ပြန်လွတ်

November 29, 2021

စစ်ကောင်စီက ဖမ်းဆီးသွားသည့် မိုးမောက်ဒေသခံများ ပြန်လွတ်

စစ်ကောင်စီက ဖမ်းဆီးသွားခဲ့တဲ့ ကချင်ပြည်နယ် မိုးမောက်မြို့နယ်က ဒေသခံတွေ ပြန်လည်လွတ်မြောက်လာပြီလို့ သိရပါတယ်။

နိုဝင်ဘာ ၂၈ ရက်နေ့က မိုးမောက်မြို့နယ်၊ ကြံခင်းကျေးရွာအနီးက ခလရ ၄၃၇ တပ်အနီးမှာ စစ်ကောင်စီကားတစ်စီးကို ကေအိုင်အေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက်မှာ စစ်ကောင်စီဘက်က မိုးမောက်မြို့အဝင်နားမှာရှိတဲ့ လူနေအိမ်တွေဘက်ကို ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက်မှာတော့ ဒေသခံအယောက် ၆၀ ဝန်းကျင်ကို ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၂၈ ရက်နေ့ ညပိုင်းမှာတော့ ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

"မနေ့ညနေ မိုးချုပ်ခါနီး ငါးနာရီခွဲ ခြောက်နာရီလောက်ကျတော့ ပြန်လွှတ်ပေးတယ်။ မိုးမောက်မြို့ အထက စာသင်ကျောင်းရှေ့မှာ သူတို့ရောက်တဲ့အချိန် မိုးမောက်မြို့နယ်အုပ်ချုပ်ရေးမှူးက ဒီလူတွေကို လွှတ်ပေးဖို့ လာပြောလို့ ပြန်လွှတ်ပေးလိုက်တယ်လို့ပြောတယ်။ နာမည်စာရင်း တွေတော့ ကောက်ထားလိုက်ပြီး ပြန်လွှတ်ပေးလိုက်တယ်။"

စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် နေအိမ်ဆယ်လုံးကျော် ထိခိုက်ပျက်စီးမှုတချို့ ရှိခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၈ ရက်နေ့ ဖြစ်စဉ်မှာ စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် ဒေသခံ နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးသေဆုံးတယ်လို့ ဒေသခံနောက်တစ်ဉီးကပြောပါတယ်။

အဲဒီဖြစ်စဉ်ကြောင့် ဒေသခံတွေကတော့ စိုးရိမ်နေကြပြီး စစ်ကောင်စီအနေနဲ့ လူနေအိမ်တွေရှိရာကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ မပစ်ဖို့အတွက်လည်း တောင်းဆိုကြပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစုံတရာ ထုတ်ပြန်ထားတာမရှိသေးသလို ကေအိုင်အေကိုလည်း ဖုန်းနဲ့ဆက်သွယ်မေးမြန်းနေပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

2 months Ago

October 21, 2021

မကွေးတိုင်း အကျဉ်းထောင်အသီးသီးမှ ပြန်လွတ်လာသူ ၃၄၀ ခန့်ရှိ

မကွေးတိုင်းအတွင်းရှိ သရက်၊ ပခုက္ကူ၊ မကွေး(ဒေါင်းနေ) အကျဉ်းထောင်တွေကနေ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) နဲ့ အကြမ်းဖက်စစ်ကောင်စီက မတရားဖမ်းဆီး အကျဉ်းချထားသူတွေအနက်က ၃၃၉ ယောက် ပြန်လွတ်လာတယ်လို့ သိရပါတယ်။

မကွေးတိုင်း အကြမ်းဖက်စစ်ကောင်စီနဲ့နီးစပ်သူတဦးက “မကွေးတိုင်းဒေသကြီးအတွင်းရှိတဲ့ သက်ဆိုင်ရာအကျဉ်းထောင်အသီးသီးကနေ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုတွေကိုပိတ်သိမ်းပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခြင်းဖြစ်ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသူ အမျိုးသား ၂၈၉ ဦးနဲ့ အမျိုးသမီး ၅၀ ဦး၊ စုစုပေါင်း ၃၃၉ ဦး ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ပြန်လည်လွတ် မြောက်လာသူတွေဟာ တည်ဆဲဥပဒေပုဒ်မတခုခုနဲ့  နောင်တချိန်မှာ ပြစ်မှုတခုတခုနဲ့ ပြစ်ဒဏ်ကျခံရပါက အခုကျန်ရှိတဲ့ ပြစ်ဒဏ်ကိုပါ ပြန်လည်ကျခံရမယ့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ အရ ခံဝန်လက်မှတ်ရေးထိုးပြီးမှ ပြန်လွှတ်ပေးတာလိုက်တာလို့ လွတ်မြောက်လာသူတွေဆီက သိရပါတယ်။

မကွေးမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး အပါအဝင် ၃ ဦး ကတော့ အောက်တိုဘာ ၁၈ ရက်နေ့က ဒေါင်းနေထောင်ကနေ ပြန်လည်လွတ်မြောက်လာတာလည်း ဖြစ်ပါတယ်။

မကွေး(ဒေါင်းနေ)အကျဉ်းထောင်ကနေ ဇွန် ၃၀ ရက်နေ့ကလည်း ၅၀၅ (က) နဲ့ မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူ ၂၆ ဦး ပြန်လည်လွတ်မြောက်လာခဲ့ပြီး အရေးပေါ်ဆေးကုသရန်လိုအပ်နေတဲ့ GTI ကျောင်းသား မောင်လျှံဖြိုးအောင်ကတော့ အခုချိန်အထိ မလွတ်မြောက်သေးကြောင်း သိရပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ  နိုင်ငံတကာဖိအားကြောင့် နိုင်ငံတဝန်း အကျဉ်းထောင်တွေမှာ ပုဒ်မ ၅၀၅(က)နဲ့ ပြစ်ဒဏ်ကျခံနေရသူ ၁၃၁၆ ဦးနဲ့ အမှုရင်ဆိုင် နေရသူ ၄၃၂၀ ဦးကို ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပြီး ပြန်လွတ်လာသူတွေ ပြန်အဖမ်းခံရတာလည်းရှိပါတယ်။

3 months Ago
More News
Up