ပြန်တပ်ဆင်

June 23, 2020

ဝါဒဖြန့်ချိရေးအသံချဲ့စက်များ မြောက်ကိုရီယားက ပြန်တပ်ဆင်

မြောက်ကိုရီးယားနိုင်ငံက ဝါဒဖြန့်ချိရေး ကြေညာတဲ့ အသံချဲ့စက်တွေကို နယ်စပ်တလျှောက် ပြန်တပ်ဆင်နေတာကို ဇွန် ၂၃ ရက်က တွေ့ရပါတယ်။ ရန်လိုတဲ့ လုပ်ရပ်အားလုံးကို အဆုံးသတ်ရေး သဘောတူညီချက်ကို တောင်နဲ့ မြောက် ကိုရီးယား နှစ်နိုင်ငံအကြား ၂၀၁၈ ခုနှစ်က လက်မှတ်ထိုးပြီးကတည်းက အဲဒီအသံချဲ့စက်တွေကို ဖြုတ်ထားခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး အတည်ပြုဖို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရက ယဉ်ယဉ်ကျေးကျေး ငြင်းပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးကို အားပေးမြှင့်တင်တဲ့ ပူးတွဲအားထုတ်မှုတွေကို ဆန့်ကျင်ဖို့ ဆက်လုပ်နေမယ်ဆိုရင် မြောက်ကိုရီးယား အစိုးရဟာ အကျိုးဆက်တွေအတွက် ပေးဆပ်ရမယ်လို့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း သူက အသေအချာ ပြောပါတယ်။ မြောက်ကိုရီးယား ဘက်ပြောင်းတွေက အစိုးရ ဆန့်ကျင်ရေး လက်ကမ်းစာစောင်တွေ နယ်စပ်ကနေ ပို့တာကို တောင်ကိုရီးယား အစိုးရက မဟန့်တားတဲ့အတွက် မကျေနပ်လို့ နယ်စပ်မှာ ရှိတဲ့ နှစ်နိုင်ငံ ဆက်ဆံရေးရုံးကို မြောက်ကိုရီးယား အစိုးရက ဖောက်ခွဲပစ်ခဲ့ပါတယ်။ စစ်ရေးအရ အရေးယူမယ်လို့လည်း ခြိမ်းခြောက်အပြီး နှစ်နိုင်ငံကြား တင်းမာမှု တိုးလာခဲ့တာပါ။ တောင်ကိုရီးယား တက်ကြွလှုပ်ရှားသူ အုပ်စုငယ်တစုကလည်း နှစ်နိုင်ငံနယ်စပ်မှာ ဇွန် ၂၂ ရက်က စီတန်းလှည့်လည်ရင်း နယ်စပ်တလျှောက် ဝါဒဖြန့်စာစောင်တွေ ပို့နေတဲ့ ဘက်ပြောင်းတွေကို ဟန့်တားရေး တောင်ကိုရီးယား အစိုးရက အရေးယူ ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ကြပါတယ်။
11 months Ago
Up