ပြည်သူ၇၀ကျော်ဖမ်းဆီးခံရ

June 30, 2021

ကျိုက်လတ်တွင် ဗုံး ၄ လုံးပေါက်ကွဲ၊ ပြည်သူ ၇၀ ကျော်ကို ဖမ်းဆီး

ကျိုက်လတ်မြို့မှာ ဇွန် ၂၉ ရက် မနေ့ညက ဗုံး ၄ လုံး ပေါက်ပြီးတဲ့နောက်ပိုင်း အကြမ်းဖက်စစ်ကောင်စီက ပြည်သူ ၇၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနေ့ညက ကားနဲ့တခါထွက်ဖမ်းလိုက်၊ ရိပ်သာကိုပို့လိုက်နဲ့ ညဦးပိုင်းကတည်းက ဖမ်းနေတာ။ မနက် ၂ နာရီလောက်မှငြိမ်သွားတယ်။ ဒီနေ့တော့ မနက်ပိုင်းကတည်းက ဖမ်းနေတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။

မနေ့ညပိုင်း ၁၁ နာရီလောက်က အထက ၁ ကျောင်းနားမှာ ဗုံး ၂ ကြိမ်ပေါက်ခဲ့ပြီး ပညာရေးမှူးရုံးနားမှာ ၁ ကြိမ်၊ မြို့အဝင်ဂိတ်နားမှာ ၁ ကြိမ်ပေါက်ကွဲခဲ့တာပါ။ ဒါကို ဒေသခံ PDF တွေက သူတို့လက်ချက်လို့ ကြေညာထားပြီး အသံဗုံးခွဲပြီး အကြမ်းဖက်စစ်တပ်ကို မျှားခေါ်ပြီးနောက် ဗုံးထပ်ခွဲခဲ့ပေမဲ့ မပေါက်ခဲ့တာလို့ ဆိုပါတယ်။

ဗုံးကွဲပြီးနောက် စစ်ကောင်စီက ခေါ်တာကို မလာလို့ဆိုပြီး ရေကြည်တော်ပရဟိတအသင်းဝင်တွေကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။ ပြောပါတယ်။

“အမှတ် ၄ ရပ်ကွက်က သပိတ်စစ်ကြောင်းတုန်းက အမည်ထွက်တဲ့သူတွေလည်းပါတယ်။ အမှတ် ၁ ရပ်ကွက်ကလည်း ပါတယ်။ ကျောင်းဆရာနဲ့ လူငယ်တွေရော၊ အမှတ် ၅ ရပ်ကွက်ကရော၊ အခုဟာက တမြို့လုံးနီးပါးက ဒလန်လက်ညိုးထိုးတိုင်းဖမ်းသလိုဖြစ်နေတယ်။”

ဖမ်းဆီးသွားသူတွေကို အကြမ်းဖက်စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ ဧည့်ရိပ်သာမှာ စစ်ဆေးနေပြီး မိသားစုဝင်တွေကိုလည်း တွေ့ခွင့်မပေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းခံရသူတွေဟာ ပေါက်ကွဲမှုတွေနဲ့ မပတ်သက်ဘူးလို့ ဒေသခံတွေက ပြောသလို အိမ်တွေမှာလာရှာတဲ့အချိန်မှာလည်း တုတ် ဓား လက်နက်တွေ တွေ့တာ မရှိဘူးလို့ ပြောပါတယ်။

7 months Ago
Up