ပြည်ဝင်ခွင့်ဗီဇာ

April 26, 2020

နိုင်ငံခြားသားများအား ပြည်ဝင်ခွင့်ဗီဇာအားလုံး ယာယီရပ်ဆိုင်းထားမှု မေ ၁၅ ရက်အထိ တိုးမြှင့်

COVID-19 ကာကွယ်ထိန်းချုပ်ရေးနဲ့ မြန်မာနိုင်ငံလာရောက်တဲ့ နိုင်ငံခြားသားတွေအား ပြည်ဝင်ခွင့်ဗီဇာအားလုံး ယာယီရပ်ဆိုင်းထားတာကို မေ ၁၅ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ COVID-19 ကူးစက်ရောဂါ ပြည်ပကနေ ဝင်ရောက်လာနိုင်တာနဲ့ ကူးစက်ပြန့်ပွားတဲ့ အန္တရာယ်ကနေ ကာကွယ်စောင့်ရှောက်ပေးနိုင်ဖို့အတွက် ထိရောက်တဲ့ အစီအမံတွေကို ဆက်လက်ချမှတ် ဆောင်ရွက်နိုင်ဖို့အတွက်လို့ ဧပြီ ၂၅ ရက်က ထုတ်ပြန်လိုက်တာပါ။ မြန်မာနိုင်ငံကို ဆိုက်ရောက်မယ့် ခရီးသည်တင်လေကြောင်းလိုင်းတွေကိုလည်း လာမယ့် မေ ၁၅ ရက်အထိ ဆိုက်ရောက်ခွင့်မပြုဘူးလို့ လေကြောင်းညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးကနေ မြန်မာနိုင်ငံကို လာရောက်ကြမယ့် ခရီးသွားတွေအပေါ် ဧပြီ ၃၀ ရက်အထိ ပြည်ဝင်ခွင့် ယာယီကန့်သတ်ချက်တွေ ကို ထပ်မံတိုးမြှင့်လိုက်တာပါ။ မြန်မာနိုင်ငံကို လာရောက်ကြတဲ့ ခရီးသွားတွေအပေါ် ထပ်တိုးကန့်သတ်ချက်တွေ၊ ဆိုက်ရောက် ဗီဇာနဲ့ အီလက်ထရောနစ်ဗီဇာ ထုတ်ပေးတာတွေကို ယာယီရပ်ဆိုင်းဖို့အတွက် မတ် ၂၀ ရက်မှာ ကြေညာခဲ့ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံကို လာရောက်ကြမယ့် နိုင်ငံခြားသားတွေကို ဗီဇာကင်းလွတ်ခွင့်နဲ့ လူမှုရေးဗီဇာ အပါအဝင် ဘယ်ပြည်ဝင်ဗီဇာအမျိုးအစားကိုမဆို ယာယီရပ်ဆိုင်းတဲ့အကြောင်း မတ် ၂၈ ရက်မှာ ထပ်ပြီး ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံသားတွေ အပါအဝင် မြန်မာနိုင်ငံကို လာရောက်ကြမယ့် ခရီးသွားအားလုံးအနေနဲ့ မြန်မာနိုင်ငံကို ရောက်ရှိတဲ့အချိန်ကစလို့ သတ်မှတ်နေရာတွေမှာ ၂၁ ရက်ကြာ အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုခံတာနဲ့ ကိုယ့်ရဲ့နေအိမ်မှာ ၇ ရက်ကြာ သီးခြားနေထိုင်တာတို့ကို လိုက်နာဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
1 year Ago

March 29, 2020

မြန်မာနိုင်ငံ လာမည့် နိုင်ငံခြားသားများကို ပြည်ဝင်ခွင့်ဗီဇာ ယာယီပိတ်

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကာကွယ်နိုင်ရေးအတွက် ကမ္ဘာ့နိုင်ငံအားလုံးကနေ မြန်မာနိုင်ငံကို လာရောက်မယ့် နိုင်ငံခြားသားတွေကို ဒီနေ့ကစပြီး ပြည်ဝင်ခွင့်ဗီဇာတွေ ပိတ်လိုက်ပြီလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒီနေ့မနက်အစောပိုင်းကနေ စပိတ်တာဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ သံတမန်တွေ၊ မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းတွေက ဝန်ထမ်းတွေနဲ့ မြန်မာနိုင်ငံနဲ့ အပြန်အလှန် ပြေးဆွဲနေတဲ့ လေယာဉ်တွေ၊ သင်္ဘောတွေက လေယာဉ်မှူး/သင်္ဘောအရာရှိတွေ၊ တာဝန်ရှိ အမှုထမ်းတွေကလွဲလို့ လူမှုရေးဗီဇာ အပါအဝင် ဘယ်လို ပြည်ဝင်ဗီဇာ ထုတ်ပေးတာကိုမဆို ယာယီရပ်ဆိုင်းတယ်လို့ ဆိုပါတယ်။ အာဆီယံနိုင်ငံတွေ အပါအဝင် မြန်မာနိုင်ငံနဲ့ နှစ်နိုင်ငံ ပြည်ဝင် ဗီဇာကင်းလွတ်ခွင့်ပြုထားတဲ့ နိုင်ငံအားလုံက သံတမန် နိုင်ငံကူးလက်မှတ်နဲ့ အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတွေကလွဲပြီး တခြားသူအားလုံးကို ဗီဇာကင်းလွတ်ခွင့် ယာယီ ရပ်ဆိုင်းလိုက်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ သံတမန်‌တွေ၊ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေက ဝန်ထမ်းတွေအနေနဲ့ မြန်မာနိုင်ငံကို လာရောက်မယ့် နေ့ရက်မတိုင်မီနဲ့ လေယာဉ်တွေပေါ် မတက်ခင် အသိအမှတ်ပြုဓာတ်ခွဲခန်းက လွန်ခဲ့တဲ့ ၇၂ နာရီ မတိုင်ခင်က ရထားတဲ့ COVID-19 ရောဂါကင်းရှင်းကြောင်း ဆေးစစ်ချက် အထောက်အထား ပြသဖို့ လိုအပ်ပါတယ်။ သူတို့အနေနဲ့ သက်ဆိုင်ရာနိုင်ငံမှာရှိတဲ့ မြန်မာသံရုံး/အဖွဲ့ရုံး/ကောင်စစ်ဝန်ချုပ်ရုံးတို့ကတဆင့် ပြည်ဝင်ဗီဇာ လျှောက်ထားရယူနိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံကို စရောက်ချိန်ကစလို့ အိမ်တွေမှာ ၁၄ ရက် သီးသန့်နေထိုင်စောင့်ကြည့်တာ (Home Quarantine) လုပ်သွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ အပြန်အလှန် ပြေးဆွဲနေတဲ့ လေယာဉ်တွေ၊ သင်္ဘောတွေက တာဝန်ရှိသူတွေ အနေနဲ့လည်း ပြည်ပနိုင်ငံတွေမှာရှိတဲ့ သက်ဆိုင်ရာ မြန်မာသံရုံး/အဖွဲ့ရုံး/ကောင်စစ်ဝန်ချုပ်ရုံးတို့က တဆင့် ပြည်ဝင်ဗီဇာ လျှောက်ထားရယူနိုင်မှာ ဖြစ်သလို ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက နောက်ဆုံးထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေ၊ ညွှန်ကြားချက်တွေနဲ့အညီ တိတိကျကျ လိုက်နာ ဆောင်ရွက်သွားရမယ်လို့ ဆိုပါတယ်။ ပြီးတော့ ပြည်ပနိုင်ငံအသီးသီးက ခရီးသွားတွေအနေနဲ့ မလွှဲမရှောင်သာ ကိစ္စရပ်ကြောင့်ဖြစ်ဖြစ်၊ အရေးပေါ်တာဝန်နဲ့ဖြစ်ဖြစ် မြန်မာနိုင်ငံကို လာရောက်ဖို့ရှိတယ် ဆိုရင်လည်း ပြည်ဝင်ဗီဇာ ကန့်သတ်တာတွေကနေ ကင်းလွတ်ခွင့်ရဖို့ ပြည်ပနိုင်ငံတွေမှာရှိတဲ့ အနီးဆုံး မြန်မာသံရုံး/အဖွဲ့ရုံး/ကောင်စစ်ဝန်ချုပ်ရုံးတို့ကို ဆက်သွယ်အကူအညီတောင်းခံနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ၈ ဦးရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
1 year Ago
More News
Up