ပြည်သူများကိုထပ်မံဖမ်းဆီး

March 23, 2021

တောင်ကြီး၌ အကြမ်းဖက်ရဲနှင့်စစ်တပ်က ၅ နှစ်ကလေးငယ်အပါအဝင် ပြည်သူများကို ထပ်မံဖမ်းဆီး

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမှာ အကြမ်းဖက်စစ်အာဏာရှင်ရဲ့ စစ်တပ်နဲ့ရဲတွေက ပြီးခဲ့တဲ့ရက်ပိုင်းက လူနေအိမ်နဲ့ရပ်ကွက်ထဲ ဝင်ရောက်ရမ်းကားပြီးတဲ့နောက် ဒီကနေ့မနက်က ရတနာသီရိရပ်ကွက်ထဲမှာ ပြည်သူတွေကို ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ 

အဖမ်းခံရသူတွေမှာ အငြိမ်းစားကျောင်းဆရာမ ၁ ဦး၊  ဆရာမရဲ့သမီး၊ အိမ်မှာ လာတည်းတဲ့ ဧည့်သည်သားအမိနဲ့ ဆိုင်ကယ်ပြင်ဆိုင်က အလုပ်သမားတွေဖြစ်တယ်လို့ တောင်ကြီး ဒေသခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

“ကနေ့မနက်က ရတနာသီရိရပ်ကွက်ထဲမှာရှိတဲ့ ဆိုင်ကယ်ပြင်ဆိုင်က အလုပ်သမားတွေ ရော၊ အဲဒီဆိုင်ကို ငှားထားတဲ့ ပိုင်ရှင်သားအမိကိုပါ ဖမ်းသွားတယ်။ ဆိုင်ငှားထားတဲ့ ပိုင်ရှင်က အ ငြိမ်းစားကျောင်းဆရာမကြီးဖြစ်ပြီး မဟော်သဓာကိုယ်ပိုင်ကျောင်းမှာ စာသင်နေတယ်လို့ သိရတယ်။ သူတို့ဆီမှာ လာတည်းတဲ့ သားအမိပါရောပြီး အဖမ်းခံရတယ်။ စုစုပေါင်း ၆ ယောက်ပေါ့။ ကလေး လေးက ၅ နှစ်ပဲရှိသေးတယ်။ ကလေးကတော့ အခု ပြန်လွှတ်လာပါပြီ၊ ဘာကြောင့်ဖမ်းလဲဆိုတာ သေချာတော့မသိဘူး။ ဒါပေမဲ့ သူတို့ဆိုင်က တာယာအဟောင်းတွေကို ဆန္ဒပြသူတွေ အကာအရံလုပ်ဖို့ ပေးလိုက်တာကြောင့် လာဖမ်းတာလို့လည်းပြောနေကြပါတယ်။”  

ဒါ့အပြင် တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် ကန်ကြီးရွာ စောစီရွာတွေဘက်မှာလည်း ပေါ်တာလိုက်ဆွဲနေကြောင်း၊ ဘာလုပ်ဖို့ ပေါ်တာဆွဲတာတော့မသိဘဲ လူငယ်တွေကို ခေါ်သွား တာလို့ သူကဆက်ပြောပါတယ်။ 

“လိုက်ဖမ်းတာကိုတော့ ကိုယ်တိုင်မမြင်ပါဘူး၊ ဒါပေမယ့် မြို့ထဲမှာအဲဒီလိုပဲ တဆင့်စကား တဆင့်နားကြားနေရတာလေ၊  ကျောင်းကြီးစုရပ်ဘက်မှာတော့ အပြစ်ရှိလို့ လိုက်ဖမ်းတာ မ ဟုတ်ဘဲ ပေါ်တာဆွဲတာလို့လည်း ကြားတယ်”

တောင်ကြီးက ဘုန်းကြီးကျောင်းနဲ့ ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေမှာ အကြမ်းဖက်စစ်တပ်က လာရောက်တပ်စွဲထားပေမယ့် ပစ်ခတ်တာတော့မရှိကြောင်း၊ ရပ်ကွက်ထဲမှာ လာပြီးတပ်စွဲတာဟာ ပြည်သူတွေကို လုံခြုံမှုကင်းမဲ့စေတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။ 

“ကနေ့မနက် ချမ်းမြသာစည်ရပ်ကွက်အုပ်ချုပ်ရေးရုံးမှာ လာပြီးစခန်းချတယ်၊ ပြီးတော့ ရတနာသီရိရပ်ကွက်အုတ်ဖိုကျောင်းမှာရောပဲ၊ သူတို့က ၂ ရက်နေမယ်လို့ ပြောတယ်။ ဒါပေမယ့် ကြောက်တာပေါ့နော်၊ အခုစစ်သားတွေက ကြောက်စရာလူတွေဖြစ်နေပြီ။”

မြို့ထဲမှာ စစ်တပ်က လာရောက်နေရာချထားပေမယ့် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြ မှုကို ဆက်လုပ်နေပြီး  ထိပ်တိုက်မတွေ့အောင် ရှောင်သွားကြတဲ့အတွက် ဒီကနေ့ တောင်ကြီး သပိတ်ဖြိုခွဲတာမရှိဘူးလို့ ဆိုပါတယ်။ 

ရတနာသီရိရပ်ကွက်ထဲမှာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကလည်း အကြမ်းဖက်ရဲနဲ့စစ်တပ်က လူဝင်ဖမ်းပြီး ရာဘာကျည်နဲ့ ပစ်ခတ်ရမ်းကားခဲ့ပါတယ်။ 

အဆိုပါ ချမ်းမြသာစည်၊ ရတနာသီရိ၊ အုတ်ဖိုစတဲ့ရပ်ကွက်ကလူတွေဟာ ယခင်နေ့တွေက သပိတ်စစ်ကြောင်းထဲပါဝင်ခဲ့သလို ညစဉ်ဖယောင်းတိုင်ထွန်းညှိပြီးတော့လည်း ထိုင်သပိတ်လုပ်ခဲ့ပါတယ်။ 

တောင်ကြီးမှာ လက်နက်မဲ့ ဆန္ဒပြပြည်သူတွေကို စစ်အာဏာရှင်ရဲ့ စစ်တပ်နဲ့ရဲတွေက ပြီးခဲ့တဲ့ရ က်ပိုင်းကတည်းက အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုတွေ ဖမ်းဆီးမှုတွေ ဆက်တိုက်ပြု လုပ်နေတာပါ။

9 months Ago
Up