ပြာသိုလ စာဆိုဘဝ

A d v e r t i s e m e n t With Us

January 27, 2021

ပြာသိုလ စာဆိုဘဝများ

“လပြာသို စာဆိုများ”

ခွာညိုပွင့်ကြ၊ ပြာသိုလ

ဆောင်းမြနှင်းစိုစို။

မွေးလွန်ကြကား၊ စာဆိုများ

ရေးသားစာပေါင်းကို။ ။

ပြာသိုလဟာ မြန်မာ့ တဆယ့်နှစ်လမှာ ဆယ်ခုမြောက်လ ဖြစ်တယ်။ ဆောင်းဥတုမှာ ပါဝင်တယ်။ ပြာသိုလကို ပုဂံခေတ် ကျောက်စာတွေမှာ “ပ္လသေီဝ်”။ “ ပ္လသိုဝ်”။ “ပ္လါသိုဝ်” လို့ ရေးထိုးခဲ့ကြတယ်။ ပြာသိုလကို ဖယောင်း၊ ပျားဖယောင်းစုတာ အရဆုံးသောလ၊ ပျားဖယောင်းလလို့ ခေါ်ကြတယ်။ ပြာသိုလမှာ ၃၀ ရက်ရှိတယ်။ ရက်စုံလဖြစ်တယ်။ ပြာသိုဟာ ဒီဇင်ဘာ၊ ဇန်နဝါရီတွေထဲမှာ ကျရောက်တယ်။

ပြာက  'ပျားကောင်' ကို ရည်ညွှန်းတယ်။ 'သိုဝ်' ဟာ  'စုဆောင်း သိုလှောင်ခြင်း' ဖြစ်တယ်။ ဒီလ ပြာသိုမှာ ပျားရည်နဲ့ ပျားဖယောင်းတွေကို စုဆောင်းကြတယ်။ ရှေးဗမာမင်းတွေဟာ ပျားရည်နဲ့ လုပ်တဲ့ အစားအစာ၊ မုန့်တွေကို နှစ်သက်ကြလို့ ဒီလို စုဆောင်းကြတာပါ။ အထိမ်းအမှတ် ပန်းက ခွာညိုပန်း Clematis smilacifolia ကို သတ်မှတ်တယ်။ ရှေးကဆိုရင် ဒီလမှာ မြင်းခင်းပွဲတော် ကျင်းပကြတယ်။ ပြာသိုလပြည့်နေ့ဟာ ရှင်တစ်ထောင် အခါတော်နေ့လည်း ဖြစ်တယ်။ ပြာသိုလဆန်း ၁ ရက်က ကရင်နှစ်သစ်ကူးနေ့ပါ။ ပြာသိုလပြည့်နေ့က အမေနေ့လည်း ဖြစ်ပါတယ်။  

ပြာသိုချမ်းပြင်း

ဆီးနှင်းရောယှက်

နှမ်းပုံပျက် . . . ။ ။   

ပြာသိုလ မွေးဖွား ကွယ်လွန် စာဆိုတော်များ”

ပြာသိုလမှာ စာရေးဆရာ ကဗျာဆရာကြီး ဒေါင်းနွယ်ဆွေ၊ ဂျာနယ်ကျော်ဦးချစ်မောင်၊ စာရေးဆရာမကြီး ရေနံမြေမခင်စု၊ စာရေးဆရာကြီး တင့်တယ်တို့ကို မွေးဖွားခဲ့ကြပြီး ဆရာကြီး သိန်းဖေမြင့်၊ ဆရာကြီး မြကေတုတို့ကတော့ ပြာသိုလအတွင်း ကွယ်လွန်ခဲ့ကြပါတယ်။

“ဒေါင်းနွယ်ဆွေ” (ပြာသိုလဆုတ် ၁၄ ရက်ဖွား )

“မာန်”

