ပြမည်

September 17, 2020

Lily Collins ပါဝင်သည့် Emily in Paris ရုပ်သံစီးရီးစ် အောက်တိုဘာလဆန်းပြမည် (ရုပ်သံနမူနာ)

ဗြိတိန်-အမေရိကန် အဆိုတော်သရုပ်ဆောင်မင်းသမီးတလက်ဖြစ်တဲ့ Lily Collins ခေါင်းဆောင်ပါဝင်ထားတဲ့ Emily in Paris ရုပ်သံစီးရီးစ်ကို လာမယ့် အောက်တိုဘာ ၂ ရက်နေ့မှာ စတင်ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။ ဒရာမာဇာတ်မြူးရုပ်သံဇာတ်လမ်းအနေနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ ဒီရုပ်သံစီးရီးစ်ကိုတော့ Beverly Hills, 90210 (1990–2000) ၊ Melrose Place (1992–1999) ၊ Sex and the City (1998–2004) နဲ့ ၂၀၁၅ ခုနှစ်ကနေ လက်ရှိအချိန်ထိ ထုတ်လွှင့်ပြသနေဆဲဖြစ်တဲ့ Younger (2015–present) ရုပ်သံစီးရီးစ်တွေနဲ့ လူသိများတဲ့ အမေရိကန်ဒါရိုက်တာ Darren Star က ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပြီး Netflix ကနေတဆင့် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ အသက် ၂၀ ဝန်းကျင် အမေရိကန်သူ Emily တယောက် အလုပ်အကိုင်အခွင့်အလမ်းတခုအတွက် ပြင်သစ်ပြည်ကို ရောက်ရှိချိန်မှာ ကြုံရမယ့် ယဉ် ကျေးမှုချင်း တိုးတိုက်မှုတွေ၊ မတူညီတဲ့ဘာသာစကားတွေနဲ့ နိုင်ငံရပ်ခြားတိုင်းပြည်တခုမှာ ရင်ဆိုင်ကြုံတွေ့ရမယ့် အချစ်၊ ဟာသ၊ ဒရာမာဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီစီးရီးစ်ထဲမှာတော့ Lily Collins နဲ့အတူ တခြားသရုပ်ဆောင်တွေဖြစ်ကြတဲ့ Ashley Park ၊ Philippine Leroy-Beaulieu ၊ Lucas Bravo ၊ Samuel Arnold ၊ Camille Razat နဲ့ Bruno Gouery တို့ကလည်း ပါဝင်ထားကြပါတယ်။ အပိုင်းတပိုင်းကို မိနစ် ၃၀ နဲ့ ထုတ်လွှင့်ပြသသွားမယ့် ဒီရုပ်သံစီးရီးစ်ကိုတော့ အပိုင်း ၁၀ ပိုင်းခွဲပြသမယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ Emily in Paris ရုပ်သံစီးရီးစ် Trailer ကိုတော့ တရက်အတွင်း ယူကျုဘ်ပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ သိန်းနဲ့ချီ ရှိပါတယ်။
1 year Ago
Up