ပြေးဆွဲခွင့် ၂ လပိတ်

A d v e r t i s e m e n t With Us

June 22, 2020

ဧရာဝတီတိုင်းတွင် စည်းကမ်းမလိုက်နာသည့် ယာဉ်လိုင်းကို ပြေးဆွဲခွင့် ၂ လပိတ်

ဧရာဝတီတိုင်းမှာ ကိုဗစ်-၁၉ ကာလ ခရီးသွားယာဉ်လိုင်းတွေ ပိတ်ထားခဲ့ရာမှ ဇွန်လ ၁ ရက်နေ့က စတင်ကာ ခရီးသွားယာဉ်လိုင်းတွေ ပြန်လည်ပြေးဆွဲခွင့်ကို တိုင်းအစိုးရအဖွဲ့က ခွင့်ပြုခဲ့ပြီးနောက်ပိုင်း စည်းကမ်းမလိုက်နာတဲ့ ယာဉ်လိုင်း ၁ လိုင်းကို ၂ လပိတ်တဲ့အထိ အရေးယူထားတယ်လို့ သိရပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း စည်းကမ်းမလိုက်နာတဲ့ ယာဉ်လိုင်းကို အစိုးရအဖွဲ့အစည်းအဝေးမှာ တင်ပြခဲ့ပြီး အရေးယူခဲ့တယ်လို့ တိုင်းအစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ဒီဗွီဘီကို ပြောပါတယ်။ “ယာဉ်လိုင်းတစ်လိုင်းက လူပိုတင်တယ်ကြားတော့ ချက်ချင်း တိုင်းပို့ဆက်ကိုအကြောင်းကြားပြီး စိစစ်ခိုင်းလိုက်တယ်။ ပြီးတော့ အရေးယူဆောင်ရွက်ဖို့ တိုင်းအစိုးရအဖွဲ့ အစည်းအဝေးမှာ တင်ပြ ပြီးဆုံးဖြတ်ခဲ့တယ်။” ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို မလိုက်နာဘဲ လူပိုတင်ဆောင်ခဲ့တဲ့ ရန်ကုန်-ငါးသိုင်းချောင်း ပြေးဆွဲနေတဲ့ ရွှေဝါဖူးယာဉ်လိုင်းကို စည်းကမ်းချက်တွေနဲ့အညီ အရေးယူခဲ့တယ်လို့ ပုသိမ်ခရိုင် ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်းများ စနစ်တကျ ပြေးဆွဲရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောပါတယ်။ “ပုသိမ်ခရိုင်ထဲမှာ အရေးယူထားတာတော့ ဒီရွှေဝါဖူးယာဉ်လိုင်းပဲ ရှိပါသေးတယ်။ အခြား စည်းကမ်းမလိုက်နာတဲ့ ယာဉ်လိုင်းတွေကိုတော့ လက်မှတ်ထိုး အရေးယူထားတာတော့ရှိတယ်။ ပုသိမ်ခရိုင်ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီအနေနဲ့ စည်းကမ်းချက်တွေနဲ့ မညီဘဲ ပြေးဆွဲနေတဲ့ ဒိုင်နာယာဉ်လိုင်း ၃ လိုင်းနဲ့ အသင်းတွေကို ခေါ်ယူကာ လက်မှတ်ထိုးအရေးယူထားပြီး ယာဉ်လိုင်းပိတ်သိမ်းရင် ကျန်တဲ့သူတွေပါ နစ်နာမှာစိုးလို့ ထိန်းသိမ်းတဲ့သဘော ဖြစ်တယ်။” စည်းကမ်းချက်တွေနဲ့ အညီ လိုင်းပိတ်တဲ့အထိ အရေးယူပါက မှန်လုံ ခရီးသည်တင် ယာဉ်လိုင်းတွေမှာ လိုင်းပြန်လျှောက်ထားရင် လွယ်ကူစွာရနိုင်ပြီး ဒိုင်နာခရီးသည်တင်ယာဉ် လိုင်းများမှာ ဥပဒေအရ ခရီးသည်ယာဉ်လိုင်းမပေးတော့ဘူးလို့ ပုသိမ်ခရိုင် ပုဂ္ဂလိက မော်တော်ယာဉ်လုပ်ငန်းများ စနစ်တကျ ပြေးဆွဲရေးကော်မတီထံက သိရပါတယ်။ ဧရာဝတီတိုင်းကနေ အခြားတိုင်းနဲ့ ပြည်နယ်တွေကို ပြေးဆွဲနေတဲ့ ခရီးသွားယာဉ်လိုင်း ၄၆ လိုင်းနဲ့ တိုင်းအတွင်းပြေးဆွဲနေတဲ့ ခရီးသည်ယာဉ်လိုင်း ၆၁ လိုင်းရှိကာ မော်တော်ယာဉ် အစီး ၂၀၀ ကျော်နဲ့ နေ့စဉ် ပြေးဆွဲပေးနေပါတယ်။ မင်းထက်မုန်း(ပုသိမ်)
8 months Ago
Up