ပြန်တွေ့ရဖို့ မဖြစ်နိုင်

February 20, 2020

ကော်တင်ဟို လီဗာပူးကို ပြန်လာရန် မဖြစ်နိုင်ဟု အသင်းခေါင်းဆောင် ဟန်ဒါဆင်ပြော 

ဖိလစ်ပီကော်တင်ဟိုဟာ ကစားသမားကောင်းတဦး ဖြစ်ပေမယ့် သူ့ကို လီဗာပူးအသင်းမှာ ပြန်တွေ့ရဖို့ မဖြစ်နိုင်တော့ဘူးလို့ လီဗာပူးအသင်း ခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆင်က ပြောပါတယ်။ ကော်တင်ဟိုကို အသင်းဟောင်းက ပြန်လည်ခေါ်ယူသွားဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ အခုလို ပြောသွားတာလည်း ဖြစ်ပါတယ်။ ကော်တင်ဟိုဟာ ၂၀၁၈ ခုနှစ် ဆောင်းရာသီ အပြောင်းအရွေ့မှာ လီဗာပူးအသင်းကနေ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့သွားတာပါ။  ဘရာဇီး လက်ရွေးစင်က သူ့ငယ်ဘဝအိပ်မက်ဖြစ်လို့ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ရတာလို့ ပြောဆိုခဲ့ပေမယ့် လက်တွေ့မှာတော့ မှန်းချက်နှမ်းထွက် မကိုက်ညီဘဲ ဘာကာအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရကာ ဘိုင်ယန်မြူးနစ်အသင်းမှာ အငှားချထားခံရတာ ဖြစ်ပါတယ်။  လက်ရှိမှာ ဘိုင်ယန်မြူးနစ်အသင်းကလည်း အသက် ၂၇ နှစ်အရွယ် ကစားသမားကို အပြီးသတ် ခေါ်ယူနိုင်ဖွယ် မရှိတာကြောင့် ကစားသမားရဲ့အနာဂတ်ဟာ ဝေဝါးတဲ့ အခြေအနေကို ရောက်နေတာပါ။ သူဟာ အသင်းဟောင်းကို ပြန်လာနိုင်တယ်လို့ သတင်းတွေမှာ အပြိုင်အဆိုင် ဖော်ပြနေကြပြီး လီဗာပူးအသင်းခေါင်းဆောင်ကတော့ ဒီသတင်းတွေအတိုင်း မဖြစ်လာနိုင်ဘူးလို့ ယူဆနေပါတယ်။  “ကျနော်တို့ လီဗာပူး အသင်းသားတွေ အားလုံးက သူ့ကို ချစ်တာကြောင့် ဘယ်သူ့ကိုပဲမေးမေး သူ့ကို အားလုံးက ပြန်လာစေချင်ကြမှာပါပဲ။ ဒါပေမဲ့ ကျနော့်စိတ်ထင် အချိန်တွေဟာ ကုန်ဆုံးသွားခဲ့ပါပြီ။ သူဟာ အသင်းကနေ ထွက်ခွာသွားခဲ့ပြီးပါပြီ။ ပြီးတော့ မကြာခင်အချိန်အတွင်းမှာ အရင်တုန်းက ခြေစွမ်းထက်ခဲ့တဲ့ ကော်တင်ဟိုကို ပြန်မြင်တွေ့ရဖို့လည်း ကျနော် မျှော်လင့်ပါတယ်” လို့ ဟန်ဒါဆင်က ပြောပါတယ်။  လီဗာပူးအသင်းဟာ ကော်တင်ဟိုကို ရောင်းချရာကနေ ရရှိခဲ့တဲ့ ငွေကြေးတွေနဲ့ ဗန်ဒိုက်၊ အလီဆန် စတဲ့ အဓိကကစားသမားတွေကို ပြန်လည်အားဖြည့်ထားပါတယ်။ “ကျနော့်စိတ်ထင် ကျနော်တို့ဟာ ကိုယ့်ကိုယ်ကိုယ် အားဖြည့်ရပါမယ်။ သူ ထွက်ခွာသွားတာ ကျနော့်တို့အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတခု ဖြစ်ပြီးတော့ အသင်းတိုင်းအတွက်လည်း ဒီလိုပဲ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီအခြေအနေဟာ ကျနော်တို့အတွက် ရှေ့ဆက်သွားရမယ့် အခိုက်အတန့်တခု ဖြစ်ခဲ့ပြီး ကျနော်တို့ အသင်းသား အားလုံးက သူမရှိဘဲနဲ့ အကောင်းဆုံးတွေကို ဖန်တီးနိုင်ခဲ့ပါတယ်” လို့လည်း ဟန်ဒါဆင်က ပြောပါတယ်။  ဗန်ဒိုက်၊ အလီဆန် စတဲ့ ကမ္ဘာ့အဆင့် ကစားသမားတွေကို ခေါ်ယူ အားဖြည့်နိုင်လိုက်တာက လီဗာပူးအသင်းကို လမ်းကြောင်းမှန်ပေါ် ရောက်ရှိစေခဲ့တယ်လို့ ဟန်ဒါဆင်က ပြောဆိုသွားခဲ့ပေမယ့် တခြားကစားသမားတွေ၊ ဝန်ထမ်းတွေကိုလည်း မေ့ထားလို့ မရဘူးလို့ ဟန်ဒါဆင်က ဆက်လက်ပြောဆိုခဲ့ပါတယ်။ ကမ္ဘာ့အဆင့် ကစားသမားတွေ ရောက်ရှိလာတာနဲ့အတူ လီဗာပူးအသင်းဟာ ၂၀၁၉ ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဖား၊ ဥရောပစူပါဖလားနဲ့ ကမ္ဘာ့ကလပ်များဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပြီး လက်ရှိ ပရီးမီးယားလိဂ်မှာလည်း ၂၅ မှတ်ပြတ်နဲ့ ဦးဆောင်နေကာ ကာလရှည် ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကို ရယူဖို့ အနီးစပ်ဆုံး အခြေအနေကို ရောက်ရှိနေပါတယ်။
2 years Ago
Up