အပွင့်ကိုခူး

အဖူး ငါ့မှာ ကျန်သေးတယ် …။

အဖူးကို ဖျက်

အခက် ငါ့မှာ ကျန်သေးတယ် …။

အခက်ကို ချိုး

အရိုး ငါ့မှာ ကျန်သေးတယ် …။

အရိုးကို နှုတ်

အငုတ် ငါ့မှာ ကျန်သေးတယ် …။

အငုတ်ကိုပယ်ရွေ့

မျိုးစေ့ ငါ့မှာ ကျန်သေးတယ် …။

မနက်ဖြန်ဆို ငါပင်ပျိုသည်

ဝေစည်စိမ်းလျှက် သီးပွင့်ရွက်နှင့်

ခက်လက်ဝေဆာ မြေကမ္ဘာမှာ

သာယာဝင့်လန်း မေတ္တာဖျန်းပြီး

ငါ့လမ်း ငါလျှောက်နေဦးမယ် … ။ ။ 

ဒေါင်းနွယ်ဆွေ

ဒေါင်းနွယ်ဆွေ [၁၉၃၁ - ၁၉၈၅] ကို ဧရာဝတီတိုင်း၊ သာပေါင်းမြို့မှာ ရာဇဝတ်ဝန်ထောက် ဦးဘထိန်၊ အမိ ဒေါ်ဖုန်ရိန်တို့က ၁၉၃၁ ခု ဇန်နဝါရီ ၁၆ ရက် (ဗမာသက္ကရာဇ် ၁၂၉၂ ပြာသိုဆုပ် ၁၄ ရက်က မွေးခဲ့တယ်။ အမည်ရင်း 'မောင်အောင်သာ'၊ နောင် မှာ 'မောင်အောင်ဆွေ' ပြောင်းခဲ့တယ်။ ရန်ကုန်ရေကျော် မက်သဒစ်ကျောင်းမှာ တက္ကသိုလ်ဝင်တန်းအထိ ပညာသင်ယူခဲ့တယ်။ စီးပွားရေး သတင်းစာ၊ ကလောင်သစ်မဂ္ဂဇင်း၊ စာပေသစ်မဂ္ဂဇင်း၊ သွေးသောက်မဂ္ဂဇင်း၊ တိုင်းရင်းမေဂျာနယ်၊ ဖြူနီညိုပြာ မဂ္ဂဇင်း၊ အိုးဝေဂျာနယ်တို့မှာ အယ်ဒီတာလုပ်ခဲ့တယ်။ မြန်မာနိုင်ငံ ကဗျာဆရာအသင်းချုပ် ဥက္ကဋ္ဌ (၁၉၅၆ - ၆၂)၊ ပြည်သူ့ကဗျာအသင်း ဥက္ကဋ္ဌ (၁၉၆၂) လုပ်ခဲ့တယ်။ ၁၉၆၄ အထက်တန်းကျောင်းသားဘဝ ‘ဒေါင်ဒင်’အမည်နဲ့ ကဗျာစရေးပြီး ၁၉၄၈ ဟံသာဝတီသတင်းစာနဲ့ အိုးဝေသတင်းစာတို့မှာ ‘ဒေါင်းနွယ်ဆွေ’ အမည်နဲ့ ကဗျာစရေးခဲ့တယ်။ ‘စနေမောင်ပွေ’၊ ‘ဒေါင့်ဒဲတွန့်’၊ ‘လေဥဒေါင်း’၊ ‘ဇင်ဦး’ စတဲ့ ကလောင်တွေနဲ့လည်း ရေးတယ်။ ကဗျာ့ပုလဲကုံး (၁၉၅၉)၊ ပုလဲပန်း၊ လောကမျက်ကန်း၊ လောကသစ္စာကို ရှာဖွေခြင်း၊ ကလျာမိမိမုန်း (၁၉၆ဝ)၊ မိုးသောက်လင်္ကာပန်း (၁၉၆၆)၊ ချစ်သူ့မျက်နှာကဗျာစက်ဝိုင်း (၁၉၆၆) စတဲ့ ကဗျာစာအုပ်တွေ ရေးခဲ့တယ်။ “သင် ဘာကဗျာရေးမည်နည်း” ကဗျာ့သဘောတရားစာအုပ်ဟာ ထင်ရှားတယ်။ “ဝင်္ကပါ ကဗျာလမ်း” ခရီးသွားမှတ်တမ်းစာအုပ်၊ မိုးဆန်သောမိုး၊ အသည်းနှင့်ထပ်တူ၊ ကဗျာလွတ်အနမ်း၊ မလွမ်းသာ ကြမ္မာနှောင်း၊ လမင်းကိုသက်သေတိုင်၊ မဟာရန်သူတော် စတဲ့ ဝတ္ထုတွေ ထုတ်ဝေခဲ့တယ်။ ၁၉၈၅ ခုနှစ် မတ်လ ၂၂ ရက်က ကွယ်လွန်ခဲ့တယ်။ ဇနီး ဒေါ်ခင်မြင့် (တိုင်းရင်းမေ မမြင့်နွယ်)နဲ့  သားသမီး ၅ ယောက် ကျန်ရစ်တယ်။

