ပြန်လွှတ်

July 22, 2021

အင်းစိန်ထောင်က အချုပ်သား ၁၀၀၀ ကျော် ပြန်လွှတ်ပေးမည်

ရန်ကုန် အင်းစိန်ထောင်ကနေ အချုပ်သား ၁၀၀၀ ကျော်ကို  ဇူလိုင် ၂၂ ရက် ဒီနေ့မှာ ပြန်လွှတ်ပေးဖို့ စီစဉ်နေတယ်လို့ ရန်ကုန်တိုင်းအကျဉ်းဉီးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဇော်က ပြောပါတယ်။

"လွှတ်ဖို့ရှိပါတယ်။ အတိအကျတော့ပြောလို့မရသေးဘူး။ စာရင်းကတော့ ရဲက စိစစ်ပြီးတော့မှ ပို့ပေးတာကို လွှတ်ပေးသွားပါမယ်။ တသုတ်ချင်းတသုတ်ချင်း စိစစ်ပြီးတော့မှ လွှတ်ပေးပါမယ်။ အကြမ်းဖျင်း တစ်ထောင်ကျော်လောက်တော့ရှိမှာပေါ့" လို့ ဦးဇော်ဇော်က ပြောပါတယ်။

အချုပ်သားတွေကို ပြန်လွှတ်ပေးဖို့ အင်းစိန်ထောင်ဝင်းထဲကို YBS ကားကြီးတချို့ရောက်ရှိနေပြီး ကိုဗစ်စည်းကမ်းတွေနဲ့အညီဆောင်ရွက်ထားတာရှိမရှိကို မေးမြန်းရာမှာတော့ "အလုပ်မအားသေးလို့ပြန်မဖြေနိုင်သေးဘူး" လို့ အင်းစိန်ထောင်တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။ 

ဖေဖော်ဝါရီ ၁ ရက်နေ့မတိုင်ခင် ဖမ်းဆီးတရားစွဲခံထားရတဲ့အချုပ်သားတွေထဲက နာကျင်စေမှုပုဒ်မတွေနဲ့ ဖမ်းဆီးတရားစွဲခံရသူတွေ၊ လောင်းကစားမှု၊ ယစ်မျိုးဉပဒေအမှု၊ မူးယစ်အမှု၊ လက်နက်ဉပဒေ၊ ပြည့်တန်ဆာ ဉပဒေ၊ ရဲအက်ဉပဒေ၊ ရုပ်မြင်သံကြားနဲ့ဗီဒီယိုဉပဒေတွေနဲ့ ဖမ်းဆီးတရားစွဲခံရသူတွေကို ပြန်လွှတ်ပေးဖို့ စစ်ကောင်စီက ဇူလိုင် ၂၀ရက်နေ့က အမိန့်စာထုတ်ခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီက အင်းစိန်ထောင်တွင်းမှာ အထူးတရားရုံး ၃၈ရုံး၊ စစ်ခုံရုံး ၆ ရုံးဖွင့်လှစ်ခဲ့ပြီး ၅၀၅(က) နဲ့ အဖမ်းခံရသူတွေကို စစ်ဆေးခဲ့ပါတယ်။

ဇူလိုင် ၅ ရက်နေ့မှာတော့ ကိုဗစ်တတိယလှိုင်းကြောင့် ထောင်တွင်း တရားရုံးတွေကို ရပ်နားခဲ့ပြီး ဇူလိုင် ၈ ရက်နေ့ကစပြီး အင်းစိန်ထောင်ကို Lock Down ချခဲ့ပါတယ်။

အင်းစိန်ထောင်အပါအဝင် မြန်မာနိုင်ငံက ဗဟိုအကျဉ်းထောင်ကြီးတွေဟာ အကျဉ်းသား အချုပ်သား ကျားမ စုစုပေါင်း ၅၀၀၀ အထိပဲထားဖို့ အဆောက်အဦးတွေ တည်ဆောက်ထားတာဖြစ်ပါတယ်။ ပုဒ်မ ၅၀၅(က) တွေထပ်ရောက်လာတဲ့အခါ ယခင်ရှိပြီးသားလူတွေနဲ့ပေါင်းရင် အကျဉ်းသား ၁၂၀၀၀ ဝန်းကျင်အထိ ထိန်းသိမ်းနေရတာဖြစ်ပါတယ်။

