ပြန်လည်ဖွင့်လှစ်မည်

September 8, 2020

ကိုဗစ်-၁၉ ကူးစက်ခံရမှု မြင့်တက်နေသည့် အိန္ဒိယတွင် တာ့ဂျ်မဟာ ပြန်လည်ဖွင့်လှစ်မည်

အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ မြင့်တက်လာပေမယ့် ကမ္ဘာလှည့် ခရီးသွားတွေကို ဆွဲဆောင်ရာနေရာတခုဖြစ်တဲ့ တာ့ဂျ်မဟာကို ပြန်လည်ဖွင့်လှစ်သွားဖို့ ရှိနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုဟာ တကမ္ဘာလုံး ကပ်ရောဂါအသွင်ဖြစ်လာခဲ့ပြီး လူဦးရေ ၁ ဒသမ ၃ ဘီလီယံ နေထိုင်တဲ့ အိန္ဒိယနိုင်ငံမှာ လတ်တလော အချိန်ထိ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄ ဒသမ ၂ သန်း ရှိလာပါတယ်။ ဒီအရေအတွက်ဟာ ရောဂါကူးစက်ခံရမှု အမြင့်ဆုံးနိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံရဲ့ နောက်မှာ ရှိနေတဲ့ ဘရာဇီးနိုင်ငံကို ဖြတ်ကျော်ကာ ကူးစက်မှုအမြင့်ဆုံး ဒုတိယနိုင်ငံတနိုင်ငံ ဖြစ်လာခဲ့တာပါ။ လတ်တလောမှာတော့ ခုလိုကူးစက်မှုမြင့်တက်နေပေမယ့် ကိုဗစ်ကြောင့် အချိန် ၆ လကျော်ကြာ ပိတ်ထားခဲ့ရတဲ့ တာ့ဂျ်မဟာကို ပြန်လည်ဖွင့်လှစ်သွားမယ်လို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တရာပရာဒေ့ရှ်ပြည်နယ်၊ ခရီးသွားလုပ်ငန်းဌာန လက်ထောက်ညွှန်ကြားရေးမှူး အာမစ် ဆရီဗက်စ်တာဗာက “တာ့ဂျ်မဟာကို စက်တင်ဘာလ ၂၁ ရက်နေ့မှာ ပြန်ဖွင့်သွားပါမယ်။ ကိုဗစ်-၁၉ ကူးစက်ရောဂါဆိုင်ရာ စည်းမျဉ်းစည်းကမ်းနဲ့ လိုက်နာရမယ့် အချက်တွေ၊ လူစုလူဝေး ကန့်သတ်မှုတွေ၊ နှာခေါင်းစည်း Mask တပ်ဆင်ရမှာတွေ စတဲ့ အချက်တွေနဲ့ လိုက်နာဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”လို့ ပြော ပါတယ်။ လာရောက်လည်ပတ်ကြမယ့် ခရီးသွားဧည့်သည်အရေအတွက်ကိုတော့ တရက်ကို ၅,၀၀၀ လို့ သတ်မှတ်ထားပြီး ပုံမှန်ဆိုရင်တော့ ပျမ်းမျှလူဦးရေ ၂၀၀၀၀ လောက် လာရောက်လည်ပတ်လေ့ရှိတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့အံ့ဖွယ်နေရာ ၇ ခုထဲမှာ ပါဝင်တဲ့ တာ့ဂျ်မဟာ တည်ရှိရာ အာဂရာမြို့ပါဝင်တဲ့ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၇၀,၀၀၀ ကျော်ရှိခဲ့ပြီး ရောဂါကူးစက်မှုအဆိုးဝါးဆုံးပြည်နယ်တွေထဲက တခုအပါအဝင် ဖြစ်ပါတယ်။
1 year Ago

June 15, 2020

ကယားပြည်နယ်ရှိ အလည်အပတ်နေရာများ ဇွန်လ ၁၆ ရက် ပြန်လည်ဖွင့်လှစ်မည်

ထီးစဲခါးရေတံခွန်အပါအဝင် ကယားပြည်နယ်အတွင်းမှာရှိတဲ့ အလည်အပတ်နေရာ ၁၁ ခုကို ဇွန် ၁၆ ရက်နေ့ကစပြီး ကန့်သတ်ချက်ဖြေလျှော့ပြီး ပြန်လည်ဖွင့်လှစ်ပေးသွားမယ်လို့ ကယားပြည်နယ်အစိုးရအဖွဲ့ရုံးက ကြေညာပါတယ်။ ဒီကနေ့ ဇွန်လ ၁၅ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ကာကွယ်တားဆီးရေးဆိုင်ရာ ဖြေလျှော့စည်းကမ်းချက်နဲ့ပတ်သက်တဲ့ ညွှန်ကြားချက်မှာ ပါရှိပါတယ်။   ၃ လနီးပါကြာ ပိတ်ထားခဲ့တဲ့ လွိုင်ကော်မြို့နယ်တွင်းက ထီးစဲခါးရေတံခွန်၊ ကြက်ဂူ၊ ဒီးမော့ဆိုမြို့နယ်အတွင်းက ငွေတောင်ဆည်၊ ထီးပွင့်ကန်၊ ကန်ခုနှစ်ဆင့်၊ ပန်ပက်ကျေးရွာ၊ တနီးလာလဲ၊  ကွိုင်ငံ၊ ရေပြာအိုင်နဲ့ ဖရူဆိုမြို့နယ်အတွင်းက ထီးပရူးနူဂူနဲ့ ဆင်ဖြူတောင်တို့ကို  ဇွန်လ ၁၆ ရက်နေ့ကစ ပြန်လည်ဖွင့်လှစ်ပေးမှာဖြစ်ကြောင်း ပါရှိပါတယ်။  ဒါပေမဲ့ လူစုလူဝေးနဲ့ စုဖွဲ့စားသောက်တာတွေမပြုလုပ်ဖို့နဲ့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေနဲ့အညီ လိုက်နာဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။ ခရီးသယ်ယူပို့ဆောင်ရေးလုပ်ငန်းနဲ့ ကုန်တင်ယာဉ်တွေ သွားလာမှုအဆင်ပြေစေဖို့ ည ၁၂ နာရီမှ မနက် ၄ နာရီအထိ ပြေးဆွဲတာနဲ့ ပြည်နယ်အတွင်း ဝင်ရောက်ခွင့်ပြုမှာ မဟုတ်သလို ယာဉ်စီးခနှုန်းကိုလည်း လက်ရှိနှုန်းထားအပေါ် ကျပ် ၅၀၀၀ လျှော့ကောက်ခံဖို့နဲ့ ခရီးသည်ကိုလည်း တဝက်သာ တင်ဆောင်ဖို့ သတ်မှတ်ထားပါတယ်။  ဈေးတွေကိုတော့ အပတ်စဉ် တနင်္ဂနွေနေ့ တစ်ရက်သာပိတ်တဲ့အစီအစဉ်ကို ဇွန်လ ၃၀ ရက်နေ့အထိ ရက်ထပ်ထိုးထားပါတယ်။  ကယားပြည်နယ်အတွင်းမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူမရှိသေးပေမဲ့ ဓာတ်ခွဲနမူနာ စောင့်ဆိုင်းသူ ၁၁၉ ဦးရှိကြောင်း ဇွန်လ ၁၅ ရက်နေ့ ညနေပိုင်းက ထုတ်ပြန်တဲ့ ကယားပြည်နယ်အစိုးရရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ 
1 year Ago
Up