“ဂျာနယ်ကျော်ဦးချစ်မောင်” (ပြာသိုလဆန်း ၁၃ ရက်မွေး)    

“ဂျာနယ်ကျော်ဦးချစ်မောင်” (ခ) ရွှေလင်းယုန် (၁၂၇၃-၁၃၀၇) ကို ပဲခူးတိုင်း၊ အုတ်ဖိုမြို့မှာ ဗမာသက္ကရာဇ် ၁၂၇၃ ပြာသိုလ ဆန်း ၁၃ ရက်က  ဦးမြ၊ ဒေါ်စောယုတို့က ဖွားမြင်တယ်။ အမည်ရင်း ချစ်မောင်။ ရန်ကုန်မြို့ အနော်ရထာသတင်းစာတိုက်မှာ စတင် အလုပ်ဝင်တယ်။ နောက်ပိုင်း ဈေးနှုန်းသတင်းစာတိုက်၊ မြန်မာ့အလင်းသတင်းစာတိုက်တို့မှာ လုပ်တယ်။ ၁၉၃၈ အောက်တိုဘာမှာ ဂျာနယ်ကျော်မမလေးနဲ့ လက်ထပ်တယ်။ ၁၃၀၀ ပြည့် ရေနံသပိတ်တပ်ကြီး ချီတက်လာတဲ့သတင်း၊ ပုလိပ်တပ်က မြင်းနဲ့ နှိမ်နှင်းတဲ့ သတင်းတွေရေးပြီး လှုံ့ဆော်ခဲ့၊ ထိရောက်ခဲ့တယ်။ ၁၉၃၅ ခုနှစ် ‘ကမ္ဘာကြီး ပျက်စီးလုနီးပြီလော’ စာအုပ်ထွက်တယ်။ “သည်းကြွေ လုဖွယ်” ဝတ္ထုတို မြန်မာ့အလင်းမှာ ရေးတယ်။ ၁၉၃၉ ဂျာနယ်ကျော်ကို ဦးစီးလုပ်ကိုင်တယ်။  “ဘကြီးကျန်း”၊ “စုံထောက်အောင်ဘု၏ အမှုများ”၊ “ပါလေပြီတဲ့” စတဲ့ ဝတ္ထုတိုတွေ ဂျာနယ်ကျော်မှာ ရေးတယ်။ ၁၉၄၅- “အခုရေစက်ဝတ္ထုတို”၊ “ဝတ္ထု” ဝတ္ထု၊ “အဆက်ခေတ်” စတဲ့ ဝတ္ထုတိုတွေ ရေးတယ်။ သူဟာ မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌလည်း လုပ်ခဲ့တယ်။ ဦးချစ်မောင်ဟာ (၃ ဧပြီ ၁၉၄၆) ၁၃ဝ၇ ခုနှစ်၊ နှောင်းတန်ခူးလဆန်း (၂) ရက်နေ့ ကွယ်လွန်သွားတယ်။ သူ့ထင်ရှားတဲ့ စာအုပ်တချို့က ၁။ “ဂျာနယ်ကျော်ဦးချစ်မောင်၏ နေ့စဉ်မှတ်တမ်း” ၂။ “ကမ္ဘာကြီး ပျက်စီးလုနီးပြီလော”၊ ၃။ “သူ”၊ ၄။ “ရှာရှာဖွေဖွေ”၊ ၅။ “နိုင်ငံတော်သစ်သို့”၊ ၆။ “မှိုင်းမှုံမှုံ”၊ ၇။ “ဂျာနယ်ကျော်ဦးချစ်မောင်၏ဝတ္ထုတိုများ”တို့ ဖြစ်တယ်။

