ပြည်သူ့ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ် ၂၂ နှစ်မြောက်

January 3, 2021

ပြည်သူ့ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ် ၂၂ နှစ်မြောက်

စာရေးဆရာဟူသည် ငါ၊ သူတပါး၊ ယောက်ျား၊ မိန်းမဟူ၍မရှိ။ မိမိ မှန်သည် ထင်သည်ကို ဘယ်သူ့ဘက်မှ မလိုက်ဘဲ ရေးရမည်ဟု ယုံကြည်သည်။ ။   (ခင်မျိုးချစ်) ခင်မျိုးချစ်၏ “မ ဝတ္ထုမှ   ပြည်သူ့ဘက်တော်သား စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ် ကွယ်လွန်ခဲ့ဟာ ၂၂ နှစ် ပြည့်ပြီ။ ဆရာမကြီးဟာ ၁၉၉၉ ခုနှစ် ဇန်နဝါရီလ ၂ ရက်က ရန်ကုန်မှာ ကွယ်လွန်သွားခဲ့တယ်။ အခု ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂ ရက်ဟာ ဆရာမကြီး ဒေါ်ခင်မျိုးချစ် မရှိတော့တာ ၂၂ နှစ် ကြာခဲ့ပါပြီ။ ဒါပေမဲ့ ဒေါ်ခင်မျိုးချစ် ရှိနေဆဲ၊ သူ့စာတွေက မြန်မာတဝန်းမက ကမ္ဘာစွန်းအနှံ့ ပြန့်နေဆဲ။ သူ့အဆုံးအမတွေ ကြားနေရဆဲ။ သူ့အတွေးအခေါ်ရနံတွေ မွှေးထုံဆဲပေါ့။ အခွင့်အရေး ဆိုသည်မှာ အသနားခံ၍ တောင်းသော်လည်း ရချင်မှ ရမည်။ မရဖို့ကသာများသည်။ ကိုလိုနီ နိုင်ငံများက နယ်ချဲ့နိုင်ငံများထံမှ လွတ်လပ်ရေးတောင်းရသည့် အခြေအနေမျိုးဖြစ်သည်။ ကိုယ်တိုင်ကြိုးပမ်း၍ ကိုယ်နှင့်တန်မှသာ ရနိုင်သည်။ ကိုယ်နှင့်ထိုက်တန်လျှင် မရဘဲမနေဟု ယုံကြည်သည်။ ။ ခင်မျိုးချစ်၏ “မ ဝတ္ထုမှ ဆရာမကြီး ခင်မျိုးချစ်ဟာ စာရေးဆရာ၊ သတင်းထောက်၊ အယ်ဒီတာ လုပ်ခဲ့ပြီး ယဉ်ကျေးမှု၊ ပညာရေး၊ သုတ၊ ရသ စာပေ တွေကို မြန်မာ အင်္ဂလိပ် ဘာသာတွေနဲ့ ရေးခဲ့သူပါ။ ကိုလိုနီခေတ် အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်လှုပ်ရှားခဲ့သူလည်း ဖြစ်တယ်။ ၁၉၃၂ ခု စာပေနယ်  စဝင်ရောက်တယ်။ ဆာဝေါလ်တာစကော့တ်ရဲ့ ကဗျာ "The Lay of the Last Minstrel" ကို ဘာသာပြန်ပြီး ရန်ကုန်တက္ကသိုလ်မဂ္ဂဇင်းကို ပို့တဲ့အခါ ကလောင်နာမည်ကို ရှက်ရွံ့လို့ မပေးဘဲနေရာက မဂ္ဂဇင်းတည်းဖြတ်သူ ဒေါ်သန်းရင်က “ခင်မျိုးချစ်”လို့ ကလောင်နာမည် တပ်ပေးတဲ့အတွက် အဲဒီကစ “ခင်မျိုးချစ်” ကလောင်တွင်ပြီး စာပေလောကကို  စဝင်တာပေါ့။ တဆက်တည်းပဲ ဒဂုန်မဂ္ဂဇင်းမှာ စပြီး စာတွေရေးတယ်။ ဆရာမကြီးရဲ့ နာမည်အရင်းကတော့ မခင်မြ ပါ။ ၈၈၈၈ အရေးတော်ပုံမှာ သမ္မတ ဒေါက်တာမောင်မောင်သို့ ပေးသော ဆောင်းပါး “ကိုမောင်မောင်ရယ် မမမြတို့ နိုင်ငံကြီးဟာ (မဆလ) တပါတီ စံနစ်အုပ်ချုပ်မှု လက်အောက်မှာ (POLICE STATE) (ရဲ-ပုလိပ်နိုင်ငံ)လို့ အမည်တွင်သွားရတာဟာ မွေးမိခင်ကို “ပြည့်တန်ဆာမ”လို့ အခေါ်ခံရသလို မမမြ အသည်းနာစေပါတယ်။ (ခင်မျိုးချစ်) ခင်မျိုးချစ်ရဲ့ “ငါပြောမယ် ရွှေဘုရင်ရဲ့ နင်ဆင်ခြင်ဦး” သတိပေးဆောင်းပါးမှ . . . စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်နဲ့ ပတ်သက်လို့ အမှတ်ရစရာတွေ ရှိပါတယ်။ တခုက နာမည်ကျော် စာရေးဆရာမ ကြည်အေး ဟာ အင်္ဂလိပ်စာ ဂုဏ်ထူးနဲ့ တနိုင်ငံလုံးမှာ ၁၀ တန်း အထူးချွန်ဆုံး ၁၀ ယောက်ထဲပါပြီး အောင်ခဲ့ပေမဲ့ မိဘက သမီးမိန်းကလေး ပညာသင်တာကို လက်မခံအားမပေးတာမို့ ပညာရေးပျက်ပြားပြီး ဆေးတက္ကသိုလ် ပဉ္စမနှစ်က ကျောင်းထွက်ခဲ့ရတာကို ဒေါ်ခင်မျိုးချစ်၊ ဦးခင်မောင်လတ်တို့ရဲ့ အားပေး ကူညီ တိုက်တွန်းခဲ့တဲ့ ကျေးဇူးကြောင့် ဘီအေတန်းဖြေဆို အောင်မြင်ခဲ့တာပါ။ ဒေါ်ခင်မျိုးချစ်ရဲ့ အားပေးမှုနဲ့ဘဲ ဆရာမကြည်အေးဟာ ဆေးကျောင်းဆက်တက် ဆရာဝန်မဖြစ်ခဲ့တာပါ။ ဖြတ်ကနဲ အမှတ်ရတဲ့ နောက်တခုက ဒေါ်ခင်မျိုးချစ်ဟာ လူငယ်တွေ စာများများဖတ်ကြဖို့ စာများများရေးကြဖို့ အမြဲ တိုက် တွန်း နေခဲ့သူပါ။ ဆရာမကြီးရဲ့ တိုက်တွန်းမှုကြောင့် စာရေးဆရာ ဖြစ်သွားကြသူတွေ ရှိကြသတဲ့။ အတွေးအမြင် ဆောင်းပါး တပုဒ်မှာ ဆရာမကြီး ဒေါ်ခင်မျိုးချစ်က ပြောဖူးတယ်တဲ့။ “စာရေးဆရာအဖို့ စာရေးဖို့ ကုန်ကြမ်း ၂ မျိုး ရှိတယ်။ ဘဝ လက်တွေ အတွေ့အကြုံကုန်ကြမ်းနဲ့ စာဖတ်အား ဝမ်းစာ ကုန်ကြမ်းတဲ့။ အတွေ့အကြုံများပေမဲ့ စာဖတ်အား မရှိရင်လည်း ကုန်ကြမ်း ရှားနေတာပဲတဲ့။ စာအုပ် ၅၀ လောက်သာ ဖတ်ပြီး စာရေးဆရာ လုပ်မယ်ဆိုရင်တော့ ကုန်ကြမ်း ရှားနေမှာပဲ” တဲ့။ ဒါ့အပြင် ဒေါ်ခင်မျိုးချစ်က ‘‘ယခုခေတ်တွင် စာရေးချင်ကြသော်လည်း စာမဖတ်ချင်ကြသူများကို မကြာခဏတွေ့ရသည်။ သတင်းစာ၊ မဂ္ဂဇင်းနှင့် ဝတ္ထုစာအုပ်လောက် ဖတ်သည်ကို ‘စာဖတ်တာပဲ’ ဟု ပြောတတ်ကြသည်။ မှန်ပါသည်။ ရိုးရိုးသာမန် လူ အတွက် ဒါလောက်ဖတ်သည်ကို စာဖတ်သည်ဟု ခေါ်နိုင်သည်။ သို့သော် မိမိကိုယ်တိုင် စာရေးချင်သည်ဆိုလျှင် ဒါလောက် ဖတ်သည်ကို စာဖတ်သည်ဟု မခေါ်နိုင်ချေ’’ လို့လည်း ရေးသားခဲ့ဖူးပါတယ်။ ဆရာမကြီးဟာ လုပ်သားပြည်သူ့နေ့စဉ်သတင်းစာ၊ ဂါးဒီယန်းအင်္ဂလိပ်သတင်းစာတို့မှာ  အယ်ဒီတာလုပ်ခဲ့ပြီး ခင်ပွန်းဖြစ်သူ ဦးခင်မောင်လတ်နဲ့ အတူ အင်္ဂလိပ်စာသင်တန်းတွေလည်း ပို့ချခဲ့တယ်။ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါး၊ သရော်စာ၊ နိုင်ငံရေး စာ စသည်ဖြင့် တော်တော်များများ ရေးသားခဲ့တယ်။ ကိုလိုနီခေတ် အင်္ဂလိပ်၊ ဂျပန်ဆန့်ကျင်ရေးနဲ့ လွတ်လပ်ရေးတိုက်ပွဲ၊ နောက်ပိုင်း ဦးနေဝင်း မဆလခေတ် စစ်အစိုးရခေတ် အဆက်ဆက် အာဏာရှင် ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီရေးအတွက်လည်း အသက်ဆုံးထက်ဆုံးတိုင် လုပ်ဆောင်သွားခဲ့သူ ဖြစ်ပါတယ်။   “ဒေါ်ခင်မျိုးချစ်ရဲ့ ထင်ရှားသည့်စာအုပ်အချို့” ၁၉၃၆ ခု သူရိယသတင်းစာတိုက်မှာ ပုံနှိပ်တဲ့”ကောလိပ်ကျောင်းသူ”စာအုပ်ဟာ သူ့ ပထမဦးဆုံးလုံးချင်းဝတ္ထုဖြစ်တယ်။ မောင်တို့ယောက်ျားဝတ္ထု (၁၉၄၈)၊ သတင်းစာလောက (၁၉၅၂)၊ အပျင်းဖြေနည်း(၁၉၅၃)၊ ကမ္ဘာကျော်ကြားစာနှင့် စကား (၁၉၅၄)၊ နှစ်လောကတိုက်ပွဲ (ဘာသာပြန်) (၁၉၇ဝ)၊ ဥရောပ စာပေနိဒါန်း (၁၉၇ဝ)၊ တို့လူလေးများဆိုသလေး (ဘာသာပြန်) (၁၉၇ဝ)၊ မိုက်ကယ်အိန်ဂျလို (ဘာသာပြန်) (၁၉၇၄)၊ ဥရောပအနုပညာ မိတ်ဆက် (၁၉၇၆)၊ စွန့်ခဲ့ရကျမ ဘဝပါရှင် (ဘာသာပြန်) (၁၉၇၆)၊ ကိုင်းပြောလိုက်စမ်းမယ် သောင်းပြောင်းထွေလာ (၁၉၉၉)၊ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကား (၂ဝဝ၁)၊ အင်္ဂလိပ်စာတတ်လိုသော်နှင့် စာအုပ်စင်ကျေးဇူး (ဦးခင်မောင်လတ်နှင့်တွဲရေး)   