ပြန်တောင်းပန်

July 15, 2020

ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးအား လူလိမ်ဟု ဖေ့စ်ဘွတ်ခ်တွင်ရေးသားခဲ့သူ ပြန်တောင်းပန်

ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးကို လူလိမ်လို့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသား ဖော်ပြခဲ့သူက သူ့ရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး ဇူလိုင် ၁၄ ရက်နေ့ နေ့လယ်ပိုင်းက ဧရာဝတီတိုင်း ဒေသကြီး ပြည်သူ့ပါတီရုံးမှာ လာရောက်တောင်းပန်ခဲ့ပါတယ်။ ဖေ့ဘွတ်စ်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး မိမိအနေနဲ့ နိုင်ငံရေး ပါတီ ဘယ်ပါတီကိုမှ မဝင်ထားသလို မိမိနောက်မှာလည်း ဘယ်သူမှမရှိကြောင်းနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ရင်း သတင်းဖြစ်လောက်မယ်အထင်နဲ့ ပိုစ့်တင်ခဲ့တာသာ ဖြစ်တယ်လို့ တောင်းပန်သူ ဦးဆန်းမြင့်က ပြောပါတယ်။ "သတင်းဖြစ်လိမ့်မယ်အထင်နဲ့ တင်ခဲ့မိတာပါ၊ သူများတင်တဲ့ဟာကို ပြန်ကူးပြီး ကျနော့် အကောင့်မှာ တင်ခဲ့မိတာပါ၊ ဘာလိုဖြစ်ဖြစ် ကျနော့်အမှားဖြစ်သွားတဲ့အတွက် ခုလို ပြည်သူ့ပါတီက တာဝန်ရှိသူတွေ ရှေ့မှာ လာပြီးတောင်းပန်တာပါ"လို့ ပုသိမ်မြို့ခံ ဦးဆန်းမြင့်က ပြောပါတယ်။ မိမိဖြစ်ရပ်လိုမျိုး တခြားသူတွေကိုလည်း မဖြစ်စေချင်လို့ ဖေ့ဘွတ်စ်ပေါ်မှာ ပိုစ့်တင်တာနဲ့ ပတ်သက်ပြီး အမှုမဲ့အမှတ်မဲ့ မတင်စေချင်သလို အမှားမှား အယွင်းယွင်းမဖြစ်အောင် သတိထားပြီး ပါတီထိခိုက်မယ့် ပုံရိပ်တွေဖြစ်စေမယ့် ဟာမျိုး မတင်စေချင်ဘူးလို့ ဆိုပါတယ်။ ဖေ့ဘွတ်စ်လူမှုကွန်ရက်မှာ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး အပါအဝင် ပါတီအား မဟုတ်မမှန် အပုတ်ချရေးသားခဲ့တာတွေအတွက် ပါတီက တာဝန်ရှိသူတွေက အကောင့်ပိုင်ရှင် ဦးဆန်းမြင့်ကို တရားစွဲဆိုသွားမှာဖြစ်ကြောင်း ပြောဆို ချိန်မှာ ခုလိုတောင်းပန်လိုက်တာလည်း ဖြစ်ပါတယ်။  ဧရာဝတီတိုင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးသီဟက “အရင်တုန်းက ပြောခဲ့တဲ့ စကားတွေကို ခုမှ ပြန်ပြောသလို ရေးသားဖော်ပြတာတွေ၊ ပြီးတော့ ဦးကိုကိုကြီးကို လူလိမ်လို့ ရေးထားတာတွေ၊ ပြီးတော့ ဖွဲ့စည်းပုံမပြင်ဘဲနဲ့ အာဏာရဖို့ဘဲ လုပ်နေတာ ဒါတွေရေးထားတော့ အစက တရားစွဲဖို့အတွက် စီစဉ်ခဲ့ပေမယ့် သူနဲ့ အဆက်သွယ် ရချိန်မှာ တောင်းပန်မယ်ပြောလို့ လက်ခံခဲ့တာ”လို့ ပြောပါတယ်။ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးကတော့ ခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒီမိုကရေစီ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် စတာတွေဟာ အင်မတန် တန်ဖိုးကြီးပြီးတော့ တာဝန်ယူမှု တာဝန်ခံမှု မရှိဘဲ တာဝန်မဲ့အသုံးပြုနေကြရင်လည်း အင်မတန်အန္တရာယ်ကြီးပါတယ်၊ ကျနော်တို့ သည်းခံ ပါတယ်၊ ဝန်ခံတာကိုလည်း အသိအမှတ်ပြုပါတယ်၊ ဒီမိုကရေစီအဓွန့်ရှည်ပါစေဆိုပြီး  သူ့ရဲ့ ဖေ့ဘွတ်စ်စာမျက်နှာမှာ ရေးသားပြောဆိုထားပါတယ်။ မင်းထက်မုန်း (ပုသိမ်)
1 year Ago

