ပြည်ပနိုင်ငံ

July 25, 2020

ပြည်ပနိုင်ငံများမှ ပြန်ခေါ်ခဲ့သည့် မြန်မာနိုင်ငံသား ၈၅၅၆ ဦးရှိပြီ

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသမှာ အခက်အခဲကြုံတွေ့နေရတဲ့ သင်္ဘောသားတွေ အပါအဝင် မြန်မာနိုင်ငံသား ၂၅ ဦး မနေ့ညက ပြန်ရောက်လာပြီး စုစုပေါင်း ပြည်ပနိုင်ငံအသီးသီးကနေ မြန်မာ ၈၅၀၀ ကျော်ကို ပြန်ခေါ်ပြီးပြီလို့ သိရပါတယ်။ ကိုဗစ်-၁၉ ကြောင့် မြန်မာနိုင်ငံကို ပျံသန်းပြေးဆွဲတဲ့ လေကြောင်းခရီးစဉ်တွေ ယာယီရပ်ဆိုင်းမှုကြောင့် ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသမှာ ဆိုက်ကပ်ထားတဲ့ ဂရိ သင်္ဘောကုမ္ပဏီ SEA Traders S.A ကုမ္ပဏီပိုင် MV LIMNOSသင်္ဘောပေါ်မှာ တာဝန်ပြီးဆုံးပြီး မြန်မာနိုင်ငံ ပြန်ဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာသင်္ဘောသား ၂၂ ဦးနဲ့ ပညာသင်ကာလပြီးဆုံးတဲ့ မြန်မာကျောင်းသား ၃ ဦး စုစုပေါင်း ၂၅ ဦးအား မြန်မာအမျိုးသားလေကြောင်း လိုင်းစင်းလုံးငှား အထူးလေယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်ခဲ့ပြီး ဇူလိုင် ၂၄ ရက်ညက ရန်ကုန်လေဆိပ်ကို ပြန်လည်ရောက်ရှိခဲ့ကြပါတယ်။ သူတို့ကို ၂၁ ရက်တာ အသွားအလာ ကန့်သတ်နေထိုင်ရေး စီစဉ်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ နိုင်ငံတကာ ခရီးသည်တင်လေယာဉ်များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားတာကြောင့် ပြည်ပ နိုင်ငံအသီးသီးမှာ ပိတ်မိ အခက်အခဲကြုံတွေ့နေကြတဲ့ မြန်မာနိုင်ငံသားတွေကို  ပြန်လည်ခေါ်ဆောင်ခဲ့တာ စုစုပေါင်း ၈၅၅၆ ဦးရှိပြီလို့  သိရပါတယ်။
11 months Ago

March 29, 2020

ပြည်ပနိုင်ငံက ပြန်လာသူများအား မအူပင် အထက်တန်းကျောင်းတွင် စောင့်ကြည့်မည်ကို ကန့်ကွက်ဆန္ဒပြ

ဧရာဝတီတိုင်း မအူပင်မြို့မှာ ပြည်ပနိုင်ငံက ပြန်လာသူတွေကို အထက်တန်းကျောင်းမှာ ထားပြီး စောင့်ကြည့်မှာကို လူ ၃၀၀ ကျော်က မနေ့ညပိုင်းမှာ ကန့်ကွက် ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။ ဆန္ဒဖော်ထုတ်သူတွေက မအူပင်မြို့ ရွှေဘုန်းမြင့်ဘုရားအနောက်ကနေ အမှတ် ၆ ရပ်ကွက်မှာရှိတဲ့ ပြန်လာသူကို စောင့်ကြည့်ဖို့ထားမယ့် အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းရှေ့ထိ ဆိုင်းဘုတ်တွေ ကိုင်ဆောင် လမ်းလျှောက်ဆန္ဒပြခဲ့တာပါ။ မအူပင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်သန်းဝင်းက “ညက ဆန္ဒပြတာ မှန်ပါတယ်၊ ခုတော့ ဦးဆောင်တဲ့သူကို ရဲစခန်းမှာ ငြိမ်းစုစီဥပဒေနဲ့ အမှုဖွင့်ထားပါပြီး၊ တရားဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမှာပါ”လို့ ဒီဗွီဘီကိုပြောပါတယ်။ ကန့်ကွက်တာကို ဦးဆောင်ခဲ့တဲ့ ဦးမင်းဇော်ကို မအူပင်မြို့မရဲစခန်းမှာ (ပ) ၄၁၈/၂၀၂၀၊ ငြိမ်းစုစည်းဥပဒေ ပုဒ်မ ၁၉ နဲ့ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။ မတ်လ ၂၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့အစည်းအဝေးမှာ  မအူပင်ခရိုင်ထဲမှာ ပြည်ပနိုင်ငံတွေက ပြန်လာသူ ၄၈၆ ယောက်ရှိပြီး လက်ရှိအချိန်မှာ ကျေးရွာတွေက စာသင်ကျောင်းတွေမှာ စောင့်ကြည့်ထားတဲ့ လူဦးရေ ၂၅ ယောက်ရှိတယ်လို့ ဧရာဝတီတိုင်း အစိုးရအဖွဲ့ရဲ့ မတ် ၂၈ ရက်မှာလုပ်တဲ့ အစည်းအဝေးကနေ သိရပါတယ်။ မအူပင်မြို့၊ အမှတ် ၆ ရပ်ကွက် အထက ၁ စာသင်ကျောင်းမှာ ပြည်ပက ပြန်လာတဲ့သူတွေကို ထားရှိဖို့စီစဉ်ထားပေမယ့် လက်ရှိအချိန်မှာ မထားသေးဘဲ ဆန္ဒပြခဲ့သူတွေ ပြောသလို သံသယလူနာတွေကို ထားမှာမဟုတ်ဘဲ ပြည်ပကပြန်လာတဲ့သူတွေကို ၁၄ ရက် စောင့်ကြည့်သွားမယ်လို့ ကျန်းမာရေးဌာနက တာဝန်ရှိသူက ပြောပါတယ်။ မင်းထက်မုန်း (ပုသိမ်)
1 year Ago
Up