သရုပ်ဆောင်မှုတွေ၊ ဝတ်စားဆင်ယင်မှု ဖက်ရှင်တွေမှာပါ ပရိသတ်ရဲ့ အသည်းနှလုံးကို သိမ်းကျုံးရယူထားနိုင်ခဲ့တဲ့ ပေါ့ပ်အဆိုတော် လေဒီဂါဂါဟာ ဒီတခါမှာလည်း ထူးခြားတဲ့ တင်ဆက်မှုတွေနဲ့ အားလုံးကို အံ့အားသင့်စေခဲ့ပြန်ပါတယ်။ သူဟာ နယူးယောက်မြို့မှာ ကျင်းပတဲ့ ဖက်ရှင်လောကမှာ အခမ်းနားဆုံးလို့ တင်စားပြောဆိုကြရတဲ့ ၂၀၁၉ ခုနှစ် Met Gala ပွဲတော်ကို တက်ရောက်လာခဲ့ပြီး ဝတ်စုံ ၄ စုံနဲ့ အားလုံးကို အံ့အားသင့်စေခဲ့တာပါ။ ပွဲတော်ရဲ့ အခုနှစ်ဆောင်ပုဒ်ကတော့ Camp: Notes on Fashion လို့ သတ်မှတ်ထားခဲ့ပြီး ကမ့်ပ်ဆိုတဲ့ အောက်ဒိုးလှုပ်ရှားမှုဆိုတာကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံရေး လှုပ်ရှားတက်ကြွသူ စာရေးဆရာမတဦးဖြစ်တဲ့ ဆူဆန်ဆန်းတက်ဂ်ရဲ့ ၁၉၆၄ ခုနှစ်က အက်ဆေးတပုဒ်ဖြစ်တဲ့ Notes on Camp ကို ယူထားခဲ့တာဖြစ်ပြီး ပုံမှန်မဟုတ်တဲ့ အလွန်အကြူး ချဲ့ကားတာတွေ၊ လှည့်ဖျားတာတွေကို နှစ်သက်တဲ့အဓိပ္ပာယ် ဖြစ်ပါတယ်။ ကမ္ဘာတလွှားက နာမည်ကျော် အနုပညာရှင်တွေဟာ ဒီပွဲမှာ ထူးခြားဆန်းပြားတဲ့ ဝတ်စားဆင်ယင်မှု ဖက်ရှင်ဆန်းတွေနဲ့ တက်ရောက်လာခဲ့ကြတာကို တွေ့ရပြီး လေဒီဂါဂါကတော့ အားလုံးကြားမှာ ထင်မှတ်မထားတာတွေကို လုပ်ပြခဲ့တာ ဖြစ်ပါတယ်။ သူဟာ ပန်းရောင်တောက်တောက် ဂါဝန်ရှည်ကြီး တကားကားနဲ့ ကော်ဇောနီပေါ်မှာ ဖြတ်လျှောက်လာချိန် ကင်မရာမီးရောင်တွေ တဖျပ်ဖျပ်ကြားကနေ ပို့စ်ပေးပြီး ဓာတ်ပုံအရိုက်ခံခဲ့တာ ဖြစ်ပါတယ်။ အဖြူရောင်တောက်တောက် ဆံပင်၊ မျက်တောင်တုရှည်တွေနဲ့ ဂါဂါဟာ ခဏအကြာမှာတော့ အပေါ်က ပန်းရောင်ဂါဝန်ကို ချွတ်ချလိုက်ပြီး အနက်ရောင် ပွဲတက်ဝတ်စုံနဲ့ ဖြစ်သွားချိန်မှာတော့ ပရိသတ်တွေဆီက နာမည်ကို အော်ဟစ်ခေါ်သံတွေ၊ အားပေးသံတွေနဲ့အတူ ဆူညံသွားခဲ့တာကို တွေ့ရပါတယ်။ အဲဒီနောက် အနက်ရောင်ဝတ်စုံနဲ့ လိုက်ဖက်လှတဲ့ အနက်ရောင်ထီးရှည်တချောင်းနဲ့အတူ ဟန်ရေးပြ ဓာတ်ပုံအရိုက်ခံခဲ့တာပါ။ အဲဒီနောက်မှာ ဝတ်စုံနက်ကို ရင်ဘတ်ကနေ ခွာချလိုက်ချိန်မှာတော့ အတွင်းက နောက်ထပ် ပန်းရောင်ဝတ်စုံတစုံ ထွက်ပေါ်လာခဲ့ပြီး မျက်မှန်ပါ တပ်လိုက်ကာ ရှေးဟောင်းဖုန်းတလုံးနဲ့အတူ အံ့အားသင့်စေခဲ့ပြန်ပါတယ်။ နောက်ဆုံး အဲဒီဝတ်စုံတလွှာကို ခွာချလိုက်ချိန်မှာတော့ အနက်ရောင် အတွင်းခံဝတ်စုံ တစုံသာ ကျန်ခဲ့ပြီး ပရိသတ်ဆီ လက်မြှောက်နှုတ်ဆက်ခဲ့ကာ ကြမ်းပြင်လှေကားပေါ်မှာ ပို့စ်ပေး ဓာတ်ပုံအရိုက်ခံခဲ့တာကို ရှုစားကြရမှာ ဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမေရိကန်အဆိုတော် လေဒီဂါဂါဟာ သီချင်းတွေကို ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆိုသလို သရုပ်ဆောင်အဖြစ်ပါ ကျော်ကြားသူတဦး ဖြစ်ပါတယ်။ သူ့ရဲ့သီချင်းအမ်တီဗွီတွေမှာလည်း ဆန်းပြားတဲ့ ဖက်ရှင်ရိုက်ချက်တွေ၊ ဝတ်စားဆင်ယင်မှုတွေကြောင့် ပရိသတ် သတိပြုမိခဲ့ပြီး ကျော်ကြားသူတဦး ဖြစ်လာခဲ့ကာ American Music Award ဆု ၂ ကြိမ် အပါအဝင် ဂီတ၊ ရုပ်ရှင်၊ ဖက်ရှင်နဲ့ဆိုင်တဲ့ ဆုပေါင်း ၂၅၀ ကျော် ရရှိခဲ့ပြီး ဖြစ်ပါတယ်။ နာမည်ကြီး သရုပ်ဆောင်မင်းသား ဘရက်ဒ်လေကူးပါးကိုယ်တိုင် ဇာတ်ညွှန်းခွဲပြီး  ထုတ်လုပ်သူအဖြစ်ရော ဒါရိုက်တာအဖြစ်ပါ ပုံဖော်ရိုက်ကူးခဲ့တဲ့ A Star Is Born ရုပ်ရှင်ကားမှာ လေဒီဂါဂါက အဓိကဇာတ်ကောင် မိန်းကလေးတဦးနေရာက ပါဝင်ခဲ့ပြီး ပရိသတ်အားပေးမှု ရရှိခဲ့ပါတယ်။ မနှစ်က ရုံတင်ပြသခဲ့တဲ့ အဲဒီရုပ်ရှင်ထဲမှာ ဘရက်ဒ်လေကူးပါးနဲ့ လေဒီဂါဂါတို့ စုံတွဲ သီဆိုထားတဲ့ Shallow သီချင်းဟာလည်း နာမည်ကြီးခဲ့ပါသေးတယ်။
2 years Ago