“ရေနံမြေ မခင်စု” (ပြာသိုလဆုတ် ၁ ရက်မွေး)

ရေနံမြေ မခင်စုဟာ စာရေးဆရာမ တဦးဖြစ်တယ်။ အဖ ဦးတင်၊ အမိ ဒေါ်ဇွန်းတို့က ၁၉၁၉ ခုနှစ် ဇန်နဝါရီ ၁၆ ရက် (ဗမာနှစ် ၁၂၈ဝ ခု၊ ပြာသိုလဆုတ် ၁ ရက်) က ရေနံချောင်းမြို့မှာ မွေးဖွားခဲ့တယ်။ ရေနံချောင်းမြို့၊ မန္တလေးကျောင်းတိုက်၊ အမျိုးသားအထက်တန်းကျောင်းတို့မှာ ပညာသင်ကြားခဲ့ပြီး ရန်ကုန်ဆရာအတတ်သင်သိပ္ပံ၊ ရန်ကုန်တက္ကသိုလ်တို့မှာလည်း တက်ခဲ့တယ်။ ၁၃၀၀ ပြည့် အရေးတော်ပုံမှာ သခင်မအဖြစ် ပါဝင်ခဲ့တယ်။ မင်းဘူးနယ်ကနေ အင်္ဂလိပ်အစိုးရကို တော်လှန်ခဲ့တယ်။ အာရှလူငယ် ဉာဏဗလစည်းရုံးရေးမှူး၊ ဗ လ စ အမျိုးသမီးဌာနမှူး၊ ဖဆပလ ဗဟိုအမှုဆောင်၊ ထောက်ပံရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး မြန်မာ့အလင်းဦးတင်ရဲ့ အတွင်းရေး အတွင်းဝန်၊ စာပေဗိမာန်မဂ္ဂဇင်း အယ်ဒီတာ လုပ်ခဲ့တယ်။ ၁၉၄၇ ခုနှစ်၊ အမျိုးသမီးကလောင်ရှင် မဂ္ဂဇင်းမှာ တော်လှန်ရေးဝတ္ထုတိုဆု ရရှိခဲ့တယ်။ “မေတ္တာခရီးသည်” (၁၉၅၄)၊ “ချစ်လင်သက်ထား မောင်ကြီးပွား” (၁၉၈၀) စတဲ့ စာအုပ်တွေကို ရေးသား ထုတ်ဝေခဲ့တယ်။

“စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင်” ပြာသိုလဆုတ် ၃ ရက်မွေးဖွား

