ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ တောင်ပျောက်တိုက်နယ်ကို ဇူလိုင် ၂ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်လာတာကြောင့် အနီးအနားရွာတွေက ပြည်သူ ၅၀၀၀ လောက် ဘေလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ တောင်ပျောက်တိုက်နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့က ပြောပါတယ်။
စုံစင်ဖျားရွာဘက်ကနေ တောင်ပျောက်တိုက်နယ်ကို စစ်ကောင်စီတပ် အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာတာလို့ ဒေသခံတဦးက ပြောပါတယ်။
ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေတဲ့ ပြည်သူတွေ နေရာထိုင်ခင်းနဲ့ စားနပ်ရိက္ခာအတွက် တောင်ပျောက်တိုက်နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့က ကူညီဆောင်ရွက်ပေးနေပြီး အဲဒီဘက်မှာ ဆက်သွယ်ရေးဖုန်းလိုင်းတချို့လည်း ဖြတ်တောက်ခံထားရတယ်လို့ ဆိုပါတယ်။
တောင်ပျောက်တိုက်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေ မကြာခဏဖြစ်ပွားလေ့ရှိပြီး ယခင်ကတည်းက စစ်ရှောင်စခန်းမှာ စစ်ဘေးရှောင်နေထိုင်သူ ၁၀၀၀ လောက် ရှိတယ်လို့ သိရပါတယ်။
အာဏာရှင်စနစ် အလိုမရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့က ပြည်သူတွေ၊ တောင်သူလယ်သမားတွေနဲ့ ပညာရေး ၀န်ထမ်းတွေအပါ၀င် လူအင်အား ၅၀၀၀ ကျော် ဆန္ဒပြခဲ့ကြတယ်လို့ ဟုမ္မလင်းမြို့က ဒေသခံတစ်ဦးက ပြောပါတယ်။
မန္တလေးတိုင်း ကျောက်ပန်းတောင်းစစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို ဒီနေ့မနက်ပိုင်းက ပြုလုပ်ခဲ့ကြပြီး ပြည်သူ ၅၀၀၀ နီးပါး မြို့အတွင်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတွေက စစ်အာဏာရှင် အလိုမရှိ၊ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီးနဲ့ နိုင်ငံခေါင်းဆောင်များ ချင်ခြင်းလွှတ်၊ ဒီမိုကရေစီ ပြန်ရရှိရေး စတဲ့ ကြွေးကြော်သံတွေ ဟစ်ကြွေးကာ ဆန္ဒပြခဲ့ကြပြီး ဗိုလ်ချုပ်ကြေးရုပ်ရင်ပြင်မှာ သွေးသစ္စာသီးချင်းသီဆိုကာ လုစုခွဲခဲ့ကြတယ်လို့ သိရပါတယ်။
စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲကို မနက်ဖြန် ၉ နာရီမှာလည်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ ကြေညာထားပါတယ်။
အာကာမင်း