အင်းစိန်ထောင်ထဲမှာလည်း အချုပ်သားတွေရော အကျဉ်းသားတွေပါ ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားနေတာဖြစ်ပြီး ပြီးခဲ့တဲ့ရက်က အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ အန်အယ်လ်ဒီ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း ကိုဗစ်-၁၉ ရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

4 months Ago

May 30, 2021

အမေရိကန်နိုင်ငံသား အယ်ဒီတာကို ချက်ချင်းပြန်လွှတ်ပေးရန် တောင်းဆို

မြန်မာနိုင်ငံမှာ အယ်ဒီတာတစ်တစ်ဦးအဖြစ် အလုပ်လုပ်နေတဲ့ အမေရိကန်နိုင်ငံသား ဂျာနယ်လစ် ဒန်နီဖှန်းစတား ဖမ်းဆီးခံနေရတာနဲ့  ပတ်သက်ပြီး အလွန်အမင်း စိုးရိမ်ပူပန်နေကြောင်း အမေရိကန်အစိုးရက မေလ ၂၉ ရက်မှာ ပြောကြားလိုက်ပြီး သူ့ကို ချက်ချင်းပြန်လွှတ်ပေးဖို့လည်း စစ်ကောင်စီကို ဖိအားပေး တောင်းဆိုလိုက်ပါတယ်။

ရန်ကုန်ရှိ အမေရိကန်သံရုံးမှ ကောင်စစ်ဝန် အရာရှိတွေဟာ ဂျာနယ်လစ် ဒန်နီဖှန်းစတားကို တွေ့ဆုံဖို့ ကြိုးစားခဲ့ပေမဲ့ သွားရောက်ခွင့် မရခဲ့ဘူးလို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားပါတယ်။

သူ့မိသားစုဆီကို ဘေးကင်းလုံခြုံစွာ ပြန်ရောက်သွားတဲ့အထိ ဆက်လုပ်သွားမယ်လို့လည်း ဆိုပါတယ်။

မြန်မာစစ်ကောင်စီအနေနဲ့ ကောင်စစ်ဝန်ရုံးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းသဘောတူညီချက်အရ  ကောင်စစ်ဝန်ဆိုင်ရာကိစ္စတွေဆောင်ရွက်ဖို့  လိုအပ်သလိုဝင်ထွက်ခွင့်ကို နှောင့်နှေးချင်းမရှိ ပေးအပ်ဖို့ တိုက်တွန်းလိုက်ပြီး ဒန်နီယယ် ထိန်းသိမ်းထားချိန်အတွင်း သင့်တော်တဲ့ စောင့်ရှောက်မှုပေးရမယ်လို့လည်း တောင်းဆိုထားပါတယ်။ 

Frontier Myanmar သတင်းဌာနက မန်နေးဂျင်းအယ်ဒီတာ ဒန်နီဖှန်းစတားဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ မလေးရှားလေကြောင်းနဲ့ လိုက်ပါဖို့ပြင်ဆင်နေချိန် အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။

အသက် ၃၇ နှစ်အရွယ် ဒန်နီဖှန်းစတားကို ရန်ကုန် အင်းစိန်ထောင်ကို ပြောင်းရွှေ့လိုက်ပြီလို့ Frontier Myanmar က  ပြောကြားခဲ့ပြီး ဘာကြောင့်အဖမ်းခံရတာလဲဆိုတာ မသိရသေးသလို ဆက်သွယ်လို့လည်း မရဘူးလို့ ဆိုပါတယ်။ 

အမေရိကန် နိုင်ငံခြားရေး၀န်ကြီးဌာနကတော့ ဒန်နီဖှန်းစတားကို ထိန်းသိမ်းထားတာနဲ့ တခြားသတင်းထောက်တွေအပေါ် အကြမ်းဖက်ပြီး ဖမ်းဆီးထားခြင်းတွေဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်အပေါ် လက်မခံနိုင်စရာ တိုက်ခိုက်မှုလို့ ခေါ်ဆို သုံးနှုန်းထားပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဒု၀န်ကြီး ၀င်ဒီးရှာမန်းဟာ လာမယ့်သီတင်းပတ်အတွင်း မြန်မာရဲ့ အိမ်နီးချင်းထိုင်းနိုင်ငံ အပါအဝင် အရှေ့တောင်အာရှဒေသကို  လာရောက်မှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကိစ္စလည်း ဆွေးနွေးဖို့ ရှိပါတယ်။

6 months Ago
More News
Up