တက္ကသိုလ် ဘုန်းနိုင် (၁၉၃ဝ-၂ဝဝ၂) ဟာ အမျိုးသား စာပေဆုရ စာရေးဆရာ၊ ဇာတ်ညွှန်းရေးဆရာ၊ တေးရေးဆရာဖြစ်ပြီး  ရန်ကုန်တိုင်း သန်လျင်မြို့မှာ ဦးထွန်းဖေ၊ ဒေါ်ကြင်မေတို့က ၁၆ ဇန်နဝါရီ ၁၉၃ဝ (ဗမာနှစ် ၁၂၉၁ ခု ပြာသိုလဆုတ် ၃ ရက်) က မွေးခဲ့တယ်။ ငယ်မည် မောင်ဖေသိန်း၊ အမည်ရင်း ဦးခင်မောင်တင့်။ ၁၉၄၈ ခုနှစ် ရန်ကုန်တက္ကသိုလ် ရောက်တယ်။ ပညာရေးတက္ကသိုလ် ပါမောက္ခချုပ်ဘဝ ၁၉၈၈ လူထုတော်လှန်ရေးကြီးမှာ ပါဝင်ခဲ့လို့ အငြိမ်းစားပေးတာ ခံခဲ့ရတယ်။ စာပေနယ်ကို ရှုမဝမဂ္ဂဇင်း ပါ "ဒွိဟ" ကဗျာနဲ့ ၁၉၄၉ ခု စတင် ဝင်ရောက်တယ်။ ထင်ရှား လုံးချင်း ဝတ္ထုရှည်အချို့မှာ— ညီမလေးရယ် စိုးရိမ်မိတယ် (၁၉၅၈)၊ သူ့ကျွန်မခံပြီ (၁၉၅၉)၊ လွမ်း (၁၉၆၂)၊ မိုးညအိပ်မက်မြူ (၁၉၆၂)၊ ဤမြေမှသည် (၁၉၆၃)၊ စိမ်းနေဦးမည့် ကျွန်တော့်မြေ (၁၉၆၃)၊ မောင့်ဘဝ ညအလားကွယ် (၁၉၆၃)၊ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင် (၁၉၆၄)၊ ချစ်သော ဤ ကမ္ဘာ (၁၉၆၄)၊ လွမ်းတေးမဆုံးစေနှင့် စောသခင် (၁၉၆၅)၊ ကမ္ဘာကုန်ကျယ်သရွေ့ဝယ် (၁၉၆၆)၊ နွေကန္တာဦး (၁၉၆၈)၊ ဝသန်လေချိန်မှန်ကူး (၁၉၆၉)၊ တပြည်သူမရွှေထား (၁၉၇၁)၊ နှင်းငွေ့တထောင့် မိုးတမှောင့် (၁၉၇၂)၊ ကိုယ့်အလှ ဘဝငွေလမင်း (၁၉၇၆)၊ စွန့်ခွာရသည့် နွေညများ (၁၉၈ဝ)၊ မိုးတွေ ရွာမှဖြင့်လျှင်ကွယ် (၁၉၈၄)၊ တိမ်ညိုအလွင့် လအမြင့် (၁၉၉ဝ)၊ ချစ်သူအိမ်အမိုး နောက်ဝယ် လပျောက်ခဲ့ခြင်း (၁၉၉၁)၊ မျက်ရည်လောကများ၏ ဟိုမှာဘက် (၁၉၉၂)၊ လေရူးသည် စာမတတ်ပါ (၁၉၉၅) စသည်တို့ ဖြစ်ကြသည်။ ထင်ရှားသည့် မဂ္ဂဇင်းဝတ္ထုရှည် (novelette) များမှာ နှင်းရွက်ကြွေစော (၁၉၅၈)၊ မုန်းရစ်လေဦး (၁၉၅၈)၊ ရေပင်လယ်နှင် ငွေစင်ကြယ် (၁၉၅၈)၊ တန်ခူးလေနှင့်လျောတော့သည် (၁၉၆၁)၊ ပိတောက်နှင့် ကြိုပါမည် မာရီယာ (၁၉၆၃)၊ ကရုဏာ မိခင် (၁၉၆၃) တို့ ဖြစ်ကြသည်။ ဝတ္ထုတိုအများကိုလည်း ရေးသားခဲ့ရာ— ယင်းတို့ကို ပြန်လည် တင်ပြသည် (၁၉၆၅)၊ ဝတ္ထုတို ပေါင်းချုပ် အမှတ် ၁၊ ၂၊ ၃ (၁၉၆၉)၊ ဝိညာဉ်မှာ ဖူးသည့် ကြည်နူးမှု အလှပန်း (၁၉၉၃)၊ ကျွန်တော့်ဘဝ ပိတောက်ကမ္ဘာ (၁၉၉၃) စသည်ဖြင့် စုစည်းခဲ့သည်။ စာပေ အနုပညာဆိုင်ရာ ကျမ်းများမှာ ‘ဘုန်းနိုင့် အတွေး ဘုန်းနိုင့် အမြင်’ (၁၉၇၇)၊ ‘ခပ်သိမ်းကလျာ ရှုဖွယ်သာတည်း’ ပထမတွဲ၊ ဒုတိယတွဲ (၁၉၉၄) တို့ ဖြစ်ကြတယ်။ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာ ဘာသာပြန် ကဗျာစာအုပ်တွေကတော့ ရှားလော့ဒေဝီ (၁၉၉၆)၊ တမ်းတမိခြင်း (၁၉၉၇) တို့ ဖြစ်ကြတယ်။ ‘နှင်းငွေ့တထောင့် မိုးတမှောင့်’ နဲ့ ၁၉၇၂ အမျိုးသားစာပေဆု ရတယ်။ ၂ဝဝ၂ ခုနှစ် မေလ ၁ဝ ရက် ကွယ်လွန်ခဲ့တယ်။

