ပြုပြင်ပြောင်းလဲရေးအကူအညီ

February 16, 2021

မြန်မာရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးအကူအညီ စီမံကိန်း အီးယူ ဆိုင်းငံ့

မြန်မာနိုင်ငံရဲတပ်ဖွဲ့  ပြုပြင်ပြောင်းလဲရေး အကူအညီ စီမံကိန်းကို  ခေတ္တဆိုင်းငံ့ထားလိုက်တဲ့ အကြောင်း  ဥရောပသမဂ္ဂ (အီးယူ) က  ဒီကနေ့ ဖေဖော်ဝါရီ ၁၆ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဖေဖေါ်ဝါရီလ  ၁ ရက်မှာ စစ်တပ်က အစိုးရကို ထိမ်းသိမ်းကာ ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရေးအား နှောင့်ယှက်ဟန့်တားတဲ့ ဖြစ်စဉ်နဲ့ စပ်လျဉ်းပြီး  လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတစ်ရပ်အပေါ်မှာ စီမံကိန်းကို ဆက်လက်ဆောင်ရွက်ဖို့ ရည်မှန်းထားတဲ့ ရလဒ်တွေ ရရှိနိုင်တဲ့ အခြေအနေမရှိတော့လို့  အဆိုပါ စီမံကိန်းကို ခေတ္တဆိုင်းငံ့ထားလိုက်တာလို့ အီးယူ ကြေညာချက်မှာ ဖော်ပြပါတယ်။ 

ဥရောပသမဂ္ဂမှ ငွေကြေးထောက်ပံ့ပေးနေတဲ့ “ မြန်မာနိုင်ငံရဲတပ်ဖွဲ့  ပြုပြင်ပြောင်းလဲရေး အကူအညီ” စီမံကိန်းဟာ မြန်မာ အရပ်သားအစိုးရနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့က  တိုက်ရိုက်‌တောင်းဆိုခဲ့လို့ ၂၀၁၆ ခုနှစ်မှာ စတင်ခဲ့တဲ့ စီမံကိန်းဖြစ်ပါတယ်။

ဒီစီမံကိန်းရဲ့ ရည်ရွယ်ချက်ဟာ နိုင်ငံတကာ စံနှုန်းနဲ့အညီ လူ့အခွင့်အရေးကို  လေးစားအလေးထားတဲ့ ရဲတပ်ဖွဲ့ဖြစ်စေဖို့ စွမ်းဆောင်ရည်မြှင့်တင်ပေးတာနဲ့ သင်တန်းပေးတာသာ ဖြစ်ပြီး  လက်နက်ပစ္စည်းကိရိယာတွေ ကူညီပံ့ပိုးမှုမပြုလုပ်ခဲ့ဘူးလို့လည်း အီးယူက ဆိုပါတယ်။

မြန်မာနိုင်ငံတဝန်း အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်တဲ့လူထုဆန္ဒပြပွဲတွေကို ရဲနဲ့ စစ်တပ် လုံခြုံရေးအဖွဲ့တွေက အကြမ်းဖက်ပစ်ခတ် နှိမ်နင်းခဲ့ရာမှာ ပြည်သူတွေ ထိခိုက်သေဆုံး ဒဏ်ရာရတာတွေ ရှိလာပြီးနောက်  မြန်မာရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးသင်တန်းတွေပေးနေတဲ့ စီမံကိန်းကို ဆိုင်းငံ့ထားဖို့ အီးယူက ကြေညာလိုက်တာပါ။

2 years Ago
Up