အရှေ့အလယ်ပိုင်း ဒေသအတွင်း ကိုရိုနာဗိုင်းရပ်စ် အဆိုးဆုံး ကူးစက်ခံခဲ့ရတဲ့ အီရန်နိုင်ငံမှာ နောက်ထပ်ကူးစက်မှုလှိုင်းသစ် ပြန်ပေါ်နိုင်တယ်လို့ ကျန်းမာရေးဌာနက သတိပေးထားပေမယ့် ကုန်တိုက်တွေနဲ့ ဈေးတွေ ဧပြီ ၂၀ ရက်က ပြန်ဖွင့်ခဲ့ပါတယ်။
သမိုင်းဝင် အဆောက်အဦထဲမှာရှိတဲ့ The Grand ဈေးနဲ့ ပါလာဒီယံ ရှော့ပင်းစင်တာတို့လည်း မနေ့ကတည်းက ပြန်ဖွင့်ခဲ့ပါတယ်။ လူအများအပြားက မျက်နှာဖုံးတွေ လက်အိတ်တွေ ဝတ်ထားပေမယ့် လူချင်းခွာနေရမယ့် စည်းမျဉ်းကိုတော့ မလိုက်နာခဲ့ကြပါဘူး။
ကုန်တိုက် ဝင်ပေါက်မတိုင်ခင်မှာ အစောင့်တွေက ဈေးဝယ်တွေရဲ့ ကိုယ်အပူချိန်ကို စစ်ဆေးပါတယ်။ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုဒဏ်ကို ခံနေရတဲ့ အီရန်မှာ ဗိုင်းရပ်စ်ကြောင့် လူနေမှုဘဝ ထိခိုက်မှာကိုလည်း အာဏာပိုင်တွေက စိုးရိမ်နေပါတယ်။
လူထုကျန်းမာရေးကာကွယ်ဖို့နဲ့ စီးပွားရေးကို မပြိုလဲအောင် ထိန်းဖို့ ဟန်ချက်ညီနိုင်ရေး အစိုးရက တခြားနိုင်ငံတွေလို မြို့လုံးကျွတ် ပိတ်ချတာတွေ မလုပ်ပါဘူး။
ဒါပေမဲ့ ကျောင်းတွေ တက္ကသိုလ်တွေကို ရက်ရှည် ပိတ်ခဲ့ပြီး ယဉ်ကျေးမှု ဘာသာရေးနဲ့ အားကစားဆိုင်ရာ လူစုလူဝေးတွေ မလုပ်ဖို့ တားမြစ် ပိတ်ပင်ခဲ့ပါတယ်။
သမ္မတ ဟတ်ဆန်ရောင်ဟာနီ အစိုးရက မြို့တွင်း သွားလာမှု ပိတ်ပင်ချက်ကိုမနေ့က စပြီး ပယ်ဖျက် လိုက်ပါတယ်။
အီရန်နိုင်ငံမှာ ဧပြီ၂၀ ရက်ထိ အတည်ပြုချက်အရ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံ ၈၃၅၀၅ ယောက် ရှိပြီး ကူးစက်ခံ ၅၂၀၉ ယောက် သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
11 months Ago