ပြေလည်မှုမရ

December 4, 2019

ကိုလံဘီယာအစိုးရနှင့် သပိတ်ကော်မတီ ဆွေးနွေးပွဲ ပြေလည်မှုမရ

ကိုလံဘီယာအစိုးရနဲ့ သပိတ်ကော်မတီဝင် အလုပ်သမားသမဂ္ဂတွေ ကျောင်းသားအဖွဲ့အစည်းတွေအကြား ဒီဇင်ဘာ ၃ ရက်နေ့က ဆွေးနွေးမှုဟာ သဘောတူညီချက်မရဘဲ လိပ်ခဲတည်းလည်း အခြေအနေနဲ့ အဆုံးသတ်ခဲ့တယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။ နိုဝင်ဘာလနှောင်းပိုင်းက ကိုလံဘီယာသမ္မတ အီဗန်ဒူကေးရဲ့ လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ မူဝါဒကို ဆန့်ကျင်ဆန္ဒပြပွဲတွေမှာ သိန်းချီတဲ့ ပြည်သူတွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ နိုဝင်ဘာ ၂၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပြည်လုံးကျွတ်သပိတ်ကနေစပြီး အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အရှိန်ကောင်းလာတာကြောင့် နောက်ဆုံးမှာတော့ သမ္မတ ဒူကေးဟာ အလုပ်သမားနဲ့ ကျောင်းသားအဖွဲ့တွေ ဦးဆောင်တဲ့ သပိတ်ကော်မတီကို ဆွေးနွေးပွဲ ခေါ်ယူခဲ့ရတာပါ။ တနင်္လာနေ့က ဆွေးနွေးပွဲမှာ ကိုလံဘီယာအစိုးရက သပိတ်ကော်မတီကို ဒီဇင်ဘာ ၄ ရက်နေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ဆန္ဒပြပွဲ ပယ်ဖျက်ဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ သပိတ်ကော်မတီက အစိုးရရဲ့ တောင်းဆိုချက်ကို ငြင်းဆိုခဲ့ပြီး အငြိမ်းစား လစာငွေ ခံစားနိုင်မယ့် အသက်ကန့်သတ်ချက် တိုးမြင့်တာနဲ့ လူငယ်တွေအတွက် အနည်းဆုံး လုပ်ခလစာနှုန်း ဖြတ်တောက်မယ့် အစီအစဉ်တွေကို ပယ်ဖျဖို့ အပါအဝင် တောင်းဆိုချက် ၁၃ ချက်ကို ဆက်ပြီးတောင်းဆိုသွားမယ်လို့ သပိတ်ကော်မတီက ပြောပါတယ်။  သမ္မတ ဒူကေးက အဲဒီအစီအစဉ်နှစ်ရပ်လုံးနဲ့ ပတ်သက်တဲ့ မူဝါဒတွေကို သူ မချမှတ်ခဲ့ဘူးလို့ အကြိမ်ကြိမ် ငြင်းခဲ့ပါတယ်။ ဒီဇင်ဘာ ၂ ရက်နေ့က မီဒါလင်မြို့တက္ကသိုလ် တခုမှာ ဆန္ဒပြပွဲအတွင်း လက်လုပ်ဗုံး ပေါက်ကွဲမှုကြောင့် လူငယ်အမျိုးသားတယောက် သေဆုံးခဲ့တဲ့ ဖြစ်ရပ် အပါအဝင် နိုင်ငံတလွှား ဆန္ဒပြပွဲတွေအတွင်း စုစုပေါင်း လူ ၅ ယောက် သေဆုံးခဲ့ပါတယ်။
2 years Ago
Up