“စာရေးဆရာကြီး တက်တိုး” ပြာသိုလဆုတ် ၁၂ ရက်မွေး

ဆရာကြီးတက်တိုးဟာ ရန်ကုန်တိုင်းသန်လျင်မြို့မှာ ၁၉၁၃ ခု ဖေဖော်ဝါရီလ ၂ ရက် (ဗမာ ၁၂၇၄ ခုနှစ် ပြာသိုလဆုတ် ၁၂ ရက်) က မွေးဖွားပြီး အသက် ၁၄ နှစ် ၈ တန်းမှာ ဂန္ထလောကမဂ္ဂဇင်းက လုပ်တဲ့ ပြိုင်ပွဲမှာ ‘ကညာလော၊ ကျားကြီးလော’ ဝတ္ထုနဲ့ ဝတ္ထုတိုပထမဆု ရခဲ့တယ်။ “ဗစ်ကတာ” ကလောင်အမည်နဲ့ ရေးခဲ့တဲ့ ပထမဆုံးပုံနှိပ်စာမူဖြစ်တယ်။ ၁၉၃၉ ခု ရန်ကုန်တက္ကသိုလ်က ဝိဇ္ဇာဘွဲ့ရပြီး ရန်ကုန်တက္ကသိုလ်မှာ အင်္ဂလိပ်စာ နည်းပြဆရာ လုပ်တယ်။ ၁၉၄၀ ပထမဆုံး လုံးချင်းစာအုပ် မာတာဟာရီ (Mata Hari) ရေးတယ်။ ၁၉၄၁ ခု ကဗျာဆရာမ နုယဉ်နဲ့ လက်ထပ်ပြီး ၁၉၄၃-၄၅ “သုရောနန္ဒီ” ဘာသာပြန် စာအုပ်ရေးတယ်။ ၁၉၅၀ “မင်းမှုထမ်း” ဝတ္ထုထွက်ပြီး စာပေဗိမာန်ဆု ရရှိခဲ့တယ်။ နောက် “ခါးကုန်းကြီး” ဝတ္ထုထွက်ပြီး ၁၉၅၁ မှာ  “သောကကင်းဝေး နေနိုင်ရေး” စာအုပ်၊ ၁၉၅၅  “တက်တိုး အင်္ဂလိပ်-မြန်မာ အဘိဓာန်” ပြုစုထုတ်ဝေပြီး ၁၉၆၁ “ဘဝနှင့်စာပေ” စာအုပ်ထွက်တယ်။ သူဟာ ပင်ကိုရေး၊ ဘာသာပြန်နဲ့ ဆောင်းပါးပေါင်း ပုဒ်ရေ ၁၀၀၀ လောက် ရေးသားခဲ့တယ်။ ၁၉၉၇ ခုနှစ် မိဘမေတ္တာလူမှုရေးအဖွဲ့ရဲ့ စာပေဂုဏ်ရည်ဆုရနဲ့ ပခုက္ကူ ဦးအုန်းဖေ-တစ်သက်တာစာပေဆု ရတယ်။ ဆရာကြီးတက်တိုးဟာ (မြန်မာသက္ကရာဇ် ၁၃၆၅ ခုနှစ် နတ်တော်ဆန်း ၁၄ ရက်) ၂၀၀၃-ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်၊ တနင်္ဂနွေနေ့၊ ရန်ကုန်မှာ ကွယ်လွန်ခဲ့တယ်။ သားသမီး ၄ ယောက် ကျန်ရစ်ပြီး တက်တိုးရဲ့ ကလောင်ကွဲ ၁၇ ခု တွေ့တယ်။ စုစုပေါင်း စာအုပ် ၅၀ လောက် ရေးခဲ့ပြီး ကွယ်လွန်ပြီးမှ ထပ်ထုတ်တဲ့ စာအုပ်တွေလည်း ရှိတယ်။

