မန်ချက်စတာ ယူနိုက်တက်အသင်းဘက်က ပြန်လည်ခေါ်ယူဖို့ ဆွေးနွေးမှုတွေရှိလာပြီးတဲ့ နောက်ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ အသင်းဟောင်းကို ပြန်လည်ပြောင်းရွေ့ဖို့ စဉ်းစားနေတယ်လို့ သတင်းတွေမှာဖော်ပြပါတယ်။
ရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်အသင်းကနေ ၂၀၁၈ ခုနှစ်မှာ ဂျူဗင်တပ်အသင်းကို ရောက်ရှိလာခဲ့သူဖြစ်ပြီး ဂျူဗင်တပ်အသင်းဘက်ကလည်း ဒီရာသီကုန်ရင်ရော်နယ်ဒိုကို အသင်းကနေ ရောင်းထုတ်သွားဖို့ စီစဉ်နေတယ်လို့ သတင်းတွေမှာ မြင်တွေ့ခဲ့ရပါတယ်။
ပီအက်စ်ဂျီအသင်းက ရော်နယ်ဒိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ESPN အာဂျင်တီးနားနဲ့ Fox Sports အာဂျင်တီးနားသတင်းထောက် ခရစ္စတီ ယန်မာတင်ကတော့ ယူနိုက်တက်အသင်းဟာ ရာသီကုန်မှာ ရော်နယ်ဒိုကိုပြန်လည်ခေါ်ယူဖို့ ဆွေးနွေးမှုတွေ စတင်နေပြီလို့ ပြောပါတယ်။
ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းရဲ့ ကမ်းလှမ်းချက်ကို လေ့လာမှာဖြစ်ပြီး သူသာ ထွက်ခွာ ခွင့်တောင်းမယ်ဆိုရင် ဂျူဗင်တပ်အသင်းဘက်ကလည်း ထွက်ခွာခွင့်ပေးမယ်လို့ မာတင်က ပြောခဲ့ပါတယ်။
ရော်နယ်ဒိုဟာ အသက် ၁၈ နှစ်အရွယ် ၂၀၀၃ ခုနှစ်မှာ စပို့တင်းအသင်းကနေ ယူနိုက်တက် အသင်းကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။
ဆာအဲလက်စ်ဖာဂူဆန်ရဲ့ ဦးဆောင်မှုနဲ့အတူ ရော်နယ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံးကစားသမား တွေထဲက တဦးဖြစ်လာခဲ့ပြီး အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၃ ခု၊ အက်အေဖလားနဲ့ ချန်ပီယံလိဂ်ဖ လားတို့ကို ရရှိခဲ့ပါတယ်။
၂၀၀၈ ခုနှစ်မှာ ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းနဲ့အတူ Ballon d’Or ဆုကိုရရှိခဲ့ပြီး ၂၀၀၉ မှာ ရီးရဲလ်မက်ဒရစ်အသင်းကို ပေါင်သန်း ၈၀ နဲ့ပြောင်းရွှေ့သွားခဲ့ပါတယ်။
ရီးရဲလ်အသင်းမှာလည်း သူဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတဦးအဖြစ် ဆက်လက်ခြေစွမ်း ပြနိုင်ခဲ့ပြီး ဖာဂူဆန်က ရော်နယ်ဒိုကို သူအနားမယူခင် ၂၀၁၃ ခုနှစ်မှာ ပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမဲ့ သဘောတူညီချက် မရရှိခဲ့ပါဘူး။
ရော်နယ်ဒိုနဲ့ အသင်းဟောင်း ယူနိုက်တက်အသင်းတို့ သတင်းထွက်ပေါ်လာချိန်မှာ ပီအက်စ်ဂျီအားကစားဒါရိုက်တာ လီယိုနာယိုက ရော်နယ်ဒိုကိုခေါ်ယူဖို့ ကြိုးစားသွားဖွယ်ရှိ နေတယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်ခြင်း မလုပ်ခဲ့ဘဲ ဒီနေ့ဘောလုံးလောကမှာ ဘာမှ ကြိုတင်ခန့်မှန်းလို့ မရနိုင်ဘူးလို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
2 years Ago