ပြန်လွှဲ

December 5, 2020

တရားမဝင် ထိုင်းနိုင်ငံသားများကို ဥပဒေအရ အရေးယူပြီးမှ ပြန်လွှဲပေးမည်

တာချီလိတ်ကနေ နေရပ်ပြန်မယ့် ထိုင်းနိုင်ငံသားတွေထဲမှာ တရားမဝင်ခိုးဝင်လာတဲ့သူတွေပါလာပါက ဥပဒေအရ အရေးယူပြီးမှ ပြန်လည်လွှဲပြောင်းပေးသွားမယ်လို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ တရားမဝင်ခိုးပြန်တဲ့ ထိုင်းနိုင်ငံသားတွေကြောင့် ကိုဗစ်-၁၉ ကူးစက်မှုဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံထဲ တရားမဝင်ဝင်ရောက်နေထိုင်နေတဲ့ ထိုင်းနိုင်ငံသားတွေကို ပြန်လည်ပို့ဆောင်တဲ့နေရာမှာ ဥပဒေအတိုင်း အရေးယူမှုပြုလုပ်ပြီး ပြန်လည်လွှဲပြောင်းပေးဖို့ ထိုင်းအာဏာပိုင်တွေက တောင်းဆိုလာတာလို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ "သူတို့ဘက်ကို ခိုးပြန်တဲ့ သူတို့နိုင်ငံသားတွေကြောင့် ရောဂါကူးစက်မှုတွေရှိလာတာကို ထိန်းဖို့အတွက် အကူအညီလှမ်းတောင်းတာပါ။ အခုပြန်ချင်တဲ့ ထိုင်းနိုင်ငံသားတွေကို စာရင်းလိုက်ကောက်နေပါတယ်။ တကယ်လို့ အဲ့ဒီထဲမှာ စာရွက်စာတမ်းအထောက်အထားမရှိရင် လဝက အက်နဲ့အရေးယူပြီး ပြန်လွှတ်ပေးမှာပါ။" လက်ရှိမှာ နေရပ်ပြန်ချင်တဲ့ ထိုင်းနိုင်ငံသား ၁၅၀ လောက်ရှိနေပြီး စာရွက်စာတမ်းစစ်ဆေးမှုတွေလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်၊  မြန်မာနိုင်ငံရဲ့ လဝက အက်ဥပဒေနဲ့အရေးယူရင်တော့ အနည်းဆုံးငွေဒဏ်ချမှတ်မှာဖြစ်သလို ပြည်နှင်ဒဏ်ပေးပြီး နာမည်ပျက်စာရင်း Black List သွင်းကာ ပြန်လည်ပြည်ဝင်ခွင့်ပိတ်ပင်မယ်လို့ သိရပါတယ်။ အခုရက်ပိုင်းအတွင်း တာချီလိတ်မြို့မှာ ကိုဗစ်-၁၉  ရောဂါကူးစက်မှုများလာတာကြောင့် နေရပ်ပြန်ချင်တဲ့ ထိုင်းနိုင်ငံသားတွေများလာတာဖြစ်ပြီး ၁၀ ရက်အတွင်း ကူးစက်သူ ၆၅ ယောက်အထိ ရှိလာနေတာပါ။ ကိုဇက်
4 months Ago

May 16, 2020

ပြစ်ဒဏ်ကျခံပြီး မြန်မာရွှေ့ပြောင်းလုပ်သား ၁၇၈ ဦးကို ထိုင်းက ပြန်လွှဲပြောင်း

ထိုင်းနိုင်ငံမှာ ဥပဒေအရ ပြစ်ဒဏ်ကျခံပြီးသူ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၇၈ ယောက်ကို မေ ၁၅ ရက်နေ့က ကော့သောင်းနယ်စပ်ဂိတ်ကို လာရောက်လွှဲအပ်ခဲ့ပါတယ်။ မြန်မာအလုပ်သမား အမျိုးသမီး ၂၀ အပါအဝင် စုစုပေါင်း အလုပ်သမား ၁၇၈ ယောက်ကို ထိုင်းနိုင်ငံရနောင်းမြို့က တာဝန်ရှိသူတွေက မြို့မဆိပ်ကမ်းတံတားမှတဆင့် လာရောက် လွှဲပြောင်းပေးခဲ့တာလို့ ကော့သောင်းအခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း အလုပ်သမားပညာပေးစင်တာမှ ကိုမိုးဝေက ပြောပါတယ်။  “ဟိုဘက်က အကြောင်းကြားလာတယ်။ အချုပ်ခန်းထဲမှာ အလုပ်သမားတွေ ပိတ်မိနေတယ်ဆိုတာရယ်၊ ပြင်ပရောက်နေတဲ့ အလုပ်သမားတွေ ပိတ်မိနေတာရှိတယ်။ သူတို့က တနေ့ထက်တနေ့ အခက်အခဲတွေရှိတယ်၊  ဟိုဘက်ဒီဘက် တာဝန်ရှိသူတွေ ကြားထဲမှာ ညှိနှိုင်းပေးတာပေါ့။ စာရင်းဇယားတွေ နဲ့ ဒီဘက်ကလည်း စာရင်းတွေတောင်းပြီး ပြည်ထောင်စုအစိုးရနဲ့ညှိနှိုင်းပေးပြီး ဒီလူတွေလာနိုင်အောင် ကျနော်တို့က ကြားခံလုပ်ပေးတာဖြစ်တယ်။” မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ကော့သောင်းနယ်စပ်ဂိတ်မှ အရင်ကလည်း လာရောက်လွှဲပြောင်းပေးအပ်လေ့ရှိပြီး အခု ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့ကာလဖြစ်တာကြောင့် မြန်မာလုပ်သမားတွေ ထိုင်းနိုင်ငံ ရနောင်းမြို့မှာ ကြန့်ကြာနေခဲ့ရတာပါ။ တနင်္သာရီတိုင်း၊ မြန်မာရွှေ့ပြောင်းအလုပ်သမားများ စိစစ်လက်ခံရေးနှင့် နေရပ်ပြန်လည်ပို့ဆောင်ရေးကော်မတီရဲ့ ကြီးကြပ်ညှိနှိုင်းမှုနဲ့ ဒီနေ့လာရောက်လွဲပြောင်းပေးတာလို့ သိရပါတယ်။ ကော့သောင်းဒေသခံ ၅၃ ယောက်ကို အဏ္ဏဝါရပ်ကွက် အထက  ခွဲကျောင်းမှာ Quarantine ထားရှိပြီး အခြားတိုင်းနဲ့ ပြည်နယ်က ၁၂၅ ယောက်ကို အသွားအလာခက်ခဲတဲ့အတွက် အထက ၂ မှာ တညတည်းခိုဖို့ စီစဉ်ပေးထားတယ်လို့ ကော့သောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက ပြောပါတယ်။ ထားဝယ်နဲ့ မြိတ်မြို့တို့က အလုပ်သမားတွေအပါအဝင် အခြားတိုင်းနဲ့ပြည်နယ်က အဲဒီ အလုပ်သမား ၁၂၅ ဦးကို ကော့သောင်းတပ်နယ်က တပ်မတော်မော်တော်ယာဉ် ၁၀ စီးနဲ့ ထားဝယ်မြို့ ရွှေဝယ်သီရိအားကစားကွင်း Community Based Facility Quarantine Center ကို ဆက်လက်ပို့ဆောင်သွားမယ်လို့ ဆိုပါတယ်။ လတ်ကိုကိုဦး
11 months Ago
Up