ပြည်သူ့ပါတီ

September 15, 2021

ကန်ကြီးထောင့်မြို့က ပြည်သူ့ပါတီအလုပ်မှုဆောင် ကိုအာကာအောင် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရ

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်က ပြည်သူ့ပါတီအလုပ်မှုဆောင် ကိုအာကာအောင်ကို အာဏာသိမ်းစစ်ကောင်စီက စက်တင်ဘာလ ၁၅ ရက်နေ့မှာ ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

ကန်ကြီးထောင့်မြို့က စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်ခဲ့တာကြောင့် ဖမ်းဝရမ်းထုတ်ခံရပြီး ရန်ကုန်မြို့မှာသွားရောက်ရှောင်တိမ်းနေချိန် ဇွန်လ ၂၃ ရက်နေ့က ဖမ်းဆီးခံခဲ့ရကာ ဒီကနေ့ အမိန့်ချလိုက်တာလို့  ညီဖြစ်သူ ကိုစည်သူအောင်ကပြောပါတယ်။

"ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ပြီး ထောင် ၃ နှစ်ချတယ်လို့ ကြားတယ် ဘယ်မှာချတယ်ဆိုတာလည်းမသိရဘူး သွားတွေ့လို့လည်း မရဘူး'' လို့ ပြောပါတယ်။

နိုင်ငံရေးလှုပ်ရှားသူတွေကို စစ်ကောင်စီက မတရားပုဒ်မတပ်ဖမ်းဆီး တရားစွဲထောင်ချတာနဲ့ မတရားသတ်ဖြတ်တာတွေကိုရပ်တန့်ဖို့၊ အရေးတော်ပုံအောင်မြင်ဖို့နဲ့  ထောင်ထဲရောက်နေတဲ့ ရဲဘော်တွေ၊ ကျဆုံးသွားတဲ့ရဲဘော်တွေအတွက် အကောင်းဆုံးလုပ်ပေးနိုင်ဖို့ တောင်းဆိုတယ်လို့လည်း သူ့ရဲ့ညီဖြစ်သူက ဆိုပါတယ်။

ထောင်ဒဏ် ၃ နှစ်ပြစ်ဒဏ်ချမှတ်ခံရတဲ့ ကိုအာကာအောင်ကို အင်းစိန်ထောင်ကိုပို့ထားပြီး ညီဖြစ်သူ ကိုစည်သူအောင်ကိုလည်း ကန်ကြီးထောင့် မြို့မရဲစခန်းမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့  အမှုဖွင့်ထားတယ်လို့ ရှေ့နေအသိုင်းဝိုင်းက သိရပါတယ်။

4 months Ago

May 17, 2021

ပြည်သူ့ပါတီ မန္တလေးတိုင်း ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးအပါအဝင် ပါတီဝင်အချို့ နုတ်ထွက်

ပြည်သူ့ပါတီရဲ့ မန္တလေးတိုင်း ဥက္ကဋ္ဌ၊ အတွင်းရေးမှူးအပါအဝင် ပါတီဝင်တချို့  မေ ၁၇ ရက်က ပါတီဝင်အဖြစ်ကနေ နုတ်ထွက်ကြပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မေ ၂၁ ရက်မှာလုပ်မယ့် အစည်းအဝေးကို တက်ရောက်မယ်လို့ ပြည်သူ့ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဆုံးဖြတ်တာကြောင့် နုတ်ထွက်တာ လို့ သိရပါတယ်။

ဒီလိုဆုံးဖြတ်ချက်ကြောင့် ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးလည်း ပါတီဝင်အဖြစ်ကနေ နုတ်ထွက်ခဲ့ပါတယ်။

ပြည်သူ့ပါတီ မန္တလေးတိုင်း ဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ ဒုဥက္ကဋ္ဌ ဒေါက်တာ အောင်စိုးမြင့်၊ အတွင်းရေးမှူး ဦးခင်မောင်ထွန်းတို့အပြင် စည်းရုံးရေးမှူး ဦးစိန်လင်း (ခ) စိန်ငယ်လေးနဲ့ မြို့နယ် EC တချို့လည်း နုတ်ထွက်ကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီကဖွဲ့စည်းထားတဲ့ UECနဲ့ တွေ့ဆုံပွဲ တက်ရေး၊မတက်ရေးနဲ့ပတ်သက်လို့ ပြည်သူ့ပါတီခေါင်းဆောင်းပိုင်းကြား သဘောထားကွဲလွဲမှုတွေ ရှိတယ်လို့ ပါတီဒုဥက္ကဋ္ဌ ဦးမင်းဇေယျက ‌‌ပြောပါတယ်။

အစည်းအဝေးမတက်လိုက်ရတဲ့အတွက် အသေးစိတ် မသိရသေးဘူးလို့ဆိုပါတယ်။ လာမယ့် ၂၁ရက်နေ့မှာ နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံဖို့ စစ်ကောင်စီရဲ့ကော်မရှင်က ဖိတ်ကြားထားတာပါ။

ဒါကြောင့် မေလ ၁၇ရက်နေ့မှာတော့ အဲဒီတွေ့ဆုံဆွေးနွေးပွဲကို တက်ရေး မတက်ရေးနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြတာဖြစ်ပြီး ပါတီခေါင်းဆောင်တွေကြား အမြင်မတူမှုဖြစ်ပေါ်ခဲ့တာပါ။

ပါတီဥက္ကဋ္ဌဦးကိုကိုကြီးကို ဒီအခြေအနေနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ပေမယ့် ဖြေဆိုဖို့ငြင်းဆန်ခဲ့ပါတယ်။ ထို့အတူ စစ်ကောင်စီအောက်က ကော်မရှင်နဲ့ သွားတွေ့မတွေ့ဆိုတဲ့အပေါ် စောင့်ကြည့်ဖို့သာ ဦးမင်းဇေယျကပြောဆိုပါတယ်။

နောက်ဆက်တွဲအနေနဲ့ပါတီရဲ့အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ ဦးရဲနိုင်အောင်လည်း ဒီနေ့မှာ နုတ်ထွက်ခဲ့ပါတယ်။ နုတ်ထွက်တာနဲ့ပတ်သက်လို့ ဦးရဲနိုင်အောင်က ပါတီကိုပဲမေးမြန်းဖို့ ပြောဆိုပါတယ်။

8 months Ago
More News
Up