ရှိတ်စပီးယားပုံပြင်များ (ကျောင်းသုံးပြဋ္ဌာန်း)၊Three Years under the Japs (1945)၊ Anawrahta of Burma [King Among Men] (1970)၊ Her Infinite Variety and other storues (1970)၊ Burmese Scenes and Sketches (1977)၊ Flowers and Festivals Round the Burmese year (1980)၊ Colourful Burma (1978)၊ The 13 Carat Diamond and Other Stories (1969)၊ A wonderland of Pagoda Legends (1981)၊ Gift of Laughter (1995)     “ဆရာမကြီး ဒေါ်ခင်မျိုးချစ်အကြောင်း” ဒေါ်ခင်မျိုးချစ်ကို စစ်ကိုင်းမြို့မှာ ရာဇဝတ်ဝန်ထောက်ဦးတော်နဲ့ ဒေါ်သန်းတင်တို့က (ဗိုလ်ချုပ်အောင်ဆန်းနဲ့ မွေးနှစ်တူ) ၁၉၁၅ ခု မေ ၁ ရက် မွေးတယ်။ အမည်ရင်း မခင်မြ။ မွေးဖွားတဲ့ ခေတ်အခြေအနေအရ မိန်းကလေးတွေကို ကျောင်းထားလေ့ မရှိပါ။ ကံကောင်းစွာပဲ သူမဟာ မူလတန်း ကို အင်္ဂပူအမျိုးသားကျောင်းမှာ တက်ခွင့်ရခဲ့တယ်။ သတ္တမတန်းကို ၁၉၂၉ မှာ သရက်မြို့က အောင်တယ်။ ၁၉၃၂ မှာ မိတ္ထီလာ  အမျိုးသားကျောင်းက ဆယ်တန်းအောင်ခဲ့တယ်။ ငယ်စဉ် ရည်မှန်းချက် ဆရာဝန်ဖြစ် စိတ်ကူးခဲ့တယ်။ မိဘတွေ ရှေးဆန်လို့ ဆေးကျောင်းတက်ဖို့ ကန့်ကွက်ခဲ့တယ်။ ဖခင်နဲ့  မိခင်က သူ့ကို (ထက်မြက်တဲ့) မိန်းကလေး မဖြစ်စေချင်တဲ့ သူမအတွက် စိတ်အနှောက်အယှက် ဖြစ်ခဲ့ရတယ်။ မိခင်ကဆူ ဖခင်က စာရေးရင် စာရွက်တွေ မီးရှို့ပစ်မယ်လို့ ခြိမ်းခြောက်တာမို့ သူတို့အိပ်မှ စာရေးခဲ့ရသတဲ့။ ဒါကြောင့် သူမဟာ ရန်ကုန်ကို ၁၉၃၃ မှာ ပြောင်းပြီး အဖိုးဖြစ်သူ အကူအညီနဲ့ တိုးတက်ရေးမဂ္ဂဇင်း အယ်ဒီတာလုပ်ခဲ့တယ်။ ရန်ကုန်တက္ကသိုလ် တက်တယ်။ သခင်နု၊ သခင်အောင်ဆန်း၊ သခင်သန်းထွန်း စတဲ့ အဲ့သည်ခေတ် လူငယ်နိုင်ငံရေးသမားတွေနဲ့ ရင်းနှီးခဲ့တယ်။ ၁၉၃၈ ဖြစ်ခဲ့တဲ့ ၁၃၀၀ ပြည့် အရေးတော်ပုံမှာ အမျိုးသမီးတပ်ဦး ဒုတိယ ခေါင်း ဆောင်အနေနဲ့ ပါဝင်ခဲ့တယ်။ ၁၉၃၈ ဒီဇင်ဘာ ၂၀ ဖြစ်ပွားခဲ့တဲ့ သပိတ်အတွေ့အကြုံကို ဒေါ်ခင်မျိုးချစ်ရဲ့ The 13 Carat Diamond and Other Stories “ ၁၃ ရတီ စိန်ပွင့်ကြီးနှင့် အခြား ဇာတ်လမ်းများ” စာအုပ်မှာ ဒီလို ရေးခဲ့တယ်။ “ကိုယ်နဲ့ အခြားမိန်းကလေးသုံးယောက်တို့က ဖြစ်ချင်ပေတော့ အစောင့်တွေရှေ့ တန်းရောက်နေမိရက်သား ဖြစ် နေတာ။ နံပါတ်တုတ်ကိုင် ပုလိပ်တွေ၊ အချို့မြင်းစီးပုလိပ်တွေနဲ့ ရင်ဆိုင်တွေ့လေတော့ ကိုယ်တို့မှာ ကြက် သေသေ နဲ့ အကြောက်သား။ ဒါနဲ့ပဲ ရုတ်တရက် ရုပ်ရှင်ပိတ်ကားထဲကလို မြင်းခြေထောက်တွေ၊ နံပါတ်တုတ်တွေနဲ့ ရှုတ်ရှက် ခတ်သွားတာပေါ့။ မိန်းကလေးတွေ သွေးအိုင်တွေထဲမှာ လဲသွားတာတွေ့လိုက်ရတော့ သူတို့ကို ထူဖို့ ကြိုးစားနေရင်း တုတ်ချက်တွေလည်း ကိုယ့်အပေါ်ကျလာတော့တာပဲ။” Three girls and I happened to be in the front line right after the standard bearers. It was a rude shock when we found ourselves confronted by baton weilding police men, some mounted on horseback . All of a sudden like a sequence on a cinema screen everything became a confusion of horses ' legs and batons. To my horror, I saw girls falling in pools of blood. As I tried to pick them up, blows fell on me. ဒေါ်ခင်မျိုးချစ်ဟာ ဦးခင်မောင်လတ်နဲ့ ၁၉၃၉ အောက်တိုဘာမှာ လက်ထပ်ခဲ့တယ်။ မင်္ဂလာပွဲကို သခင်ကိုယ်တော်မှိုင်း၊ ဒီးဒုတ်ဦးဘချို အစရှိသူတွေ တက်ရောက်ခဲ့တယ်။ ၁၉၄၀ နှစ်ကာလတွေက ဗမာ့ကာကွယ်ရေးတပ်မတော်၏ စစ်ရုံး (BDA's War Office) မှာ ဘာသာပြန် လုပ်ခဲ့တယ်။ အဲ့သည်အချိန် ရိုက်တာသတင်းဌာန စတဲ့ သတင်းဌာနတွေရဲ့ သတင်းတွေကို နားထောင်၊ လက်ခံ ကူးယူပြီး ဂျပန် ဖက်ဆစ် ကင်ပေတိုင်တွေ အန္တရာယ်ကြား စွန့်စွန့်စားစား သခင်သန်းထွန်း၊ ဦးကျော်ငြိမ်း စတဲ့ သူတွေဆီကို လျှို့ဝှက် ပေးပို့ခဲ့ရတယ်။ ဒါကြောင့် သူမဟာ လွတ်လပ်ရေးကြိုးပမ်းမှုမှာ ပါဝင်လှုပ်ရှား ဆောင်ရွက်ခဲ့တာကြောင့် လွတ်လပ်ရေးမော်ကွန်းဝင် (တတိယအဆင့်) ၁၉၈၃ ခုနှစ်က ချီးမြင့်ခြင်းခံရတယ်။ “စာရေးသူဘဝ၊ သတင်းစာသမားဘဝ” တိုးတက်ရေးနဲ့ ဘာမားဂျာနယ် တို့မှာ အယ်ဒီတာ အဖွဲ့ဝင်၊ ပင်တိုင် ဆောင်းပါးရှင်အဖြစ် ၁၉၃၇ ခုမှာ လုပ်ခဲ့ပြီး ၁၉၄၇ (လွတ်လပ်ရေးမရခင် ၁ နှစ်)မှာ အိုးဝေသတင်းစာ အယ်ဒီတာလုပ်တယ်။ လွတ်လပ်ရေးရတဲ့ ၁၉၄၈ ကျတော့  တိုင်းရင်းသူ ဂျာနယ် အယ်ဒီတာ၊ ၁၉၄၉ - ၁၉၅၂ မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းမှာ လုပ်တယ်။ ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာဘွဲ့ ၁၉၅၂ ရပြီး ၁၉၅၂-၁၉၅၃ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာန နည်းပြ တနှစ်လုပ်တယ်။ ၁၉၅၂ ကစ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်း နှစ် ၁၉၆၂ အထိ ဂါးဒီးယန်း အင်္ဂလိပ်သတင်းစာ အယ်ဒီတာ။ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီး ဦးနေဝင်း ဖိတ်ကြားလို့ လုပ် သားပြည်သူ့နေ့စဉ် အင်္ဂလိပ်ဘာသာသတင်းစာ အယ်ဒီတာအလုပ်ကို ခင်ပွန်း ဦးခင်မောင်လတ်နဲ့ တွဲလုပ်ခဲ့တယ်။ အစိုးရကို မဖားပဲ မှန်တာရေးခဲ့လို့ သူမရေးတဲ့ တချို့စာတွေက အစိုးရ သရော်စာဆန်တာကြောင့် ဗိုလ်ချုပ်နေဝင်း အမျက်သင့်တာ ခံခဲ့ရ တယ်။ ၁၉၆၈ ဩဂုတ်လမှာ ဗိုလ်ချုပ်နေဝင်းက ဦးခင်မောင်လတ်နဲ့ ဒေါ်ခင်မျိုးချစ်တို့ကို အလုပ်ဖြုတ်လိုက်တယ်။ ၁၉၇၁ မှာ မိသားစုတွက် “ပျော်တော်ဆက်”ဟာသစာစောင် တွဲဖက် ထုတ်ဝေသူ တာဝန်ခံ အယ်ဒီတာ၊ “ 'သောင်းပြောင်းထွေလာ ရယ်စရာ' စာစောင် ပင်တိုင်ဆောင်းပါးရှင်ကို ၁၉၈၅ ခုနှစ်ပိုင်း တိုင်အောင်လုပ်ခဲ့တယ်။   “ဆရာမကြီး ခင်မျိုးချစ် နောက်ဆုံးခရီး” ဆရာကြီး ဦးခင်မောင်လတ်နဲ့ ဒေါ်ခင်မျိုးချစ်တို့မှာ သားတစ်ဦး ထွန်းကားခဲ့ပြီး သင်္ချာပါမောက္ခ ဒေါက်တာခင်မောင်ဝင်း ဖြစ်တယ်။ အသက် ၈၀ ကျော်အရွယ် ဒေါ်ခင်မျိုးချစ်ဟာ ဆိုးရွားလှတဲ့ အဆစ်ရောင်ရောဂါကို ခံစားခဲ့ရပြီး များသောအားဖြင့် အိပ်ရာထဲသာ နေခဲ့ရတယ်။ ဒါနဲ့ပဲ ၁၉၉၉ ဇန်နဝါရီ ၂ ရက်က ရန်ကုန်မှာပဲ ကွယ်လွန်သွားခဲ့ရပါတယ်။ ကွယ်လွန်ချိန် တဦးတည်းသောသား ဒေါက်တာခင်မောင်ဝင်း(အငြိမ်းစားပါမောက္ခ၊ သင်္ချာဌာန(ရန်ကုန်တက္ကသိုလ်) နဲ့ သမီးချွေးမ ဒေါ်ခင်ညွန့်ရီ (ခ) တက္ကသိုလ်ရွှေရည်ဝင်း၊ မြေး မောင်မောင်ဝင်း(ခ)မောင်ရစ် (မိုးမခ)၊ မမေသန်းဌေး၊ မီမီဝင်း(ခ) ဂျူနီယာဝင်း တို့ ကျန်ရစ်ခဲ့ပါ တယ်။ အခုဆို ဆရာမကြီး ကွယ်လွန်ခဲ့တာ ၂၂ နှစ်ပြည့်ပါပြီ။   “ဒေါ်ခင်မျိုးချစ် ဆိုတာ” ဦးမျိုးနိုင် (မန္တလေးတိုင်း လွှတ်တော်ကိုယ်စားလှယ်)ရဲ့အမြင် - “ဆရာမကြီး ဒေါ်ခင်မျိုးချစ်ဟာ အင်္ဂလိပ်ဘာသာနဲ့ ဝတ္ထုတို ရှည်တွေကိုရေးသားခဲ့ပေမဲ့ ဝတ္ထုရေးစာရေးဆရာလို့ မခံယူပဲ သတင်းစာဆရာအဖြစ်သာ ခံယူလိုသူဖြစ်ပါတယ်။ သူ့ကလောင် အမည်ရှေ့ “ဒေါ်” တပ်ခေါ်တာကို မနှစ်မြို့ယုံမက စာရေးဆရာဆိုတာ ယောက်ျား၊ မိန်းမ ခွဲခြားထားစရာမလိုပဲ “စာရေးတဲ့သူ သာစာရေးဆရာ” ဖြစ်တယ်ဆိုတဲ့ အယူအဆ စွဲကိုင်သူ၊ ဖက်ဆစ်ဂျပန်ခေတ်ကာလက BDA (ဗမာ့ကာကွယ်ရေးတပ်မတော်) စစ်ရုံးမှာ ဘာသာပြန်ဌာနအရာရှိ (ဘီရုမာ ဗမာ စစ်ဗိုလ်မ) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ၊ ဖခင်ဖြစ်သူ ရာဇဝတ်ဝန်ထောက်ရဲ့ အရှိန်အဝါအောက်က တယောက်တည်း ရန်ကုန်ကို မရမကရုန်းထွက်ပြီး ဝါသနာပါတဲ့ သတင်းစာလောကထဲ ဝင်ရောက်လာသူ၊ မြန်မာနိုင်ငံရဲ့ ပထမဆုံးကျင်းပတဲ့  မေဒေးနေ့အခမ်းအနားမှာ တက်ရောက်ဟောပြောခဲ့သူ အမျိုးသမီး၊ ၁၉၃၈ ကျောင်းသားသပိတ်မှာ ထိခိုက် ဒဏ်ရာရရှိခဲ့တိုင် ဇွဲမလျော့ပဲ တက်ကြွလှုပ်ရှားခဲ့သူ ဖြစ်ပါတယ်။” ဦးမျိုးနိုင် (မန္တလေးတိုင်း လွှတ်တော်ကိုယ်စားလှယ်) ဒေါ်ကျော့ကျော့ (ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်မှူး) ရဲ့ “ကောလိပ်ကျောင်းသူ” စာအုပ်အပေါ်အမြင် - “၁၉၃၆ တွင် အင်းလျားဆောင်သူ ခင်မျိုးချစ် ၏ ကောလိပ်ကျောင်းသူ ဝတ္ထုကို ဖတ်ခဲ့ရသည်။ ယင်းစာအုပ်ကိုဖတ်ပြီး အင်းယျားဆောင်ဆိုမှ အင်းယျားဆောင်တွင် နေရန်ကိုသာ နှစ်သက်ခဲ့ပါသည်။ “ကောလိပ်ကျောင်းသူ” ဝတ္ထုတွင် အင်းလျား အဆောင်သူတို့၏ နေ့ စဉ် လှုပ်ရှားမှု၊ ချစ်မြတ်နိုးဖွယ် မြန်မာအမျိုးသမီး ပီသမှု ဟန်တို့ကို ပီပြင်စွာ ခံစားဖတ်ရှု့ရပါသည်။ စာပေသည် ပညာရှာမှီးသူ တို့၏ တက်လှမ်း၊ လှမ်းရမည့်လမ်းကို မီးရှုးတန်ဆောင်သဖွယ် ညွှန်းသည်ဆိုသည်မှာ မလွဲဧကန် မှန်ကန်လှသည့် တရားဖြစ် သည်။ ကောလိပ်ကျောင်းသူ ဝတ္ထုတွင် ပထမ ကျောင်းသားလှုပ်ရှားမှုကာလ အမျိုးသားရေး ဦး ဆောင်မှုပေးရန် နိုးကြားတက် ကြွသည့် ကျောင်းသူ ကျောင်းသားတို့ ပါဝင်ခဲ့သည်ကို ဖတ်ရှု့ လေ့လာနိုင်ပါသည်။  ဒေါ်ကျော့ကျော့ (ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်မှူး)     “ပညာအရည်အချင်းနှင့် ကြိုးစားမှုကသာလျှင် စကားပြောသည် ဘယ်နေရာ ဘယ်အခွင့်အရေးနှင့် တန်သည်ကို ပညာအရည်အချင်းနှင့် ကြိုးစားမှုကသာ ဆုံးဖြတ်သည်ဟု ယုံကြည်သည် ” (ခင်မျိုးချစ်) ခင်မျိုးချစ်၏ “ မ “ ဝတ္ထုမှ ဒေါ်ခင်မျိုးချစ်ရဲ့ အကြောင်း ဒီမှာ အဆုံးသတ်ပါမယ်။ ဒေါ်ခင်မျိုးချစ်ရဲ့ ကလောင်ခွဲတခုက “မခင်မြ” ဖြစ်ပါတယ်။ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ဟာ ၁၉၇၀ ပြည့်နှစ် ကျင်းပတဲ့ အရှေ့တောင်အာရှစာရေးဆရာများအတွက် အင်္ဂလိပ်ဘာသာ ဝတ္ထုတိုပြိုင်ပွဲမှာလည်း Her Infinite Variety နဲ့ ပထမဆုရခဲ့ပါသေးတယ်။ "ကိုမောင်မောင်ရယ် မမမြတို့ နိုင်ငံကြီးဟာ ပုလိပ်နိုင်ငံကြီး ဖြစ်သွားမှာပေါ့လို့" ဆိုပြီး ဒေါ်ခင်မျိုးချစ်က ၁၉၈၈ အရေးတော်ပုံကြီးမှာ သမ္မတဒေါက်တာမောင်မောင်ကို ဆောင်းပါးရေး ဝေဖန်ခဲ့ပြီး ၈၈၈၈ ဆန္ဒပြသူတွေကို ထောက်ခံခဲ့တာပါ။ ဗိုလ်ချုပ်နေဝင်းလက်ထက် မဆလ အစိုးရကို ဝေဖန်မှုတွေကြောင့်လဲ ဗိုလ်ချုပ်နေဝင်းက ဒေါသထွက်ပြီး သတင်းစာအယ်ဒီတာကနေ ဖြုတ်ထုတ်ခံခဲ့ရဘူးပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၁၉၉၅ ခု နေအိမ်အကျယ်ချုပ်က ပြန်ထွက်လာချိန်ကလဲ ရှားရှားပါးပါး ဗမာတွေထဲက လက်ခံတွေ့ဆုံရဲသောသူ အနည်းငယ်ထဲမှာလဲ ဆရာမကြီး ဒေါ်ခင်မျိုးချစ် ပါဝင်ခဲ့ပါတယ်။ ကဲ အခုလို ဆရာမကြီးဒေါ်ခင်မျိုးချစ် ကွယ်လွန်ခဲ့တဲ့ ၂၂ နှစ်ကြာအချိန် ဇန်နဝါရီလ ၂ ရက်မှာ သူ့ရဲ့ ကျေးဇူးတရား များပြားလှစွာကို သတိတရ အောက်မေ့တသ ရှိနေကြကြောင်းပါဗျာ။ ။
10 months Ago
Up