ပြုတ်ကျခဲ့သည့်

November 9, 2019

ဟောင်ကောင်ဆန္ဒပြပွဲအတွင်း ကားပါကင်မှ ပြုတ်ကျခဲ့သည့် ကျောင်းသား သေဆုံး

ဟောင်ကောင်ဒေသမှာ အခုသီတင်းပတ်ကုန် ဆန္ဒပြပွဲအတွင်း ကားပါကင်ကနေ ပြုတ်ကျခဲ့တဲ့ ဟောင်ကောင်တက္ကသိုလ်ကျောင်းသား တယောက်ဟာ နိုဝင်ဘာ ၈ ရက်နေ့ မနက်အစောပိုင်းမှာ သေဆုံးသွားခဲ့ပါတယ်။  ဒါဟာ ဟောင်ကောင်ဒေသမှာ ပေကျင်းအစိုးရဆန့်ကျင်ရေး လချီဆန္ဒပြပွဲတွေအတွင်း ပထမဆုံး လူသေဆုံးမှု ဖြစ်ပါတယ်။   ဟောင်ကောင်သိပ္ပံနဲ့ နည်းပညာ တက္ကသိုလ်ကျောင်းသား အသက် ၂၂ နှစ်အရွယ် ချောင်ဇီလိုဟာ ဒဏ်ရာပြင်းထန်တာကြောင့် သေဆုံးခဲ့တယ်လို့ ဆေးရုံအာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။  ချောင်ရဲ့သေဆုံးမှုက ဟောင်ကောင်ဒေသမှာ နောက်ထပ်အားကောင်းတဲ့ ဆန္ဒပြပွဲတွေ၊ ရဲတပ်ဖွဲ့အပေါ် မကျေနပ်မှုတွေနဲ့ ပြည်သူတွေရဲ့ဒေါသ အုံကြွလာစေနိုင်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။  လက်ရှိ ဟောင်ကောင်ဟာ ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံး နိုင်ငံရေး အကျပ်အတည်းထဲ ရောက်နေပြီး ဟောင်ကောင်ရဲတပ်ဖွဲ့ဟာလည်း ဆန္ဒပြသူတွေကို အင်အားသုံး ဖြိုခွင်းတာနဲ့ ပတ်သက်လို့ ဖိအားကြီးကြီးမားမား ရင်ဆိုင်နေရတာပါ။  ချောင်ဟာ ဆန္ဒပြပွဲအတွင်း ဘယ်လိုဒဏ်ရာတွေ ရခဲ့တယ်ဆိုတဲ့ အခြေအနေကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။  ကျောက်လုံဒေသ အရှေ့ဘက်ခရိုင်တခုမှာ ရဲတပ်ဖွဲ့က ဆန္ဒပြလူအုပ်ကို လူစုခွဲချိန် ချောင်ဟာ ကားပါကင်ကနေ အောက်တထပ်ကို ပြုတ်ကျခဲ့တယ်လို့ ယူဆရကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
2 years Ago
Up