“စာရေးဆရာကြီး သိန်းဖေမြင့်” (ပြာသိုလဆန်း ၇ ရက် ကွယ်လွန်)

ထင်ရှားတဲ့ “တက်ဘုန်းကြီး”၊ “တက်ခေတ်နတ်ဆိုး”၊ “အရှေ့ကနေဝန်းထွက်သည့်ပမာ” စတဲ့ စာအုပ်အတော်များများ ရေးသားခဲ့သူ စာရေးဆရာကြီး သိန်းဖေမြင့်ဟာ ၁၉၇၈ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်၊ ၁၃၃၉ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက် တနင်္ဂနွေနေ့၊ အသက် ၆၃ နှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သိန်းဖေမြင့်ကို စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့မှာ အဖ မြေတိုင်းစာရေး ဦးဘ၊ အမိ ဒေါ်မြင့်တို့က ၁၉၁၄ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက် သောကြာနေ့မှာ မွေးဖွားခဲ့ပါတယ်။ ငယ်နာမည်က မြမောင်ပါ။ မန္တလေးကောလိပ်၊ ရန်ကုန်တက္ကသိုလ်၊ ကာလကတ္တားတက္ကသိုလ်တွေမှာ ပညာသင်ယူခဲ့သူ ဖြစ်တယ်။ မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌတာဝန် ယူခဲ့ဖူးသလို ကွန်မြူနစ်ပါတီခေါင်းဆောင်၊ ဖဆပလအဖွဲ့ချုပ် ခေါင်းဆောင် တာဝန်ကြီးတွေလည်း ထမ်းဆောင်ခဲ့တယ်။ ဝတ္ထုတို – ရှည်၊ ဆောင်းပါး၊ ခရီးသွားစာပေ၊ အထ္ထုပ္ပတ္တိ၊ နိုင်ငံရေးစာပေတွေ အများအပြား ရေးသားခဲ့တယ်။ “အရှေ့ကနေဝန်းထွက်သည့်ပမာ” နဲ့ စာပေဗိမာန် ဝတ္ထုရှည်ဆု (၁၉၅၈)၊ “ဝိသေသတိုင်း သမိုင်းအစ” နဲ့ အမျိုးသားစာပေစာပဒေသာပထမဆု (၁၉၆၇)၊ “သီတာပြုံး” စာအုပ်နဲ့ အမျိုးသားစာပေဝတ္ထုရှည် တတိယဆု (၁၉၆၈) ရရှိခဲ့တယ်။ သိန်းဖေမြင့်ရဲ့ ကလောင်ခွဲတွေကတော့ ဝနေငဖေ၊ သိန်းနေနွယ်၊ တက္ကသိုလ်အကျော့၊ တကောင်ကြွက်၊ ဦးကျောက်လုံး၊ သိန်းဖေနဲ့ မောင်တူတို့ ဖြစ်တယ်။ ၁၃၃၉ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက် ကွယ်လွန်သွားတယ်။

“စာရေးဆရာ မြကေတု” (ပြာသိုလဆုတ် ၁ ရက်ကွယ်လွန်)

