ပဲခူးတိုင်း၊ ပြည်မြို့အခြေစိုက် ဒီဗွီဘီ သတင်းထောက်ကိုမင်းညိုကို ဒီနေ့ မတ်လ ၃ ရက် နေ့လယ်ပိုင်းက ပြည်မြို့ နာရီစင်နားမှာ ရဲတပ်ဖွဲ့က အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးသွားပါတယ်။
ဒီနေ့ပြည်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်မစခင်မှာ ရဲအင်အား၊ စစ်သားအင်အားအများအပြားနဲ့ လာရောက်ခဲ့ပြီး သပိတ်ကို ဖြိုခွဲခဲ့တယ်လို့ သိရပါတယ်။
သတင်းထောက် ကိုမင်းညိုနဲ့ ဆန္ဒပြသူ တချို့ဟာ အနီးနားမှာရှိတဲ့ အိမ်တအိမ်မှာ ဝင်ရောက်ပုန်းခိုနေတုန်း အိမ်တံခါးကို အတင်းတွန်းဝင်လာပြီး အိမ်ပေါက်ဝ အရှေ့ဆုံးမှာ ရှိနေတဲ့ ကိုမင်းညိုကို ရိုက်နှက် ခေါ်ဆောင်သွားတယ်လို့ မျက်မြင်တယောက်က ပြောပါတယ်။ နဖူးကိုရိုက်တာ ပေါက်သွားပြီး မျက်နှာမှာလည်း သွေးအပြည့် တွေ့ရတယ်လို့ ပြောပါတယ်။
အချုပ်ကားပေါ် ရောက်နေချိန်မှာ ကိုမင်းညို ကိုယ်တိုင် မိသားစုဆီ ဖုန်းဆက်ပြီး သူ့ကိုခေါ်သွားကြောင်း အကြောင်းကြားခဲ့ပါတယ်။
ဒီဗွီဘီ သတင်းထောက် ကိုမင်းညိုနဲ့အတူ ဆန္ဒပြနေတဲ့ ပြည်သူ ၂ ယောက်ကိုလည်း ရိုက်နှက်ဖမ်းဆီးပြီး ကားပေါ်တင်သွားတာကို တွေ့လိုက်ကြောင်း ဆန္ဒပြပွဲနေရာကို ရောက်နေသူ တယောက်က ပြောပါတယ်။
ပြည်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သူတွေကို ပစ်ခတ်ဖြိုခွင်းခံရပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။
သေနတ်ပစ်သံအချက် ၆၀ လောက်ကြားရပြီး လူနှစ်ယောက် လဲကျနေတာတွေ့လို့ လူမှုကူညီရေးအသင်းက သွားရောက်သယ်ဆောင်ပြီး ဆေးရုံပို့ပေးခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာရသူ နှစ်ယောက်ထဲက ကိုဇေယျာမြင့်ကတော့ (သတင်းထောက် - မြေလတ်အသံနဲ့ ကရုဏာသိဒ္ဓိသာရေးနာရေးအသင်း) လည်ပင်းနဲ့ မျက်နှာ ရာဘာကျည်ထိမှန်ခဲ့ဒဏ်ရာရခဲ့ကာ နောက်တစ်ဦးကတော့ မီးလောင်ဗုံးထိမှန်ဒဏ်ရာရတာဖြစ်ပြီး ထိခိုက်သူနှစ်ဦးစလုံးကို ပြည်မြန်မာဆေးရုံကို ပို့ဆောင်ထားပါတယ်။