ပြည်သူနှင့်အတူရပ်တည်မည်

February 3, 2021

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး ပြည်သူနှင့်အတူရပ်တည်မည်ဟု NLD လွှတ်တော် ကိုယ်စားလှယ်များ ကြေညာ

စစ်အာဏာသိမ်းတာကို ဆန့်ကျင်ပြီး ဒီမိုကရေစီအရေးအတွက် ပြည်သူနဲ့ အတူ ရပ်တည်သွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေက သဘောထားထုတ်ပြန်လိုက်ပါတယ်။

နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာရှိနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ စုပေါင်းပြီး  ဒီကနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့ ရက်စွဲနဲ့  လက်မှတ်ရေးထိုး သဘောထား ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ပြည်သူ့ဆန္ဒမဲနဲ့ ရွေးကောက်တင်မြှောက် တာဝန်ပေးအပ်ခံထားရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေဖြစ်တာနဲ့အညီ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ပြီး ဒီမိုကရေစီ အရေး၊ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးနဲ့ အကျိုးစီးပွားအပေါ် သစ္စာစောင့်သိကာ ပြည်သူနဲ့ အတူ ရပ်တည်သွားမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် ဖမ်းဆီးထားသူတွေကို အမြန်ဆုံးနဲ့ ချွင်းချက်မရှိလွှတ်ပေးဖို့ ၊ ၂၀၂၀ ရွေးကောက်ပွဲရဲ့ အတည်ပြုပြီးဖြစ်တဲ့ ရလဒ်ကို လေးစား လိုက်နာပြီး လွှတ်တော် ဥက္ကဋ္ဌတွေက စနစ်တကျစီမံ ဆောင်ရွက်ထားတဲ့ တတိယအကြိမ် လွှတ်တော် အစည်းအဝေးတွေ ဆက်လက်ခေါ်ယူပေးရေး လုပ်ငန်းစဉ်ကို ဟန့်တားပိတ်ဆို့မှုတွေ ရပ်ဆိုင်းဖို့ တောင်းဆိုပါတယ်။

ရွေးကောက်ခံ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးကတည်းက နေပြည်တော်ရှိ စည်ပင်ဧည့်ရပ်သာမှာ တားဆီး  ပိတ်ပင်ခံထားရတာဖြစ်ပါတယ်။ 

2 years Ago
Up