စာရေးဆရာ မြကေတုကို တောင်ငူမြို့မှာ ၁၉၀၈ ခု နိုဝင်ဘာ ၂၃ ရက် မွေးတယ်။ အမည်ရင်း ဦးချမ်းမြ။ ၁၉၃ဝ ပြည့်လွန်နှစ်တွေမှာ ‘မြကေတု’ ကလောင်နဲ့ ကဗျာ၊ ဆောင်းပါးတွေ စရေးခဲ့တယ်။ “တောင်ငူရာဇဝင်အကျဉ်းချုပ်နှင့် ဘုရားသမိုင်း” (၁၉၆၂)၊ “ယုဇနမာလာ ကဗျာများ” (၁၉၆၅)၊ “နန်းဓ လေ့ မှတ်တမ်း” (၁၉၆၆)၊ “စာပေတန်ဆောင်” (၁၉၆၇)၊ “အချုပ်တန်း ဆရာဖေ” (၁၉၇၇)၊ “သီလရှင် ထိပ်သား” (၁၉၇၉)၊ “နတ်ရှင်နောင် ဘဝနှင့် ပတ်ဝန်းကျင်” (၁၉၈၅)၊ “တက္ကသိုလ် စာပေတန်ဆောင်” (၁၉၉၄)၊ “နှောင်းခေတ် တက္ကသိုလ်မှတ်တမ်းများ” (၁၉၉၅) တို့ကို ရေးသားခဲ့တယ်။ ‘ဦးချမ်းမြ’ အမည်နဲ့ “မြန်မာနိုင်ငံ သုတေသနအသင်းအတွက် နတ်ရှင်နောင် ရတုများ” (၁၉၄ဝ)၊ “ဦးယာ၏ ဆယ့်နှစ်ရာသီ လူးတား” (၁၉၄၁)၊ “ကဗျာယဉ် စာယဉ် လက်ရွေးစင်” (၁၉၅၈ – ၁၉၆၁) စာအုပ်များကို တည်းဖြတ် ပြုစုခဲ့တယ်။ “သခင်ထွေး ဧချင်း” တည်းဖြတ်ပြီးခဲ့ပေမဲ့ ပုံနှိပ်တိုက်မှာ စာမူပျောက်ပြီး စာအုပ်မထုတ်ဖြစ်ခဲ့ပါ။ ကလောင် အမည်ခွဲတခုက ‘ယုဇန’ ဖြစ်တယ်။ ၁၉၉၇ ခု ဇန်နဝါရီ ၂၄ ရက် (ဗမာနှစ် ၁၃၅၈ ခု ပြာသိုလပြည့်ကျော် ၁ ရက်) က မန္တလေးမှာ ကွယ်လွန်ခဲ့တယ်။ 

မြန်မာ့မာသ၊ ပြာသိုလ၊ ဆောင်းညတွေဟာ၊ အေးလှတာမို့၊ ချမ်းလို့ရယ်တုန်၊ စောင်ခြုံမနွေး၊ မောင်မယ်ထွေးမှ၊ နွေးကြပါရ၊ ပြာသိုလရဲ့ အကြောင်းထွေထွေ ပြောလို့ရယ်မှ ကုန်မထင်ပါလေ။ ပြာသိုလမှာ မြန်မာပြည် လွတ်လပ်ရေးရပါတယ်။ ၁၉၄၈ ဇန်နဝါရီ ၄ ရက်နေ့ (ဗမာနှစ် ၁၃၀၉ ခု ပြာသိုလဆုတ် ၉ ရက်) ပါ။ လွတ်လပ်ရေးရဖို့ ဂျပန်မှာ စစ်ပညာသင်ပြီးစ ရဲဘော်သုံးကျိပ်တို့ ဘန်ကောက်မှာ တပ်မတော်ကို စဖွဲ့တာ ၁၉၄၁ ခု ဒီဇင်ဘာ ၂၆ ရက် (ဗမာနှစ် ၁၃၀၃ ခု ပြာသိုလဆန်း ၁၀ ရက်) ဖြစ်ပါတယ်။ ပြာသိုလနဲ့ ပတ်သက်ကြတဲ့ မြန်မာ့စာဆိုတော်ကြီးတွေကတော့  စာရေးဆရာ ကဗျာဆရာကြီး ဒေါင်းနွယ်ဆွေ၊ ဂျာနယ်ကျော် ဦးချစ်မောင်၊ စာရေးဆရာမကြီး ရေနံမြေမခင်စု၊ စာရေးဆရာကြီး တင့်တယ်တို့ကို ပြာသိုမှာ မွေးဖွားခဲ့ကြပြီး ဆရာကြီးသိန်းဖေမြင့်၊ ဆရာကြီးမြကေတုတို့ကတော့ ပြာသိုလအတွင်း ကွယ်လွန်ခဲ့ကြပါတယ်။ ဒါပေမဲ့ ပြာသိုလမှာ လောကထဲကို ဝင်လာကြပြီး ပြာသိုလမှာပဲ လောကကြီးကနေ ထွက်ခွာသွားကြကုန်သော နောက်ထပ် စာဆိုတော်ကြီးတွေလည်း ရှိနေကြသေးပါရဲ့ ခင်ဗျာ။ ။

1 month Ago
Up