ပြည်သူက ဖမ်းဆီး

February 28, 2021

မန္တလေး ဆန္ဒပြလူထုကို ဝင်တိုက်ရန် ကြိုးစားသည့် ရဲကားကို ပြည်သူက ဝိုင်းဝန်းဖမ်းဆီး

မန္တလေးမြို့၊ ၆၂ လမ်းပေါ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြဖို့ လူစုနေတဲ့ သပိတ်စစ်ကြောင်းတွေကို ဝင်တိုက်ဖို့ ကြိုးစားတဲ့ ရဲကားကို ပြည်သူတွေက ဝိုင်းဝန်း ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

မန္တလေး အခြေစိုက် ဒီဗွီဘီသတင်းထောက်က “မနက်ခင်းပိုင်းက ခုတင် ၃၀၀ ဆေးရုံးနားမှာ တိုက်ဖို့ ကြိုးစားပြီး မောင်းပြေးသွားတယ်။ လေးငါးပြလောက် အရောက်မှာ ဆန္ဒပြလူထုက ဝိုင်းဝန်းဖမ်းဆီးခဲ့တာ။ ရဲ ၅ ယောက်ပါတယ်။ ယူနီဖောင်းအပြည်နဲ့။ လက်နက်တွေလည်း ပါတယ်။ လူထုကို တိုက်ဖို့လုပ်တာ” လို့ ပြောပါတယ်။

လက်ရှိမှာ ပြည်သူတွေ ဝိုင်းဝန်းဖမ်းဆီးထားတဲ့  ရဲကားနဲ့ ရဲသားတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ပြန်ယူဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

မန္တလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီနေ့မနက် ဆန္ဒပြသပိတ်စစ်ကြောင်းတွေကို ရဲနဲ့စစ်တပ်က သေနတ်နဲ့ ပစ်ခတ်လူစုခွဲနေတယ်လို့ သတင်းထောက်က ပြောပါတယ်။

ဓာတ်ပုံ - ထိန်ထိန်လင်း

9 months Ago
Up