February 7, 2019

အမေရိကန်ဒီဇိုင်နာ တွမ်ဖို့ဒ်၏ ၂၀၁၉ ဆောင်းရာသီ ဖက်ရှင်ဝတ်စုံများ ပြသ

အမေရိကန်ဒီဇိုင်နာ တွမ်ဖို့ဒ်ရဲ့ ၂၀၁၉ ဆောင်းရာသီ ဖက်ရှင်ဝတ်စုံတွေကို ဖေဖော်ဝါရီ ၆ ရက်နေ့က နယူးယောက်မြို့မှာ ပွဲထုတ်ပြသခဲ့ပါတယ်။ ဒီဖက်ရှင်ပွဲမှာ အနီရင့်ရောင်ကနေ ခဲရောင်အဆုံး ကျောက်မျက်အရောင်တွေရှိတဲ့  အမျိုးသားဝတ်၊ အမျိုးသမီးဝတ် ဒီဇိုင်းအစုံကို ပြသခဲ့တာပါ။ တွမ်ဖို့ဒ် အမှတ်တံဆိပ် အမျိုးသားဝတ်မှာတော့ ပွဲတက်အင်္ကျီတွေနဲ့ ရုံးသွားပြန်ဝတ်စုံတွေက နာမည်နဲ့အညီ ဒီဇိုင်းကျ သပ်ရပ်လှပါတယ်။ ဂျာကင်၊ ဘလေဇာအင်္ကျီနဲ့ ခေါင်းစွပ်တွေလို အပေါ်ထပ်ဝတ်ထည်တွေမှာတော့ သိုးမွေး၊ ကတ္တီပါနဲ့ သားရေထည်တွေက မင်းမူနေပါတယ်။ အဲဒီနောက် တွမ်ဖို့ဒ်ရဲ့ အမျိုးသမီး ပွဲတက်ဝတ်စုံတွေ အမျိုးမျိုးကို ပြသပြီး ဖက်ရှင်ပွဲကို ပိတ်သိမ်းခဲ့ပါတယ်။ အဲဒီ ၂၀၁၉ ဆောင်းရာသီ ဖက်ရှင်ရှိုးပွဲကို ဖေဖော်ဝါရီ ၇ ရက်နေ့မှာ တရားဝင်စတင်ပြီး ဖေဖော်ဝါရီ ၁၃ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။
3 years Ago
More News
Up