ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်

April 9, 2021

ပြေတီဦးနှင့် အိန္ဒြာကျော်ဇင် ဖမ်းဆီးခံရဟု စစ်ကောင်စီမီဒီယာထုတ်လွှင့်၊ ဆိုင်းဆရာ စိန်ဒူးဝါး အပါအဝင် အယောက် ၂၀ ကို ထပ်မံအမှုဖွင့်

ရုပ်ရှင်သရုပ်ဆောင် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ကို ဖမ်းဆီးရမိကြောင်းနဲ့ ဆိုင်းဆရာ စိန်ဒူးဝါး အပါအဝင် နောက်ထပ် လူပုဂ္ဂိုလ် အယောက်   ၂၀ ကို  ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်နေတယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့မီဒီယာတွေက ဧပြီ ၉   ရက်ညမှာ ထပ်မံ ကြေညာပါတယ်။

 ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ခံထားရတဲ့ အကယ်ဒမီ ရုပ်ရှင်သရုပ်ဆောင် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ကို ဒီကနေ့ ညနေက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ သူတို့ရဲ့ နေအိမ်မှာ ဖမ်းဆီးရမိခဲ့တာလို့ MRTV နဲ့ မြဝတီ ရုပ်သံတွေကနေ ဒီကနေ့ည ၈ နာရီသတင်းမှာ ထုတ်လွှင့်ကြေညာသွားတာပါ။  ဒီသတင်းနဲ့ ပတ်သက်လို့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။

ဒီကနေ့ အမှုဖွင့်ခံထားရသူတွေ အယောက် ၂၀ အထဲမှာတော့  စိန်ဒူးဝါး-မင်္ဂလာဆိုင်း၊ သန်းသန်းနွယ်၊ ရွှေဝတ်မှုံ၊ အောင်ကျော်စိုး၊ အေးမေ၊ ချစ်ရီလှိုင်၊ တင်ဝင်းစိုး ( စင်ကာပူ) ၊ ပြည့်ဝထွန်း (ဂွစာ)၊ ဉာဏ်လှိုင်၊ အောင်ငြိမ်းကျော်၊ ရန်ပိုင်ဦး၊ အောင်မင်း၊ သီသီအောင်၊ မျိုးထိုက်တန်သိန်း၊ ပြည့်ဖြိုးသူ၊ ဝင်းဇော်၊ တင်ဖေ၊ သက်ထွန်း၊ ဇေယျာ (ဇေယျာနွေဦး) ၊ အောင်ရဲပြည့်တို့  ပါဝင်ပါတယ်။

အလားတူ ထင်ရှားတဲ့ အကယ်ဒမီ ရုပ်ရှင်သရုပ်ဆောင်တွေ၊ အဆိုတော်တွေ၊ ရုပ်ရှင်ဒါရိုက်တာတွေ၊ မော်ဒယ်တွေ အနုပညာရှင်တွေနဲ့ အွန်လိုင်းမှာလူသိများသူတွေ အပါအဝင် ဒီကနေ့အထိ ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်အရေးယူခံထားရသူပေါင်း အယောက် ၁၅၀  လောက် ရှိသွားပြီဖြစ်ပါတယ်။

Photo- Credit

4 weeks Ago
Up