July 13, 2020

မြို့ခံတဦးကို လက်သီးဖြင့် ထိုးခဲ့မှုအတွက် ပုသိမ်ရဲတပ်ဖွဲ့ ပြန်တောင်းပန်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ ကမ်းနားလမ်းမှာ ဇူလိုင် ၁ဝ ရက်နေ့ညပိုင်းက ယာဉ်တိုက်မှုတခုမှာ ဝင်ရောက်ကူညီပေးနေတဲ့ ပုသိမ်မြို့ခံတဦးကို လက်သီးနဲ့ထိုးခဲ့တဲ့ ရဲတပ်ကြပ်ကြီးတဦးရဲ့ လုပ်ရပ်အတွက် ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက အထိုးခံရသူကို ပြန်လည်တောင်းပန်လိုက်ပါတယ်။ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်လှိုင်၊ ရေကြောင်းရဲတပ်ဖွဲ့စု (ပုသိမ်)မှ ဒုတပ်ဖွဲ့စုမှူး ဒုရဲမှူး အောင်မိုးနိုင် ဦးဆောင်တဲ့ ရဲတပ်ဖွဲ့ အရာရှိတွေက ပုသိမ်နယ်မြေရဲစခန်းမှာ အထိုးခံရတဲ့ ကာယကံရှင်ကို ရဲတပ်ဖွဲ့ဝင်တွေရဲ့ လုပ်ရပ်အတွက် ဇူလိုင် ၁၂ ရက်နေ့မနက်ပိုင်းက တောင်းပန်ခဲ့တာပါ။ ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်လှိုင်က “အခန့်မသင့်ဖြစ်သွားရတဲ့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျနော့်တပ်ဖွဲ့ဝင်တွေ မှားသွားတဲ့အပေါ်မှာ တပ်ဖွဲ့ဝင်တွေကိုယ်စား ကျနော်တို့ တောင်းပန်ပါတယ်။ ဖြေလျှော့ပြီးတော့ ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်” လို့ ပြောပါတယ်။ ဖြစ်စဉ်ဖြစ်ပွားရာမှာ ပါဝင်ခဲ့တဲ့ ရေကင်းရဲတပ်ကြပ်ကြီး မျိုးအောင်နဲ့ ရဲတပ်ကြပ် ၁ ဦး၊ ဒုတပ်ကြပ် ၁ ဦးကို ပုသိမ်နယ်မြေရဲစခန်းမှာ ထိန်းသိမ်းထားရှိပြီး ရဲစည်းကမ်းနဲ့အညီ အရေးယူသွားမယ်လို့ ပုသိမ်မြို့ရေကင်းရဲတပ်ဖွဲ့က ပြောပါတယ်။ ရေကြောင်းရဲတပ်ဖွဲ့စု(ပုသိမ်)မှ ဒုတပ်ဖွဲ့စုမှူး ဒုရဲမှူးအောင်မိုးနိုင်က “ပြည်သူလူထုနဲ့ ဆက်ဆံရာမှာ ခုလိုရိုင်းပျစွာ ပြုမူဆက်ဆံလို့မရသလို ကျင့်ဝတ်တွေရှိပြီးသား ဖြစ်သလို ခုလို ရိုင်းပျစွာ ပြောဆိုဆက်ဆံခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ခွင့်လွှတ်ပေးဖို့အတွက် တာဝန်ရှိသူတယောက်အနေနဲ့ တောင်းပန်ပါတယ်” လို့ ပြောပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်တွေကို မထိခိုက်စေလိုတာကြောင့် အမှုဖွင့်တာတွေ မလုပ်တော့ဘူးလို့ ကျူးလွန်ခံရသူ ကိုဝင်းနိုင်ထွန်းက ပြောပါတယ်။ မင်းထက်မုန်း (ပုသိမ်)
1 year Ago
Up