ဘာစီလိုနာနည်းပြ ဘဝဟာ ကုန်ဆုံးသွားခဲ့ပြီဖြစ်ပြီး တစ်ကျော့ပြန်လည်နည်းပြမှာ မဟုတ်ဘူးလို့ မန်စီတီးနည်းပြ ပက်ဂွါဒီယိုလာက ပြောကြားလိုက်ပါတယ်။
ပက်နဲ့မန်စီတီးအသင်းတို့ရဲ့ စာချုပ်ဟာ နောက်ဆုံး ၆ လတာကာလကို ရောက်ရှိနေပြီဖြစ်တာကြောင့် သူ့ရဲ့အနာဂတ်နဲ့ပတ်သတ်တဲ့ ခန့်မှန်းပြောဆိုမှုများစွာ ပေါ်ထွက်လာခဲ့ပါတယ်။ စပိန်နည်းပြဟာ မန်စီတီးအသင်းနဲ့အတူ စာချုပ်သက်တမ်းတိုးဖို့ လမ်းဖွင့်ထားသူဖြစ်ပါတယ်။
ဒါပေမယ့် သူသာလာမယ့်နွေရာသီမှာ မန်စီတီးအသင်းကနေထွက်ခွာဖြစ်ပါက ဘာစီလိုနာအသင်းကို ပြန်လည်ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းနေကြတာပါ။
ဘာစီလိုနာအသင်းရဲ့ ဥက္ကဋ္ဌလောင်း ဖစ်တာဖွန့်ကည်း အသက် ၄၉ နှစ်အရွယ် ဂွါဒီယိုလာနဲ့ အသင်းခေါင်းအောင်မက်ဆီတို့ ပြန်လည်တွေ့ဆုံဖို့ စိတ်အားထက်သန်နေပါတယ်။
ဒါပေမဲ့ ရှက်ဖီလ်းအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီးနောက် သတင်းစာရှင်းလင်းပွဲမှာ ဂွါဒီယိုလာက “ကျနော့်ရဲ့ ဘာစီလိုနာ နည်းပြဘဝက ပြီးဆုံးသွားခဲ့ပါပြီ။ ဒါဟာ ဘဝမှာ တစ်ခါပဲလုပ်ရမယ့်အရာတွေထဲက တခုလို့လည်း ကျနော်ထင်ပါတယ်။ ဘာစီလိုနာနည်းပြအဖြစ်ဆောင်ရွက်နိုင်တဲ့ ထူးချွန်သူတွေအများကြီးရှိပါတယ်။ ဥပမာပြောရရင် အခုနည်းပြ ရော်နယ်ကိုးမန်းကိုပဲကြည့်ပါ။ ကျနော့်အတွက်ကတော့ ပြီးဆုံးခဲ့ပါပြီ။ ကျနော်က ကျနော့်ရဲ့မြို့ကိုပြန်ပြီး ကျနော့်အသင်းကို ပရိသတ်တယောက်အနေနဲ့ပဲ ကြည့်ပါမယ်။ ဒါဟာ ပြီးဆုံးသွားခဲ့ပါပြီ” လို့ ပြောပါတယ်။
ဂွါဒီယိုလာဟာ သူ့ရဲ့နည်းပြဘဝကို ဘာစီလိုနာအသင်းမှာ စတင်ခဲ့တာဖြစ်ပြီး အသင်းကို ကိုင် တွယ်ခဲ့တဲ့ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အတွင်း အရေးပါတဲ့ဖလား ၁၄ လုံးဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒီဆုဖလား တွေမှာ လာလီဂါဖလား ၃ လုံးနဲ့ ချန်ပီယံလိဂ် ဖလား ၂ လုံးလည်း ပါဝင်ပါတယ်။
သူဟာ နည်းပြအဖြစ်ရှိနေစဉ်မှာ ဘာစီလိုနာအသင်းသမိုင်းတစ်လျှောက် အကြီးကျယ်အခမ်းနားဆုံးအသင်းတွေထဲက တခုကို ဖန်တီးနိုင်ခဲ့ကာ တီကီ-တာကာ ကစားဟန်နဲ့အတူ မက်ဆီ၊ ဇာဗီ၊ အင်တီယေစတာ၊ ဘတ်စကွတ်နဲ့ ပီကေး စတဲ့ကစားသမား တွေရဲ့ အကောင်းဆုံးခြေစွမ်းကို အသုံးပြုခွင့်ရရှိခဲ့ပါတယ်။
2 years Ago