ပြန်လည်လက်ခံရေး

A d v e r t i s e m e n t With Us

November 17, 2019

ဘင်္ဂါလီများ ပြန်လည်လက်ခံရေး ပိုမိုရှုပ်ထွေးလာဟု ဗိုလ်ချုပ်မှူးကြီးပြော

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်ရှိနေတဲ့ ဘင်္ဂါလီတွေ ပြန်လည်လက်ခံရေးကိစ္စဟာ ပိုမိုရှုပ်ထွေးလာတယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ဂျပန် The Yomiuri Shimbun သတင်းဌာနနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံရာမှာ ဒီရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ကိစ္စရပ်တွေအပေါ် ဘယ်လိုမျိုး ဖြေရှင်းဆောင်ရွက်ရမယ် ထင်လဲလို့ မေးမြန်းရာမှာ ထည့်သွင်းပြောကြားခဲ့တာပါ။  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ဘင်္ဂါလီတွေကို နိုင်ငံသား ဥပဒေအရ ကျနော်တို့ နိုင်ငံသားပေးခြင်း၊ နိုင်ငံသားပြုခွင့် ပေးခြင်း၊ ဧည့်နိုင်ငံသားပေးခြင်း ဒီလိုရှိပါတယ်။ ဒါတွေကတော့ ဒီဥပဒေအတိုင်း သွားရမှာပေါ့။ ကျနော်တို့အစိုးရအနေနဲ့လည်း ဘင်္ဂါလီတွေကို ပြန်လည်လက်ခံရေးနဲ့ပတ်သက်ပြီး လုပ်ငန်းစဉ်တွေ စမယ်ဆိုပြီးတော့ မနှစ်ကတည်းက ပြောခဲ့တာပေါ့။ ဒါပေမဲ့ လွယ်လွယ်ကူကူနဲ့ လုပ်မယ့်ကိစ္စက လွယ်လွယ်ကူကူနဲ့ ဖြစ်မလာဘူး။ ဘာတွေ ဖြစ်လာလဲဆိုတော့ အဓိက နိုင်ငံတကာ ဖိအားတွေပါလာတာလည်း ရှိတာပေါ့။ နောက်တခုက လူဦးရေ သိပ်သည်းမှုပြဿနာလည်း ရှိတယ်၊ ရာသီဥတုပြဿနာလည်း ရှိတယ်၊ နေရာထိုင်ခင်း ပြဿနာလည်း ရှိတယ်၊ စားရေးသောက်ရေးပြဿနာတွေလည်း ရှိတယ်။ ဒီပြဿနာတွေအပေါ် မူတည်ပြီးတော့မှ ဘင်္ဂါလီတွေ ပြန်လက်ခံရေးကိစ္စဟာ ပိုပြီးတော့ ရှုပ်ထွေးလာတယ်” လို့ ပြောပါတယ်။ ရခိုင်လက်နက်ကိုင်အဖွဲ့ (အေအေ) နဲ့ ပတ်သက်ပြီးတော့ ဂျပန်သတင်းဌာနရဲ့ မေးမြန်းချက်ကိုတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က မဖြေဆိုခဲ့ပါဘူး။ တိုင်းရင်းသားလူမျိုးစုတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာတွေကို ရပ်စဲသွားဖို့အတွက် စွမ်းဆောင်နိုင်မယ့် အလားအလာ ရှိသလား ဆိုတာကိုလည်း ဗိုလ်ချုပ်မှူးကြီးက တိတိကျကျ မဖြေသွားဘဲ အကြိမ်ကြိမ် ဆွေးနွေးပြီးတဲ့နောက် အပစ်ရပ်လက်မှတ်ထိုးခဲ့ကြပြီလို့ပဲ ပြောပါတယ်။  “သူတို့ရဲ့ လိုလားချက်တွေအပေါ်မှာလည်း EAO တွေနဲ့ ဆွေးနွေးပြီးတဲ့အချိန်မှာ သူတို့ရဲ့ လိုလားချက်တွေအပေါ်မှာ မူတည်ပြီးတော့ Draft (မူကြမ်း) တခု ထွက်လာပါတယ်။ အဲဒီ Draft အပေါ်မှာ မူတည်ပြီးတော့မှ ကျနော်တို့က ၂၀၁၅ ခုနှစ်မှာ NCA (တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်) စာချုပ်လက်မှတ် ရေးထိုးခဲ့တဲ့အထိ ရောက်သွားခဲ့တာပေါ့။ သူတို့ တောင်းဆိုချက်ပေါ်မှာ မူတည်ပြီးတော့ ပြောခဲ့တာပေါ့။ အဲတော့ ဒါတွေကလည်း သူတို့ရဲ့ ပြောဆိုချက်တွေကလည်း လွယ်လွယ်ကူကူနဲ့ ရလာတာ မဟုတ်ဘူး။ သူတို့နဲ့ အကြိမ်ကြိမ်အခါခါ ကျနော်တို့ ဆွေးနွေးပြီးတော့မှ သူတို့ရဲ့ လိုလားချက်တွေအပေါ်မှာ ဘယ်လို ဖြေရှင်းမလဲဆိုတာ အဖြေတခု ထုတ်လာခဲ့တာပေါ့။ အဲဒါကြောင့် ကျနော်တို့အနေနဲ့ သူတို့ရဲ့ လိုလားချက်တွေပေါ်မှာ စောစောကပြောတဲ့ ဒီတိုင်းပြည် တည်ငြိမ်အေးချမ်းရေးအပေါ်  မူတည်ပြီးတော့မှ ကျနော်တို့ ဆောင်ရွက်ပေးနိုင်တဲ့ကိစ္စတွေ ပေးရမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ဒီနောက်ဆက်တွဲဇယား ၁ နဲ့  ၂ ကိုပြင်ဆင်ရေးကိစ္စတွေဟာ တိုင်းရင်းသားတွေအတွက် ပေးလိုက်တဲ့ အခွင့်အရေးတွေဖြစ်ပြီး လက်ရှိမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးထားတာလည်း ရှိတယ်လို့ ပြောပါတယ်။  “ကိုယ်ပိုင်အုပ်ချုပ်ခွင့်က ပြည်နယ်နဲ့ တိုင်းအားလုံးကို ကျနော်တို့ အခုပေးထားတယ်။ ပြည်နယ်နဲ့ တိုင်းတွေထဲမှာ သူ့ဟာသူ လွှတ်တော်တွေ အကုန်လုံးရှိတယ်။ ရွေးချယ်ပိုင်ခွင့် အကုန်လုံး ရှိတယ်၊ ပြီးရင် တိုင်းရင်းသားအုပ်စုတွေထဲမှာလည်း လိုအပ်တဲ့ ဥပဒေနဲ့ ညီညွတ်တဲ့ တိုင်းရင်းသားအုပ်စုတွေ ကိုလည်း ကျနော်တို့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသဆိုပြီး ပေးထားတာရှိတယ်။ ပေးထားတာရှိတော့ ဒါတွေကို ကျနော်တို့က တဖြည်းဖြည်းချင်း အကောင်အထည်ဖော်နိုင်ဖို့ လိုတာပေါ့။  “သို့သော်လည်းပဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆိုတဲ့နေရာမှာ သူတို့ရဲ့ ပြည်နယ်နဲ့ တိုင်းဒေသ အသီးသီးရဲ့ အစိုးရအဖွဲ့ အကြီးအကဲကို တိုက်ရိုက်ရွေးချယ်ပိုင်ခွင့်ကတော့ မရှိဘူး။ သမ္မတကနေ အဆိုပြုတာကို ကျနော်တို့က ပေးရတာပေါ့။ အသေးစိတ်ကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာပါပါတယ်။ ကျနော်တို့က ဒီအစားကို ပြည်နယ်တွေ၊ တိုင်းတွေကနေပြီး သူ့ကိုယ်စားလှယ် တိုက်ရိုက်အုပ်ချုပ်တဲ့သူ၊ တိုက်ရိုက်ရွေးချယ်တဲ့ စနစ်ကိုသွားဖို့ဆိုပြီး တပ်မတော်က ဒါကို အဆိုပြုခဲ့တာရှိတယ်။” ဒါဟာ ကြီးမားတဲ့ပြင်ဆင်မှု တခုလုပ်ပေးဖို့အတွက် တောင်းဆိုတာဖြစ်ပြီး ဒို့တာဝန် အရေးသုံးပါးကို မထိခိုက်အောင် ဘယ်လိုပြန်လုပ်မလဲ ဆိုတဲ့ဟာကို စဉ်းစားတာ ရှိတယ်လို့လည်း ပြောခဲ့ပါတယ်။
1 year Ago
Up