ပြည်သူ ၁ ဦးကို ပစ်သတ်

September 4, 2021

ပွင့်ဖြူမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ပြည်သူ ၁ ဦးကို ပစ်သတ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မှာ စစ်တပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ သေဆုံးသွားခဲ့တဲ့ အမျိုးသားတစ်ယောက်ရဲ့ အလောင်းကို  စက်တင်ဘာလ ၄ ရက် ဒီနေ့မွန်းလွဲပိုင်းမှာ  ဒေသခံတွေက တွေ့ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁ ရက်နေ့က ကျောင်းစုကျေးရွာနေ ကိုသန်းတိုးအောင်(ခ)ဘီလူးဆိုသူကို စစ်ကောင်စီရဲ့ သတင်းပေးဒလန်တွေက PDF တပ်ဖွဲဝင်လို့စွပ်စွဲပြီး  သတင်းပေးတာကြောင့် စစ်တပ်ကလာရောက် ဖမ်းဆီးခဲ့ပါတယ်။

ကိုသန်းတိုးအောင်က အဖမ်းမခံဘဲ ထွက်ပြေးခဲ့လို့ အကြမ်းဖက်စစ်တပ်က သေနတ်နဲ့ လိုက်ပစ်တာကြောင့် သေနတ်ဒဏ်ရာရပြီး ထွက်ပြေးလွတ်မြောက်သွားတာလို့  ရွာခံတစ်ယောက်က ဒီဗွီဘီကို ပြောပါတယ်။

ဒီကနေ့ မွန်းလွဲ ၁ နာရီကျော်လောက်မှာတော့  မုန်းချောင်းအတွင်းမှာ အပုပ်နံ့ထွက်လာလို့ ရွာသားတွေက သွားကြည့်ရာမှာ ကိုသန်းတိုးအောင်ရဲ့ အလောင်းကို သေနတ်ဒဏ်ရာနဲ့ တွေ့ရှိခဲ့ပြီး ပရဟိတအဖွဲ့တွေက ပွင့်ဖြူဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။

ကိုသန်းတိုးအောင်ရဲ့ ဦးလေးတော်စပ်သူ ဦးအောင်တင်မင်းကိုလည်း စစ်တပ်က  ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

3 months Ago
Up