ပြည်လုံးကျွတ် သပိတ်

November 13, 2019

ချီလီနိုင်ငံတွင် ပြည်လုံးကျွတ် သပိတ် စတင်ဆင်နွှဲ

ချီလီနိုင်ငံမှာ ဝင်ငွေမညီမျှတာနဲ့ လူနေမှုစရိတ် မြင့်တက်တာတွေကြောင့်  ပြည်သူတွေဟာ အောက်တိုဘာ ၁၂ ရက်နေ့ကလည်း လမ်းမတွေပေါ်မှာ စုဝေး ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ တလလောက်ရှိပြီဖြစ်တဲ့ ကြမ်းတမ်းတဲ့ ဆန္ဒပြပွဲတွေအတွင်း ရုန်းရန်းဆန်ခတ်မှုတွေ၊ မီးရှို့မှုတွေနဲ့ လုယက်မှုတွေ ဖြစ်ခဲ့ပြီး လူပေါင်း အယောက် ၂၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် အများဆိုင်အခြေခံအဆောက်အအုံတွေနဲ့ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေလည်း တန်ဖိုး ဒေါ်လာဘီလီယံချီ ပျက်စီးဆုံးရှုံး ခဲ့ရပါတယ်။ ဆန္ဒပြသူတွေထဲက တချို့ကတော့ မြေအောက်ရထားဘူတာရုံတွေကို ဖျက်ဆီးပြီး ဘတ်စ်ကားတွေကိုလည်း မီးရှို့ခဲ့ကြတာပါ။ မနေ့မနက်ကတော့ အစိုးရ ဝန်ထမ်းတွေနဲ့ သတ္တုတွင်းလုပ်သားတွေဟာ လမ်းမတွေပေါ်ကို ချီတက်လာကြပြီး ပြည်လုံးကျွတ် သပိတ်ကြီးကို စတင်ဆင်နွှဲခဲ့ကြပါတယ်။ အာဏာရှင်ခေတ်က ရေးဆွဲခဲ့တဲ့ တိုင်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်ပြင်မယ် ဆိုတဲ့ ချီလီအစိုးရရဲ့ ဆုံးဖြတ်ချက်ကိုလည်း မကျေနပ်ဘူးလို့ ဆန္ဒပြသူတွေက  ပြောပါတယ်။ ဆန္ဒပြပွဲမှာ ကုန်တင်ကားမောင်းသူတွေလည်း ပါဝင်ဆင်နွှဲခဲ့ကြပြီး မြို့တော် ဆန်တီယာဂိုကို ဆက်သွယ်ထားတဲ့ အဓိက အဝေးပြေးလမ်းမကြီးတွေကို ပိတ်ဆို့ခဲ့တာကြောင့်  ဗာလ်ပါရိုင်ဆိုမြို့ အခြေစိုက်လွှတ်တော်ကိုလည်း တရက်ကြာ ပိတ်ထားခဲ့ရပါတယ်။ ချီလီနိုင်ငံမှာ အများပြည်သူ သယ်ယူပို့ဆောင်ရေးစရိတ်၊ လူနေမှု ကုန်ကျစရိတ် မြင့်တက်တာ၊ ဝင်ငွေ မညီမျှတာနဲ့ အစိုးရရဲ့ အကျင့်ပျက် ခြစားမှုတွေကြောင့် အောက်တိုဘာလလယ်ကတည်းက လူထုအုံကြွမှုတွေ ပေါ်ပေါက်လာခဲ့ပြီး အခုချိန်ထိ အရှိန်ကောင်းနေဆဲ ဖြစ်ပါတယ်။
2 years Ago
Up