ပြည်ဝင်ခွင့် တားမြစ်

February 15, 2020

သီရိလင်္ကာကာကွယ်ရေးဦးစီးချုပ်ကို အမေရိကန်အစိုးရ ပြည်ဝင်ခွင့် တားမြစ်

သီရိလင်္ကာပြည်တွင်းစစ်ကာလမှာ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ကာကွယ်ရေးဦးစီးချုပ် ရှာဗန်ဒရာဆီဗာကို အမေရိကန်အစိုးရက ဖေဖော်ဝါရီ ၁၄ ရက်မှာ  ပြည်ဝင်ခွင့် တားမြစ်လိုက်ပါတယ်။  ပြည်တွင်းစစ်ကာလအတွင်း တရားလက်လွတ် သတ်ဖြတ်မှုတွေမှာ ပါဝင်ပတ်သက်ခဲ့တဲ့ အတွက် ကာကွယ်ရေးဦးစီးချုပ် ဆီဗာကို အမေရိကန် ပြည်ဝင်ခွင့် တားမြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေယိုက တွစ်တာမှာ ရေးသားခဲ့ပါတယ်။ အမေရိကန်အစိုးရ ဒဏ်ခတ်မှုတွေက ကာကွယ်ရေးဦးစီးချုပ် ဆီဗာနဲ့ မိသားစုဝင်တွေကို ပြည်ဝင်ခွင့် တားမြစ်ထားတာပါ။ သီရိလင်္ကာ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အမေရိကန် အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ပြန်သုံးသပ်ဖို့ တိုက်တွန်းလိုက်ပြီး ကာကွယ်ရေးဦးစီးချုပ် လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတဲ့  သက်သေအထောက်အထား မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ ပြိးခဲ့တဲ့နှစ် သြဂုတ်လက ဆီဗာကို သီရိလင်္ကာ ကာကွယ်ရေးဦးစီးချုပ် ခန့်အပ်ခဲ့ပြီး အဲဒီခန့်အပ်မှုအပေါ် အမေရိကန်နဲ့ ကုလသမဂ္ဂတို့က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ ၂၆ နှစ်ကြာ သီရိလင်္ကာ ပြည်တွင်းစစ်ရဲ့ နောက်ဆုံးကာလတွေမှာ ဆီဗာဟာ တမီလ် ကျားသူပုန်တွေကို တိုက်တဲ့ တပ်မတခုကို ဦးစီးခဲ့ပါတယ်။ ပြည်တွင်းစစ်ရဲ့ နောက်ဆုံးကာလတွေမှာ အစိုးရ ကြေညာထားတဲ့ စစ်မဲ့ဇုန် အပါအဝင် နေရာအတော်များများ အမြောက်ပစ်ခတ်ခံရပြီး ထောင်နဲ့ချီတဲ့ အရပ်သားတွေ သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
1 year Ago
Up