နယူးကာဆယ်အသင်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူတွေရှိနေတဲ့ ပြဿနာကြောင့် အက်စတွန်ဗီလာနဲ့ နယူးကာဆယ်ပွဲကို ရွှေ့ဆိုင်းလိုက်တယ်လို့ ပရီးမီးယားလိဂ်ဘက်က အတည်ပြုပါတယ်။
ကနဦးမှာ ဒီပွဲကိုလာမယ့် သောကြာနေ့မှာ ကစားဖို့ စီစဉ်ခဲ့တာပါ။ ဒါပေမဲ့ နယူးကာဆယ် လေ့ကျင့်ရေးကွင်းအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် ကစားသမားတချို့နဲ့ အသင်း ဝန်ထမ်းတချို့ဟာ သီးသန့်ခွဲခြားနေထိုင်ရတော့မှာ ဖြစ်ပါတယ်။
“ဒီနေ့ ပြုလုပ်ခဲ့တဲ့ ပရီးမီးယားလိဂ်ဘုတ်အဖွဲ့ အစည်းအဝေးအရ ဒီဇင်ဘာ ၄ ရက် ည ၈ နာရီမှာ ကစားဖို့ စီစဉ်ထားတဲ့ နယူးကာဆယ်အသင်းနဲ့ ဗီလာနဲ့ပွဲကို ရွှေ့ဆိုင်းလိုက်ပါပြီ” လို့ ပရီးမီးယားလိဂ်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
“လေ့ကျင့်ရေးကွင်းကို ပိတ်ထားရမှာဖြစ်တာကြောင့် နယူးကာဆယ်အသင်းဟာ ပွဲအတွက် ကြိုတင်ပြင်ဆင်မှု မပြုလုပ်နိုင်ကြောင်း၊ ဒီပွဲကို ရွှေ့ဆိုင်းပေးဖို့ နယူးကာဆယ်ဘက်က တောင်းဆိုခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ် တာဝန်ရှိသူတွေကလည်း ဒါကို သဘောတူကြောင်း၊ သက်ဆိုင်ရာ ကျန်းမာရေးအဖွဲ့အစည်းတွေ အပါအဝင် နှစ်သင်းစလုံးနဲ့ ဆွေးနွေးအပြီးမှာ ပွဲကို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်လိုက်ကြောင်း” လည်း ပရီးမီးယားလိဂ်ဝဘ်ဆိုဒ်မှာ ဖော်ပြပါတယ်။
နယူးကာဆယ် ကစားသမားတချို့နဲ့ ဝန်ထမ်းတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာကြောင့် သီးသန့်ခွဲခြားနေထိုင်နေရကြောင်းနဲ့ လေ့ကျင့်ရေးကွင်းကို ယာယီပိတ်ထားရကြောင်းလည်း နယူးကာဆယ် အသင်းဘက်က ထုတ်ပြန်ပါတယ်။
ဗီလာအသင်းဘက်ကလည်း ပွဲစဉ် ရွှေ့ဆိုင်းလိုက်မှုအပေါ် ထောက်ခံကြောင်း ပြောခဲ့ပြီး ပရီးမီးယားလိဂ်ဘက်က ဆုံးဖြတ်ချက်ကို အပြည့်အဝလက်ခံတယ်လို့ ပြောပါတယ်။
နယူးကာဆယ် ကစားသမားတွေနဲ့ ဝန်ထမ်းတွေဟာ အခုသီတင်းပတ်ထဲမှာ နောက်တစ်ကြိမ် ဆေးစစ်မှုခံယူရမှာဖြစ်ပြီး အဲဒီနောက်မှာတော့ အသင်းတာဝန်ရှိသူတွေဟာ ပရီးမီးယားလိဂ်၊ အင်္ဂလန်ပြည်သူ့ ကျန်းမာရေးအဖွဲ့တွေနဲ့ တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ စတိဗ်ဘရုစ်ရဲ့ နယူးကာဆယ်အသင်းဟာ ရမှတ် ၁၄ မှတ်နဲ့ အဆင့် ၁၃ နေရာကို ရောက်ရှိနေပါတယ်။
အက်စတွန်ဗီလာအသင်းကတော့ နယူးကာဆယ် အသင်းထက် ၁ မှတ် ပိုများနေပါတယ်။
4 months Ago